Tuesday, September 17, 2019

စောင့်ကြည့်ရမည့် ကျိုင်းတုံဆွေးနွေးပွဲ အကျိုးသက်ရောက်မှု

ချိုးဖြူငှက်နှစ်ကောင် မျက်နှာချင်းဆိုင် ပျံသန်းနေဟန် ရုပ်ပုံပါသည့် အပြာရောင်ပိတ် ကားစပေါ်တွင် အဖြူရောင်စာလုံးဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု ရေးသားထားသည်။

ပိတ်ကားရှေ့၌ စီတန်းချ ထားသည့် အဖြူရောင်ခုံတန်းရှည် တွင်မူ ငြိမ်းချမ်းခြင်း၏ ဆန့်ကျင် ဘက်စစ်ရေးပဋိပက္ခ၌ အဓိကပါဝင်ပတ်သက်နေသည့် လက် နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ မျက်နှာချင်းဆိုင် နေရာယူထားသည်။

စက်တင်ဘာ ၁၇ ရက် နံနက် က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် အစိုးရ၊တပ်မတော် ကိုယ်စားလှယ်များ နှင့် ကချင်အဖွဲ့ (KIO/KIA)၊တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ ဖြစ်သည်။

‘‘ဒီဆွေးနွေးပွဲ ရလဒ် မကောင်းဘူးဆိုရင် အလားအလာက နည်းနည်းလေးစိုးရိမ်ရတယ်’’ ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆွေးနွေးပွဲမတိုင်မီ လေးရက်အလို စက်တင်ဘာ ၁၃ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထား၍ ကျိုင်းတုံဆွေး နွေးပွဲရလဒ်သည် စိတ်ဝင်စားဖွယ် ရာဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးမည့် တပ်မတော်၏ အပစ်ရပ်ကြေညာမှု သက်တမ်းတိုး၊ မတိုးမှာလည်း ကျိုင်းတုံဆွေးနွေးပွဲအပေါ် မူတည်နေ၍ ဆွေးနွေးပွဲ အပေါ် အလေးထားကြောင်း ဦးဇော်ဌေးက ဆိုပါသည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ဆွေးနွေးညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင်

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးဇော်ဌေး စသည့်ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။

အစိုးရ နှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ ဆွေးနွေးရေးဖြစ်စဉ်များ တွင် NRPC ဒုဥက္ကဋ္ဌနှင့် တပ် မတော်ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ မှ အဆင့်မြင့်အရာရှိကြီးများ ပထမဆုံးအကြိမ် တက်ရောက် သည့် ဆွေးနွေးပွဲဖြစ်သည်။ တပ် မတော်က အပစ်ရပ်ကြေညာမှု စတင်သည့် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်း အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့သည် ဧပြီ ၃၀ ရက် တွင် မူဆယ်၊ ဇွန်လ ၃၀ ရက်တွင်မိုင်းလား၊ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ ရာ ထိုစဉ်က ငြိမ်းချမ်းရေးကော် မရှင် ဒုဥက္ကဋ္ဌနှင့် ကော်မရှင် အ တွင်းရေးမှူးတို့သာ အဓိက ပါဝင် ခဲ့သည်။

‘‘အစိုးရ တပ်မတော် ဘက်က ဒီဆွေးနွေးပွဲအပေါ်မှာ အားထည့် အာရုံစိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြောလို့ရပါတယ်’’ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက ကျိုင်းတုံဆွေးနွေးပွဲ တွင် အစိုးရ၊ တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်လာခြင်းအပေါ် မှတ်ချက် ပြုသည်။

မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ဘက်ကလည်း သက်ဆိုင်ရာအဖွဲ့များ၏ အထွေထွေအ တွင်းရေးမှူးများ၊ ဒုတိယစစ်ဦးစီး ချုပ်အဆင့်ရှိ ထိပ်ပိုင်းတာဝန်ရှိသူ များ ပါဝင်သည်။

မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၇ ရက် နံနက်အစောပိုင်းတွင် မိုင်းလားအဖွဲ့ (NDAA) နယ်မြေ မိုင်းလားမြို့မှကျိုင်းတုံမြို့သို့ မော်တော်ယာဉ် များဖြင့် လာရောက်ရာ နံနက် ၉ နာရီခန့်တွင် ဆွေးနွေးပွဲကျင်းပရာ Amazing Kengtong ဟိုတယ်သို့ ရောက်ရှိလာသည်။

