‘‘လာမယ့်အောက်တိုဘာမကုန်ခင်မှာ ဒီခုနစ်ချက်လုံး ပြီးပြတ်မလားမသိဘူး။ ပြီးပြတ်ရင်လည်း ပြီးပြတ်မယ်၊ မပြီးပြတ်ရင်လည်း ကျန်တဲ့ဟာလည်း နောက်ထပ် ပြန်ဆွေးနွေးရဦးမှာပဲ’’
ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာနှင့် တွေ့ဆုံခြင်း
အစိုးရ၊ တပ်မတော်နှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့အကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် အဓိကညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာအား စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် 7Day Daily က သီးသန့်တွေ့ဆုံပြီး ဆွေးနွေးပွဲအခင်းအကျင်းနှင့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်း၏အမြင်များကို မေးမြန်းဖော်ပြလိုက်ပါသည်။
ကျိုင်းတုံဆွေးနွေးပွဲ အခင်းအ ကျင်းပေါ့ တစ်နေ့လုံးမြင်တွေ့ရ တဲ့ မြင်ကွင်းကို ပုံဖော်ပြပေးပါ လား။
ဒီတစ်ခေါက်တော့ NRPC မှာ တပ်ပိုင်းဆိုင်ရာ ကိုယ်စား လှယ်တွေလည်း ပါလာတော့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ တော်တော်လေး အဆင်ပြေတယ်လို့မြင်တယ်။ ဘယ်လိုကြောင့်လဲဆိုတော့ တပ်ပိုင်းဆိုင်ရာဖြစ်တဲ့ကိစ္စတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တာ တွေ့ရတယ်။ အစည်းအဝေးစပြီး Tea Break အချိန်လောက်မှာ မြောက်ပိုင်းအဖွဲ့တွေက အပြင်အခန်းတစ်ခန်းမှာ သီးသန့်ဆွေးနွေးကြတယ်။ ထို့နည်းတူစွာပဲ ဒီဘက်က NRPC အဖွဲ့တွေလည်း သီးသန့်အခန်းထဲမှာ တွေ့ဆုံဆွေးနွေးကြတယ်။ အစည်းအဝေးခန်းမထဲမှာ ဆွေးနွေးလို့ သိပ်အဆင်မပြေတဲ့ဟာကျ ဆွေးနွေးခန်းရဲ့အပြင်မှာ တစ်ခါပြန်ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးမှ နည်းနည်းအဆင်ပြေတဲ့ အခြေအနေရတဲ့အခါ အခန်းပြန်ဝင်ပြီးတော့မှ ဆွေးနွေးကြတာ ပေါ့။
ဆွေးနွေးပွဲရလဒ်က တပ်မတော် ရဲ့ အပစ်ရပ်ကြေညာမှုနဲ့ ဆက် စပ်နေတယ်လို့ အစိုးရဘက်က ပြောထားတာ ရှိတာပေါ့။ အခု ဆွေးနွေးပွဲရလဒ်ကကော အပစ် ရပ်သက်တမ်း တိုး၊ မတိုး ဘယ်လိုမြင်လဲ။
