လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုပဲသိပြီး အမည်၊ နေရပ်လိပ်စာ ဘာသဲလွန်စတစ်ခုမှ မရှိတဲ့ အွန်လိုင်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ဖို့ ရဲတပ်ဖွဲ့တစ်ခုလုံး ရက်အတော်ကြာ အတော်လေး ခေါင်းစားခဲ့ရပြီး နောက်ဆုံးမှာတော့ အွန်လိုင်းပေါ်ကပဲ ပြန်ထောင်ဖမ်းဖို့ ရဲအုပ်နေမျိုးလင်း ဆုံးဖြတ်လိုက်ပါတယ်။
''ဘယ်မှာရောက်နေမှန်းမသိတဲ့ ပြစ်မှုကျူးလွန်သူကို အွန်လိုင်းကနေပဲ ပြန်ရှာဖမ်းရတော့တယ်။ နည်းပညာရှင်တွေရဲ့ အကူအညီတွေတော့ ယူရတယ်။ ဖမ်းဆီးတဲ့အပိုင်းမှာ နည်းနည်းတော့ ဉာဏ်ကစား ရတဲ့အပိုင်းတွေရှိခဲ့တယ်'' လို့ နည်းပညာကိုအသုံးပြုဖို့ အကြံဉာဏ်ရခဲ့သူ ရဲအုပ်နေမျိုးလင်းက ဆိုပါတယ်။

အမှုဖြစ်စဉ်ကတော့ ယခုနှစ် မတ် ၅ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်က အရွယ်မရောက်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လူမှုကွန်ရက်ကနေ ချစ်ကြိုက်သူက ဟင်္သာတမြို့ကို ခေါ်သွားကာ သားမယားအဖြစ် ပေါင်းသင်းပြီးနောက် ရန်ကုန်ကို ထွက်မယ့်ကားပေါ်တင်ပေးပြီး ပြန်လွှတ်လိုက်တဲ့ ဖြစ်ရပ်ပါပဲ။ကောင်မလေးရဲ့ မိဘတွေက ယခုဖြစ်စဉ်ကို ဖော်ထုတ်ပေးဖို့ ရဲတပ်ဖွဲ့ကို တိုင်ကြားလာခဲ့တာမို့ အမည်မသိ နေရပ်လိပ်စာမသိ အွန်လိုင်းမုဆိုးကို ရှာဖွေဖမ်းဆီးဖို့ ရဲအုပ်နေမျိုးလင်းတို့ ရဲတပ်ဖွဲ့တစ်ခုလုံး ခေါင်းစားခဲ့ရတာ ဖြစ်ပါတယ်။
''ကျူးလွန်ခံရတဲ့ မိန်းကလေးက အသက်မပြည့်သေးဘူး။ ပြစ်မှုကျူးလွန်သူနဲ့ အွန်လိုင်းမှာ တွေ့တယ်။ ချစ်ကြောင်းကြိုက်ကြောင်းပြောဆိုပြီးတော့ သူက ဟင်္သာတက သူငယ်ချင်းအိမ်ကို ရန်ကုန်ကနေ ခေါ်လာတယ်။ သူငယ်ချင်းအိမ်မှာ သားမယားအဖြစ် နေထိုင်ပြီးတော့ ရန်ကုန်ကိုထွက်မယ့် ကားနဲ့ ပြန်တင်ပေးလိုက်တာ။ သူ (ပြစ်မှုကျူးလွန်သူ) သုံးခဲ့တဲ့ ဖေ့စ်ဘွတ်ခ်က ဓာတ်ပုံကိုယူပြီး အမျိုးသမီးတစ်ယောက်ကို အကူအညီတောင်းပြီး Viber ဖုန်းဖွင့်ခိုင်းပြီးတော့ အသွင်ယူစုံစမ်းခဲ့ရတယ်'' လို့ ရဲအုပ်နေမျိုးလင်းက ပြောပါတယ်။
ထိုအမှုကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်သူရှိနိုင်မယ့် နေရာအတိအကျရဖို့ ကျေးရွာလေးငါးရွာထက်မနည်း စုံစမ်းခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်သူဟာ အိမ်ထောင်သည်အမျိုးသား ဖြစ်နေပြီး အသွင်ယူစုံစမ်းခဲ့တဲ့ အမျိုးသမီးကို ဖြားယောင်းသွေးဆောင် ခေါ်ယူခဲ့ချိန်မှာ ချိန်းဆိုတဲ့နေရာကို ရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်သွားပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

''သူက အွန်လိုင်းသုံးပြီး ကောင်မလေးတွေကို ပြောဆိုဆက်သွယ်တာက လက်ရဲဇက်ရဲရှိတယ်။ အသွင်ယူတဲ့ ကောင်မလေးနဲ့ စကားပြော၊ အဆက်အသွယ်လုပ်ပြီးတဲ့အချိန်မှာ ရှေ့ကကောင်မလေးတွေလို ပြစ်မှုကျူးလွန်ဖို့ ချိန်းတယ်။ ချိန်းတဲ့နေရာရောက်တော့ သူက ရောက်မလာဘူး။ ကောင်မလေး လာမလာ စောင့်ကြည့်နေသေးတယ်။ အမျိုးသမီးတွေကို ဗိုက်ဘာကနေတစ်ဆင့် ချစ်ကြိုက်ကြောင်းပြောဆိုတဲ့သူ ဟုတ်၊ မဟုတ် တိုက်ဆိုင်စစ်ဆေးမှု လုပ်ပြီးတော့ နောက်ဆုံးဖမ်းဆီးခဲ့တာပါ'' လို့ အမှုဖော်ထုတ်ဖမ်းဆီးခဲ့သူ ရဲအုပ်နေမျိုးလင်းက ဆိုပါတယ်။