နံနက် ၁၀ နာရီတွင် ဆွေးနွေးပွဲစတင်ရာ တစ်နာရီခန့်အကြာ တွင် မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်အားလုံး ဆွေးနွေးပွဲခန်းမ အပြင်ဘက်သို့ ထွက်လာကြ သည်။

‘‘သူတို့ အချင်းချင်းတိုင်ပင်ဖို့ ခဏနားလိုက်တာ’’ဟု ကိုယ်စား လှယ်တစ်ဦးက ပြောသည်။


မြောက်ပိုင်းလေးဖွဲ့သည် အ စည်းအဝေးခန်းမတစ်ခုတွင် ၁၅မိနစ်ကြာ သီးသန့်ဆွေးနွေးပြီး နောက် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များရှိရာ ခန်းမသို့ ပြန် လည်ဝင်ရောက်သွားသည်။

‘‘အခြေအနေက နေသာပါတယ်။ ကောင်းကင်ပြာပြာမြင်ရ တယ်’’ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ခေါင်လွန်းက ၎င်းအား အခြေအနေကောင်းလားဟု မေး မြန်းသူတစ်ဦး၏ မေးခွန်းကို ရယ် မောရင်း တုံ့ပြန်သည်။

KIA ဒုစစ်ဦးစီးချုပ်၏ ပြောစကားအပေါ် မူတည်ပြီး ဆွေးနွေးပွဲအခြေအနေ ကောင်း၊ မကောင်း ခန့်မှန်းရန် ခက်ခဲလှသည်။ နေ့လယ်ပိုင်း ထမင်းစားနားပြီးချိန် တွင် ဆွေးနွေးပွဲ ချက်ချင်းမစတင် နိုင်ခြင်းက အခက်အခဲတစ်စုံတစ် ရာ ဖြစ်ပေါ်နေခြင်းကို သတိပြုမိ နိုင်သည်။ မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့ ကိုယ်စားလှယ်များ သီးသန့်အစည်းအဝေးထပ်မံ ပြု လုပ်ခြင်းကြောင့်ဖြစ်သည်။

‘‘ရာသီဥတုက မြူတွေဆိုင်း နေတယ်၊ နှင်းမကွဲသေးဘူး’’ဟု ဆွေးနွေးရေးကိုယ်စားလှယ်တစ် ဦးက ဖွင့်ဟ သည်။ မိုးလေကင်းပြီး ရာသီဥတု သာယာနေချိန်တွင် ထို သို့သောစကားက ဆွေးနွေးပွဲ အ ခက်အခဲကို မီးမောင်းထိုးပြနေ သည်။

အစိုးရ ကိုယ်စားလှယ်အချို့ နှင့် KIA ဒုစစ်ဦးစီးချုပ်တို့ ဟိုတယ်မြက်ခင်းပြင်တွင် စုဖွဲ့စကားပြော ဆိုနေသည်လည်း တွေ့ရသည်။

နေ့လယ် ၁ နာရီခန့်မှ အစပြုသည့် မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့၏ ဒုတိယအကြိမ်သီးသန့်အစည်းအဝေးသည် အချိန် တစ်နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး အစိုးရ၊ တပ်မတော်ကိုယ်စား လှယ်များရှိရာ ခန်းမဆီသို့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်မှ ဝင် ရောက်သွားသည်။

ထို့နောက် သုံးနာရီခန့် အကြာ ညနေ ၅ နာရီခွဲတွင် ကြိမ်ဖန်များစွာ ခေတ္တရပ်နားခဲ့ရသည့် ကျိုင်းတုံဆွေးနွေးပွဲ အဆုံးသတ်ခဲ့ သည်။

ခုနစ်နာရီကျော် ကြာမြင့်ခဲ့ သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာခုနစ်ချက်ကို အစည်းအဝေးမှတ်တမ်းအဖြစ် သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။

အစည်းအဝေး မှတ်တမ်းကို NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့ ခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့သည်ဟု ၎င်းက ဆို သည်။