ဒီဆွေးနွေးမှု အပေါ်မှာတော့ အခြေအနေက နှစ်ဖက်ပေးပို့တဲ့ အဆိုပြုချက်အပေါ် ဒီနေ့က လို အပ်တာ အားလုံးအလျှော့အတင်း လုပ်ပြီးတော့မှ ညှိနှိုင်းတဲ့ဟာ သ ဘောတူညီမှုရခဲ့တာပေါ့။ ရပြီး အဲဒါကို ဆက်လက်ဆွေးနွေးမယ် ဆိုတဲ့ သဘောတူညီမှုရရှိပြီးတော့ အောက်တိုဘာလ မကုန်ခင်မှာ ထပ်မံဆွေးနွေးဖို့အတွက် သူတို့ အဆိုပြုပြီး နှစ်ဖက်သဘောတူညီ ခဲ့တာဖြစ်တယ်။ အဲဒါကြောင့်မို့ ညှိနှိုင်းစရာ ဆွေးနွေးစရာ ဆက် လက်ညှိနှိုင်းရမှာ ဖြစ်တဲ့အတွက် သက်တမ်းတိုး၊ မတိုး ဆိုတာက တော့ တပ်မတော်ရဲ့ အပိုင်းပေါ့ လေ။ ဒါပေမဲ့လည်း ဆွေးနွေးစရာ ထပ်ရှိနေသေးတယ်၊ တောက် လျှောက်ဆွေးနွေးရဦးမှာ ဖြစ်တဲ့ အတွက် သက်တမ်းဆက်လက် တိုးနိုင်မယ်လို့ ကျွန်တော်တို့ ဒီလို မြင်တယ်။
အစိုးရဘက်က ဒီတစ်ခေါက် တောင် Bilateral ထိုးဖို့ ပြင်လာ တယ်လို့ ပြောတာပေါ့။ တကယ် အဲဒီလိုထိုးနိုင်ဖို့ ဘယ်လိုအခြေအ နေတွေ လိုအပ်တယ်လို့ မြောက် ပိုင်းအဖွဲ့တွေက ဆွေးနွေးကြလဲ။
မြောက်ပိုင်းအဖွဲ့အနေနဲ့ ဆွေးနွေးတာက ဒီတစ်ခေါက် တွေ့ဆုံပြီး အခြေအနေကောင်း လို့ရှိရင် Bilateral ထိုးဖို့အတွက် က သူတို့မှာ လုပ်ပိုင်ခွင့်ပါမလာ ဘူး။ အခုမြောက်ပိုင်းလေးဖွဲ့က လည်း ဒီမှာတွေ့ဆုံတာ သူတို့ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ပဲဖြစ်တယ်။ ထို့နည်းတူ အစိုးရဘက်ကလည်း ဆွေးနွေးရေးကိုယ်စားလှယ်ပဲ ဖြစ်တယ်လေ။ ဒါကြောင့် လက်မှတ်ထိုးကြမယ်ဟေ့ဆိုရင် လက်မှတ်ထိုးနိုင်မယ့် အဆင့်ပုဂ္ဂိုလ်တွေ မြောက်ပိုင်းအဖွဲ့တွေဘက်ကလည်း သူတို့ဆီက ခေါင်းဆောင်ပိုင်းတွေ ပါလာပြီး လက်မှတ်ထိုးဖို့ ရှိတယ်ဆိုတဲ့ အ ကြောင်းပြောတာပေါ့လေ။ အခု သူတို့က ဆွေးနွေးရေးအဖွဲ့ပဲဖြစ် တဲ့အခါကျတော့ သူတို့မှာ လက် မှတ်ထိုးဖို့ Mandate က မပါလာ ဘူး။ ထို့နည်းတူစွာ အစိုးရဘက် ကလည်း တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးတဲ့အချိန်မှာ သူတို့အနေ နဲ့ Mandate မပါလာဘူး အထက်ကို ပြန် ဆက်လက်တင်ပြဆွေး နွေးရမယ့် အပိုင်းတွေရှိသေးတယ် လေ။ အဲဒါကြောင့် ဒီတစ်ကြိမ်က အစိုးရဘက်က လက်မှတ်ထိုးနိုင် အောင်ဆိုပြီး ပြောတာရှိတယ်။ ဒါ ပေမဲ့ ညှိနှိုင်းတဲ့ဟာ ဘာမှမညှိနှိုင်း ရသေးဘူးလေ။ အချက်ခုနစ်ချက် ခေါင်းစဉ်ပိုင်းပဲ အားလုံးက သ ဘောတူကြတာကိုး။ ဆွေးနွေးလို့ ရလို့ အဲဒါကို ပြီးပြီဟေ့ဆိုတဲ့အခါ ကျမှ Bilateral လက်မှတ်ထိုးမှာ။ အဲဒါကြောင့် လာမယ့်အောက်တို ဘာ မကုန်ခင်မှာ ဒီခုနစ်ချက်လုံး ပြီးပြတ်မလားမသိဘူး။ ပြီးပြတ် ရင်လည်း ပြီးပြတ်မယ်၊ မပြီးပြတ် ရင်လည်း ကျန်တဲ့ဟာလည်း နောက်ထပ် ပြန်ဆွေးနွေးရဦးမှာ ပဲ။