ယခုဖြစ်စဉ်လိုမျိုး အွန်လိုင်းကတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုမျိုး ၂ဝ၁၆ ခုနှစ်ကလည်း ဖြစ်ခဲ့သေးတယ်လို့ သူကဆိုပါတယ်။အဲဒီတုန်းက ဟင်္သာတမြို့ ချစ်သူလမ်းကြားမှာဖြစ်ပွားခဲ့တဲ့သုံးပွင့်ဆိုင်လူသတ်အလောင်းဖျောက်ဖျက်မှုကို ဆက်သွယ်ရေးဖုန်း ကွန်ရက်ကတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါ့ပြင် ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပဲခူးမြို့ ရပ်ကွက်ကြီး(၈) နရဏီသိမ်လမ်းဘေး ချုံတောအတွင်း ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်းနဲ့ ပတ်သက်ပြီး ဆက်လက်စစ်ဆေးခဲ့ရာမှာ အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ပြီးနောက် ချိန်းတွေ့စဉ် သားမယားပြုကျင့် သတ်ဖြတ်ခံရကြောင်း လူမှုကွန်ရက် ခြေရာခံမှုကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ထို့နည်းတူ ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က ရွှေကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အွန်လိုင်းပေါ်မှာ ချစ်ကြိုက်ပြီး အိမ်ကိုလာရောက်တည်းခိုခဲ့သူက အိမ်ရှင်အမျိုးသမီးကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတဲ့ အမှုကိုလည်း အွန်လိုင်းပေါ်ကပဲ သဲလွန်စရယူပြီး မတ် ၅ ရက်မှာ ရှမ်းပြည်နယ် သီပေါနဲ့ ညောင်ရွှေမြို့တွေမှာ တိမ်းရှောင်နေတဲ့ တရားခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

''အမှုအများစုကတော့ နည်းပညာရှင်အကူအညီနဲ့ ဉာဏ်ကစားပြီး ဖော်ထုတ်ခဲ့ရတယ်'' လို့ ရဲအုပ်နေမျိုးလင်းက ပြောပါတယ်။မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာထွန်းကာလာမှုက ၂ဝ၁၅ ခုနှစ်နောက်ပိုင်း ပိုမိုအရှိန်မြင့် အားကောင်းလာပြီးနောက် တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့ တစ်ယောက် အသံပဲကြားရတဲ့ စနစ်ကနေ ရုပ်ကိုပါမြင်ရတဲ့အထိ နည်းပညာတွေ တိုးတက်လာခဲ့ပါတယ်။ထိုနည်းပညာကို အကျိုးရှိရှိသုံးနေကြသူတွေနဲ့အပြိုင် ကိုယ်ကျိုးရှာအမြတ်ထုတ်သူတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ နည်းပညာထွန်းကားလာမှုနဲ့အတူ ကျွဲကူးရေပါဖြစ်လာတဲ့ အွန်လိုင်းလူမှုကွန်ရက် အသုံးပြုရင်း ကိုယ်ကျိုးရှာ အမြတ်ထုတ်သူတွေရဲ့ သားကောင်ဘဝကို ရောက်သွားတဲ့ ဖြစ်စဉ်မှတ်တမ်းတွေအရဆိုရင် ၂ဝ၁၃ ဇန်နဝါရီက ၂ဝ၁၈ နိုဝင်ဘာလအထိ အမှုပေါင်း ၁၅၄ မှု ရှိခဲ့ပါတယ်။ထိုအမှုဖြစ်စဉ်တွေကို သုံးသပ်ချက်အရလည်း ပြစ်မှုကျူးလွန်သူတွေဟာ နည်းပညာကို အသုံးချပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်သလို လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် နည်းပညာ ကျွမ်းကျင်မှု စိန်ခေါ်ချက်ကလည်း မြင့်မားလာခဲ့ပါတယ်။
အွန်လိုင်း လူမှုကွန်ရက် အသုံးပြုပြီး အများဆုံး ကိုယ်ကျိုးရှာအမြတ်ထုတ် ကျူးလွန်တဲ့ ပြစ်မှုတွေကတော့ ကာမလိမ်လည်ရယူတာ၊ အဓမ္မပြုကျင့်တာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ လူသတ်အလောင်းဖျောက်တာ စတဲ့ ပြစ်မှုတွေကနေ ငွေကြေးလိမ်လည်တာနဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ရေးသားမှုတွေထိ ရှိခဲ့ပါတယ်။