မှတ်တမ်းပါ အကြောင်းအရာများမှာ Bilateral အပစ်ရပ်စဲ ရေး လက်မှတ်ရေးထိုးရန်၊ လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေး ဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်ပြည်သူများကိစ္စ၊ တပ်ပိုင်းဆိုင်ရာ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များကို တပ်မတော်ကိုယ်စား လှယ်အဖွဲ့နှင့် ဆက်လက်ဆွေး နွေးရန်၊ ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများထားရှိရန်၊ ယုံကြည်မှု တည်ဆောက်ရေး နှစ် ဖက်ဖမ်းဆီးချုပ်နှောင် အရေးယူ ခြင်းဆိုင်ရာ ကိစ္စများ ဖြေရှင်းရန်၊ NCA နှင့် ပတ်သက်ပြီး နှစ်ဖက် လက်ခံနိုင်မည့် လုပ်ငန်းစဉ်ဖော် ဆောင်ရန်၊ ပစ်ခတ်တိုက်ခိုက်မှု ခိုင်မာရေးအတွက် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးမည့် နှစ်ဖက်သဘော တူလက်ခံသည့်စနစ် (သို့မဟုတ်) ယန္တရားဖော်ဆောင်ရန်တို့ ဖြစ် သည်။

အဆိုပါ အစည်းအဝေး မှတ်တမ်းပါအချက်များသည် Bi-lateral အပစ်ရပ်စဲရေး လက် မှတ်ထိုးရာတွင် ပါဝင်မည့် အကြောင်းအရာများဖြစ်သည်ဟု ဦးဇော်ဌေးက ပြောသည်။

‘‘ဒီကနေ့ ဆွေးနွေးလိုက်တဲ့ သဘောတူညီချက်အပေါ်မှာ သူ့အဖွဲ့အစည်းအလိုက် အဖွဲ့အ စည်းအလိုက် ပြန်သတင်းပို့ရ မယ်လို့ ပြောတယ်။ အဲဒါပြီးမှနောက်တစ်ကြိမ် ဘယ်အဆင့် ရောက်မယ်ဆိုတာ ပြန်ညှိရမယ်’’ ဟု ၎င်းက ဆိုသည်။

TNLA အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးချုပ် တာဘုန်း ကျော်က ဆွေးနွေးပွဲအတွင်း အ ကြိတ်အနယ်ဆွေးနွေးမှုများရှိခဲ့ သော်လည်း တိုက်ပွဲများ လက်တွေ့ကျကျ ရပ်ဆိုင်းရေး အဖြေ မရခဲ့ဟု ပြောသည်။

အောက်တိုဘာတွင် ထပ်မံ ပြုလုပ်ရန် ချိန်းဆိုထားသည့် ဆွေးနွေးပွဲ၌ ပိုမိုတိကျသည့် ပြင်ဆင်မှု များ ဆောင်ရွက်ရန်လိုအပ်သည် ဟု ၎င်းက ဆိုသည်။

အစည်းအဝေး ကျင်းပနေ ချိန်အတွင်း ရခိုင်နှင့် ရှမ်းမြောက် တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းက ဆွေးနွေးပွဲများ မအောင်မြင် သေးသည်ကို ဖော်ညွှန်းနေ ကြောင်း တာဘုန်းကျော်က ပြော သည်။

သို့ရာတွင် တပ်မတော်ကိုယ် စားလှယ်များ ပထမဆုံးအကြိမ် တက်ရောက်ခဲ့၍ဆွေးနွေးပွဲထူး ခြားမှုရှိခဲ့သည်ဟု ၎င်းက ဆို သည်။

‘‘NRPC က တပ်ပိုင်းဆိုင်ရာ မြန်မာ့တပ်မတော် ခေါင်းဆောင် တွေ တက်လာတော့ နှစ်ဖက် ခေါင်းဆောင်က စဉ်းစားတဲ့ဟာ တွေ တော်တော်များများ ပြောကြားခွင့်ရတဲ့အတွက် အောက် ခြေမှာ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်နေသလို ဒီအပေါ်မှာလည်း အမြင်တွေကို ဖလှယ် ခွင့်ရတဲ့အတွက် ကျွန်တော်ထင် တယ်။ စစ်ကို ချုပ်ငြိမ်းနိုင်ဖို့ ဒါကအစဖြစ်နိုင်တယ်။ အခြေခံကောင်းတွေ စဉ်းစားမှုတွေရှိလာ မယ်လို့ မျှော်လင့်ပါတယ်’’ဟု တာဘုန်းကျော်က ပြောသည်။

ဆွေးနွေးပွဲ ရှေ့ဆက်ရန် ခက်ခဲသည့် အခြေအနေကို ကျော်လွှားနိုင်ခဲ့ခြင်းနှင့် အစည်းအဝေး မှတ်တမ်း သဘောတူညီချက် ရရှိခဲ့ခြင်းတို့က စက်တင်ဘာ ၂၁ ရက် တွင် ကုန်ဆုံးမည့် တပ်မတော်၏ အပစ်ရပ်ကြေညာမှုကို ထပ်မံသက်တမ်းတိုးမည်ဟု အပြု သဘောမြင်ကြောင်း ဦးဇော်ဌေး က ဆိုသည်။

‘‘အခု ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကလည်း ပြန်သွားရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို သတင်းပို့မှာ ဖြစ် တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး လူကြီးတွေ စဉ်းစားမှာပါ’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ကျိုင်းတုံ ဆွေးနွေးပွဲရလဒ်ကို သတင်းစကားပါးသည်။

Credit - 7 Day Daily





ပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ရေး ဥပဒေမူကြမ်း တပ်မတော်တင်သွင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို ပြင်ဖို့ တပ်မတော်က ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်နဲ့ တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေမူကြမ်းကို တင်သွင်းတဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာတွေ မလုပ်နိုင်ဖို့ နိုင်ငံ သစ္စာဖောက်ခံရတာတွေ၊ သူလျှိုလုပ်ခံရတာတွေ မဖြစ်စေဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ နိုင်ငံခြားသား မဖြစ်ရမယ့်အပြင် သူတို့ရဲ့ ဇနီးနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား တစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်တာတွေ မဖြစ်စေဖို့ဆိုတဲ့အချက်တွေကို ထပ်မံဖြည့်စွက်ဖို့ ပြင်ဆင်ချက် တင်သွင်းတာဖြစ်ပါတယ်။

တပ်မတော်က အဆိုပြုချက်ကို ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၃၂ (က) ရဲ့ အပိုဒ်ခွဲ ၅ အနေနဲ့ ဖြည့်စွက်ဖို့နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၆၁ (က) ရဲ့ အပိုဒ်ခွဲ ၅ အနေနဲ့ ဖြည့်စွက်ဖော်ပြဖို့ တင်ပြထားတာပါ။

တပ်မတော်က တင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်ဝေအသိပေးခဲ့တာသာရှိပြီး ဘယ်နေ့မှာ ဆွေးနွေးမယ်ဆိုတာကို ပြောဆိုခဲ့တာ မရှိပါဘူး။

လက်ရှိကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးဟာ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရပ်နားတော့မှာ ဖြစ်တာကြောင့် နောင်လာမယ့် လွှတ်တော်အစည်းအဝေးမှ ဆွေးနွေးနိုင်ခြေရှိတယ်လို့ အမတ် တချို့က သုံးသပ်နေကြပါတယ်။

အခြေခံ ဥပဒေမှာ အသက်ကန့်သတ်ချက်ကလွဲပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်နဲ့ ပြည့်စုံသူ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူတွေကို ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ခွင့်ရှိပါတယ်။

Credit - RFA


ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်ကျင်းပ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့ ကမ်းနားလမ်းက ရွှေညဝါဆရာတော်ရဲ့ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD အစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပူးပေါင်းဝန်းရံဆောင်ရွက်ဖို့၊ တစ်နိုင်ငံလုံးစစ်ပွဲတွေ ရပ်စဲကာ နိုင်ငံရေးအရ အားလုံးတန်းတူတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချခြင်းကနေ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ဖို့စတဲ့ အချက်တွေအတွက် ရည်ရွယ်ပြီးပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