''ဆင်းကတ်ဖောင်းပွမှုက မသမာတဲ့ သူတွေကို အသုံးဝင်စေတယ်။ ဆင်းကတ်တစ်ကတ်ကို အကောင့်အများကြီးဖွင့်လို့ရတဲ့အပြင် ဂရုဖွဲ့ပြီးလည်း အသုံးပြုနိုင်တယ်။ ဒီလိုမျိုးတွေနဲ့ အွန်လိုင်း ကနေ ငွေကြေးလိမ်လည်မှုတွေ၊ ပြစ်မှုကျူးလွန်မှုတွေ ဖြစ်စေနိုင်တယ်။ မှတ်ပုံတင်မထားတဲ့ ဆင်းကတ်တချို့ အလွယ်တကူဝယ်ယူလို့ရနေတာကြောင့် နည်းပညာအပေါ်မှာ မရိုးမသားလုပ်ပြီး နည်းမျိုးစုံနဲ့ ပြစ်မှုကျူးလွန်ကြတယ်။ ပြစ်မှုကျူးလွန်ပြီးရင် ဆင်းကတ်က လွှင့်ပစ်လိုက်တော့ ဘယ်လိုက်ပြီး သဲလွန်စရှာလို့ရနိုင်မလဲ'' လို့ ကုမ္ပဏီတစ်ခုက အိုင်တီမန်နေဂျာ ကိုကျော်ဇေယျာလင်းက ပြောပါတယ်။
ယခုနှစ် ဧပြီလက စတင်ပြီး လူတစ်ဦးကို ဆင်းကတ်ရှစ်ကတ်သာ ကိုင်ဆောင်ခွင့်ရှိမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းကတ်တွေကို ပိတ်သိမ်းမှာဖြစ်တယ်လို့ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနက မတ်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့က မှုခင်းပြစ်မှုကျူးလွန်သူတွေရဲ့ ဖုန်းမှတ်တမ်းစာရင်း တောင်းခံမှု အကြိမ် ၁ဝဝ ကျော်ရှိခဲ့တယ်လို့ အော်ပရေတာတွေရဲ့ ထုတ်ဖော်ပြောဆိုမှုအရ သိရပါတယ်။
ဆင်းကတ် အသုံးပြုပြီး မှုခင်းဖြစ်ပွားမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတာဝန်ရှိသူတွေရဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား ပြမယ်ဆိုရင် ကူညီပေးလေ့ရှိပြီး ရဲတပ်ဖွဲ့က လာတောင်းခံတဲ့ အမှုအများစုကတော့ လူကုန်ကူးမှုနဲ့မူးယစ်ဆေးဝါးမှုတွေ ဖြစ်လေ့ရှိတယ်လို့ မိုင်တဲလ်ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။ယမန်နှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂ဝ၁၃−၁၈ ခုနှစ် ငါးနှစ်အတွင်း နည်းပညာကိုအသုံးချ ပြစ်မှုကျူးလွန်မှု (Cyber Crime) ၁၅၄ မှုကို အမှုဖွင့်ဆောင်ရွက်နိုင်ခဲ့ပြီး တရားခံ ၁၇၂ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထိုသို့ တရားခံများကို အရေးယူဆောင်ရွက်နိုင်ခဲ့တာဟာ Cyber Police များနဲ့ နည်းပညာကျွမ်းကျင်သူများရဲ့ အကူအညီရယူပြီး စုံစမ်းစစ်ဆေးဆောင်ရွက်မှုကြောင့်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ Cyber Crime တစ်ခုဖြစ်လာပြီဆိုရင် လျှို့ဝှက်မထားဘဲ Cyber Police (နည်းပညာအကူညီ) ဆီမှာ အဖွဲ့ကို အဖြစ်မှန်အတိုင်း ပြောဆိုဆက်သွယ် တိုင်ကြားဖို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထို့ပြင် အွန်လိုင်းပေါ်ကနေ မိမိခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံဖြင့်အရှက်ခွဲခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စော်ကားခြင်းတွေ တွေ့ကြုံလာရင်လည်း နယ်မြေရဲစခန်းကို တိုင်ကြားနိုင်ပြီး ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ရဲတပ်ဖွဲ့အနေဖြင့် တိုင်ကြားသူဆီက အထောက်အထား (Electronic Record) မှတ်တမ်းရယူခြင်း အကောင့်တု (Fake Account) အသုံးပြုလုပ်ဆောင်ခြင်းများ တွေ့ရှိပါက Cyber Police သို့ဆက်သွယ်ကာ နည်းပညာ ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ ဆက်လက်စုံစမ်းစစ်ဆေးခြင်းဖြင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ကြောင်း ရဲအုပ်နေမျိုးလင်းက ဆိုပါတယ်။
credit - မြန်မာတိုင်းမ်
No comments:
Post a Comment