Credit - RFA




ကုလ ရေရှည်ဖွံ့ဖြိုးရေးလူငယ် ခေါင်းဆောင် ၁၀ ဦး စာရင်းမှာ မြန်မာပါဝင်

၂၀၁၉ ကုလသမဂ္ဂ ရေရှည် ဖွံ့ဖြိုးမှု ဦးတည်ချက်များ ( SDG ) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင်လူငယ် ၁၀ ဦးအနက် မြန်မာနိုင်ငံက သဘာဝ ကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင် ကိုဇော်ရဲနောင် ပါဝင်ကြောင်း ကုလသမဂ္ဂ Global Compact အဖွဲ့ကြီးက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဒီနှစ် စာရင်းဝင်သူ ၁၀ ဦးဟာ အသက် ၃၅ နှစ်နဲ့အောက် စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်ကြပြီး ဒီနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရာမှာ စီးပွားရေးနဲ့ လူမှုရေးအရ အကျိုးပြုမယ့် ဖြေရှင်းချက်တွေကို တီထွင်ကြံဆနိုင်ခဲ့ကြတဲ့ ခေါင်းဆောင်မှုမျိုးကို ပြသ နိုင်ခဲ့ကြသူတွေဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Lise Kingo က ပြောပါတယ်။ ကိုဇော်ရဲနောင်ဟာ ရွှေတောင်ညိုကြီး သဘာဝ ကြက်မွေးမြူရေးလုပ်ငန်းကို ပူးတွဲမတည်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်က သူ မ-တည်ခဲ့တဲ့ ကြက်မွေးခြံတွေကြောင့် မြန်မာနိုင်ငံမှာ လယ်သမား ၁၀၀ နီးပါးခန့် အလုပ်အကိုင်နဲ့ ဝင်ငွေတွေ မှန်ကန်စွာ ရရှိနိုင်ခဲ့တယ်လို့ အဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့လုပ်ငန်းဟာ ကြက်မွေးမြူသူတွေကို အသေးစား ငွေထုတ်ချေးပေးတာနဲ့ ကြက်မွေးမြူရေးလုပ်ငန်းအတွက် အကြံပေးတာဖြစ်ပါတယ်။
ကြက်ခြံတခုချင်းစီကို ဒေါ်လာ ၁၄၀၀ နဲ့ မတည်ပေးခဲ့ပြီး လယ်သမားတွေကို ကြက်မွေးမြူရေးနဲ့ ပတ်သက်လို့ သီတင်း လေးပတ်ကြာ သင်ကြားပို့ချ ပေးခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ရွှေတောင်ညိုကြီး လုပ်ငန်းရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ပြီး ကြက်မွေးခြံတွေက ထွက်တဲ့ ကြက်ဥ ၉၀ % ကို သူတို့ ရွှေတောင်ညိုကြီး လုပ်ငန်းက ပြန်လည်ဝယ်ခဲ့တဲ့ အတွက် ကြောင့် ကြက်မွေးခြံလယ်သမားတဦးချင်းစီကို လစဉ် ဝင်ငွေ ပုံမှန် ဒေါ်လာ ၇၀၀ ရရှိစေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကြက်မွေးမြူရေးသမားတွေရဲ့ ဇနီးသည် တွေအတွက်လည်း ကြက်ဥထည့်ရောင်းဖို့ ကြိမ်ခြင်းတောင်းတွေ ယက်လုပ်နည်းကိုလည်း သင်ကြားပေးတဲ့ အတွက် အမျိုးသမီးတွေအနေနဲ့လည်း တလကို ဒေါ်လာ ၂၇၀ လောက် ဝင်ငွေရစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကိုဇော်ရဲနောင်ဟာ သူ့လုပ်ငန်းကို ကျေးရွာတွေ၊ အထူးသဖြင့် ရှမ်းပြည်နယ်ကျေးလက်ဒေသမှာ အထူးသွားရောက် လုပ်ကိုင်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အသက် ၃၄ နှစ်အရွယ် ကိုဇော်ရဲနောင်နဲ့အတူ ဒီနှစ် တခြား စာရင်းဝင်သူတွေ ကတော့ စင်ကာပူ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒက်ရှ်၊ ကနေဒါ၊ ကင်ညာ၊ နယ်သာလန်၊ ယူကေ နဲ့ အမေရိကန်ပြည်ထောင်စုတို့က ဖြစ်ကြပါတယ်။ စီးပွားရေး စွမ်းဆောင်ရှင် ၁၀ ဦးစလုံးဟာ စက်တင်ဘာ ၂၃ ကနေ ၂၆ အထိ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ UN Global Compact ခေါင်းဆောင်များအခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Credit - VOA


မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ အချက် ၇ ချက် သဘောတူညီမှုရ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သော မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ အကြား ပြုလုပ်ခဲ့သော ယနေ့ဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို မူအားဖြင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က “ဆွေးနွေးမှုကတော့ အားရတယ်၊ ကျေနပ်တယ် ဆိုတဲ့ ဟာမျိုးထက် လိုအပ်နေတဲ့ ကွက်လပ်တခုကို ကျနော်တို့ ဖြည့်နိုင်ခဲ့တယ်။ အဲဒီအပေါ်မှာ နေပြီးတော့ ရှေ့ကိုဆက်ဖို့ အတွက်က ယုံကြည်မှုတွေ ဘယ်လောက်ရနိုင်သလဲ အဲလိုမျိုးပုံစံမျိုးနဲ့ တွက်လို့ရပါတယ်” ဟု ဆွေးနွေးပွဲအပြီး မီဒီယာများကို ရှင်းပြသည်။

အဆိုပါ သဘောတူညီချက် ၇ ချက်ထဲတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးရေးနှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ လုံးဝ ချုပ်ငြိမ်း သွားစေရန် အတွက် လိုအပ်သည်များ ဆက်လက် ဆွေးနွေးလုပ်ဆောင်မည်ဟု သဘောတူ ထားသည်။

ထို့အတူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ မိမိနေရပ်သို့ ပြန်နိုင်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေးကို အစိုးရ၊ NRPC၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည် ဆိုသည့် နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန်လည်း သဘောတူထားသည်။

တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းနှင့် လိုအပ်သော လုပ်ငန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်ရန် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေး ဆွေးနွေး ဆောင်ရွက်သွားရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် နှစ်ဖက် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အရေးယူခြင်း ဆိုင်ရာ ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန်လည်း သဘောတူထားသည်။

အလားတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုင်ရာ ဆွေးနွေးမှုများကို နှစ်ဦး နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားကြရန်နှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာစေရေးဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရေး အတွက် နှစ်ဖက် သဘောတူ လက်ခံသည့် ပဋိပက္ခ ဖြေရှင်းရေး နည်းလမ်း ရရှိနိုင်ရေး ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားကြရန် သဘောတူထားသည်။

အဆိုပါအချက်များပါဝင်သော အစည်းအဝေး မှတ်တမ်းကို NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှ ဦးဆောင်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတွင် ပါဝင်ခဲ့သည့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်း ပြောသည်။

ယနေ့ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး တို့တက်ရောက် ကြသည်။

ထို့အတူ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်သည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ဆွေးနွေးပွဲ ရလဒ်က ကျနော်တို့ မြင်တာက အရင်တခေါက်နဲ့တော့ သိပ်မကွာဘူး။ နောက်ထပ် ဒုတိယ အကြိမ်ဆွေးနွေးပွဲ ပြန်လုပ်မယ်။ Bilateral လက်မှတ်ထိုးနိုင်ရေးကိစ္စကို သေချာပြန်ဆွေးနွေးမယ်။ အဲလောက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ ဆွေးနွေးပွဲအပြီး တိုက်ပွဲများ ဆက်ဖြစ်မဖြစ်ဆိုသည်ကိစ္စနှင့် ပတ်သက်၍လည်း “အဲဒါကတော့ ကျနော်ထင်တယ်။ နှစ်ဖက်တပ် ဒီမြန်မာ့တပ်မတော်ဘက်ကရော ကျနော်တို့ သုံးဖွဲ့ဘက်ကရော အဲဒီအပေါ်မှာ ဦးဆောင်နေတဲ့သူတွေ အပေါ်မှာဘဲ မူတည်တယ်။ ကိုယ့်အောက်ခြေတပ်ကို ကိုယ်ဘယ်လောက်ထိ ထိန်းနိုင်လဲ။ တကယ်အခုဖြစ်နေတဲ့ တိုက်ပွဲကို ဘယ်လောက်ထိ အရှိန်လျှော့ချင်လဲ အပေါ်မှာဘဲ မူတည်တယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ တိတိကျကျ တိုက်ပွဲ လျှော့ချရေး ကိစ္စကို ကျနော်တို့ မဆွေးနွေးနိုင်ခဲ့ဘူး” ဟု တာဘုန်းကျော်က ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင် တပ်မတော်ဘက်က ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည့် အတွက် ဆွေးနွေးပွဲမှာ ယခင်ကထက် တိုးတက်မှုရှိခဲ့ပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့များ ဘက်ကလည်း ထိုအချက်ကို ထောက်ပြပြောဆိုသွားသည်။

သို့သော်လည်း Bilateral Ceasefire Agreement ရေးထိုးနိုင်ရေး၊ တပ်နေရာချထားရေးနှင့် လက်ရှိတိုက်ပွဲများ လျှော့ချနိုင်ရေး အတွက် တပ်မတော်ကိုယ်စားလှယ်များနှင့် များများ ဆွေးနွေးရန် လိုအပ်သည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့များဘက်က ပြောသည်။

နောက်တကြိမ်ဆွေးနွေးပွဲကို အောက်တိုဘာလထဲတွင် ပြုလုပ်ရန်သဘောတူထားကြောင်း အစိုးရဘက်ကရော မြောက်ပိုင်း မဟာမိတ် ဘက်ကပါပြောသည်။

တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်ရပ်မည်ဟု သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန် ကြေညာထားသလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ်(AA) တို့ကလည်း ယခုလ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ထိ တလ အပစ်ရပ်ကြောင်း ကြေညာ ထား သည်။

Credit - Irrawaddy