အဲဒီသဘောတူညီချက် ခုနစ်ချက် က ဘာတွေပါလဲဗျ။
ခုနစ်ချက်က အကြမ်းဖျင်းပဲ ပြောလို့ရမှာပါ။ အခုလောလော ဆယ်ဖြစ်နေတဲ့ စစ်ရှိန်တွေကို လျှော့မယ်။ နောက်ပြီး တပ်ပိုင်း ဆိုင်ရာ နေရာချထားရေးတွေပါ တယ်။ IDP တွေ ကိုယ့်ဒေသကို ပြန်နေရေး အဲဒါတွေပါတယ်။ ကျန်တဲ့ဟာတော့ သိပ်တော့ပြော လို့မကောင်းသေးဘူးပေါ့။ အဲဒီ ခုနစ်ချက်ထဲမှာ ဆက်ဆံရေးရုံး ထားရှိဖို့ကိစ္စလည်း ပါတယ်။ တရုတ်နိုင်ငံပါဝင်ဖို့ကိစ္စက နဂို ရှစ်ချက်ထဲမှာပါတာလေ။ ရှစ် ချက်ထဲမှာပါတဲ့ဟာ ခုနစ်ချက်ဆို တာ အဲဒီတရုတ်ပါဝင်ရေး ကိစ္စ တွေက လောလောဆယ်မလိုအပ် သေးလို့ ဒီနေ့ကဖြုတ်ထားလိုက် တာ။ နောက် Bilateral လက်မှတ် ထိုးပြီးတဲ့နောက်ပိုင်းမှပဲ ဆွေး နွေးရမယ့်ကဏ္ဍ ဖြစ်တဲ့အတွက် ကြောင့် အဲဒီတစ်ချက်ကို ဖြုတ် ထားလိုက်တာ။ ဒါကတော့ မ ဆွေးနွေးရသေးဘူးပေါ့။ Bilateral လက်မှတ်ထိုးခါနီးမှ ဆွေး နွေးရမယ့် အချက်လေးတစ်ချက် ဖြစ်နေတယ်။ အဲဒါကြောင့် ဒီနေ့ လုံးဝမဆွေးနွေးဘူး။
တရုတ်ဘက်က ဒီဆွေးနွေးပွဲကို လိုက်လာတယ်လို့ သိရတယ်။ မြောက်ပိုင်းလေးဖွဲ့က တရုတ်နဲ့ သီးသန့် ဆွေးနွေးခဲ့တယ်ဆိုတာလည်းရှိတော့ အဲဒါက ဘယ်လို မျိုးလဲဗျ။
တရုတ် လိုက်လာတယ်ဆို တာက အဓိကတော့မြောက်ပိုင်း သုံးဖွဲ့က အခုလက်ရှိ တောက် လျှောက် တိုက်ပွဲကဖြစ်နေတဲ့အ ခါကျတော့ ဒီကျိုင်းတုံအထိလာဖို့ ဆိုတာ သူတို့အနေနဲ့ စိုးရိမ်မှုတွေ ရှိတယ်။ စိုးရိမ်မှုရှိတဲ့အခါ တရုတ် အစိုးရက လုံခြုံရေးအာမခံချက် ပေးပါ့မယ်ဆိုတာပါလာတာပေါ့။ လုံခြုံရေးယူပေးမယ်ဆိုတာ စစ် ၀တ်စစ်စား လက်နက်အပြည့်အ စုံနဲ့ လာတာမျိုးတော့ မဟုတ်ဘူး ပေါ့။ သူတို့ကိုယ်တိုင် သံတမန် နည်းအရ တရုတ်ဘက်က လူ ကြီးတွေလည်း ပါလာတယ်ဆိုတဲ့ အဟန့်သဘောပေါ့။ အဲဒီသဘော နဲ့ပါလာတာဖြစ်တယ်။ သူတို့ ဒီ အရောက် လိုက်လာတယ်။ ဆွေး နွေးပွဲလုပ်တဲ့အခါ ဆွေးနွေးပွဲ Break လုပ်တဲ့အချိန်မှာ ဒီနေ့ ဆွေးနွေးပွဲ အခြေအနေဘယ်လို လဲ၊ ဘယ်လိုများ အခက်အခဲဖြစ် နေသလဲဆိုတဲ့ဟာမျိုးနဲ့ သီးသန့် တွေ့တာမျိုးရှိတယ်။ တကယ်လို့ ဆွေးနွေးလို့ အခက်အခဲဖြစ်တယ် ဘာညာဆိုရင် တရုတ်အစိုးရအ နေနဲ့ အစိုးရတပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြောလို့ဆို လို့ရအောင်ဆိုတဲ့ သဘောမျိုးနဲ့ ပါ။ ဆွေးနွေးမှုအခြေအနေ တိုး တက်မှုရှိသလား၊ ဘယ်မှာတစ် နေသလဲ၊ ဘာအခက်အခဲရှိလဲဆို တဲ့ဟာ သီးသန့်ပြန်မေးတာ အဲဒီ သဘောပါပဲ။ ပွဲကြီးမှာတော့ တရုတ်က မလာဘူး။ ကျွန်တော် တို့ ဆွေးနွေးခန်းမှာတော့ သူတို့ ထိုင်ပြီး ပါဝင်တာလုံးဝမရှိဘူး။
ဒီဆွေးနွေးပွဲ မလာခင်မှာ တပ် ချုပ်နဲ့ KBC ဥက္ကဋ္ဌတို့ တွေ့တော့ ဦးလေးလည်းပါတာပေါ့။ အဲဒီမှာ ကျိုင်းတုံဆွေးနွေးပွဲနဲ့ ပတ်သက် ပြီး ဆွေးနွေးမှုတချို့ရှိတယ်ဆိုတဲ့ အပေါ် နည်းနည်းရှင်းပြပေးပါ လား။
အဓိကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တပ်ချုပ်နဲ့ကြား မှာ သူတို့ဟာသူတို့ ပြောကြတာ ပါပဲ။ ဒီအစည်းအဝေးနဲ့ပတ် သက်ပြီး ထွေထွေထူးထူးတော့ မ ပြောဘူးပေါ့။ ဒါပေမဲ့ အဓိကပြော တာက တပ်ချုပ်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် Bilateral လက်မှတ် မြန်မြန်ထိုးနိုင်အောင်၊ လက်မှတ် ထိုးပြီးတဲ့အခါကျမှ IDP တွေ ဒီမိုး ကုန်ပြီးနောက် အားလုံးပြန်နိုင် အောင် ၀ိုင်းလုပ်ကြမယ်ဆိုတဲ့ သဘောမျိုး ပြောတာရှိပါတယ်။
လေးဖွဲ့ထဲမှာ KIA က အပစ်ရပ်စဲ ရေးလုပ်ဖို့ အလားအလာကောင်း တယ်၊ ကျန်တဲ့သုံးဖွဲ့က ခက်မယ် လို့ သုံးသပ်တာမျိုးရှိတော့ ဦးလေးတို့အမြင်ကျတော့ ဘယ်လိုရှိလဲ။
အဲဒီလို သဘောမျိုးတော့ မ ဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် နဂိုကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စပြီး NCA မူကြမ်းရေးဆွဲတဲ့အခါ အ တူတကွ ပါဝင်ခဲ့တယ်။ နောက် ဆုံးကျန်တဲ့အဖွဲ့တွေ လက်မှတ် ထိုးသွားတဲ့ အဖွဲ့တွေရှိသလို ကျန်တဲ့အဖွဲ့တွေရှိတယ်။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့ဆိုပေမယ့် FPNCC မှာ ခုနစ်ဖွဲ့ရှိတယ်။ အဲဒီမှာ ပါဝင်တဲ့ ‘၀’တို့၊ မိုင်းလားတို့၊ SSPP တို့က Bilateral ထိုးထားပြီးသားဖြစ်တယ်။ NCA မထိုးရသေးတာပဲရှိတယ်။ အခုလေးဖွဲ့ကျတော့ Bilateral လည်း မထိုးရသေးဘူး NCA လည်း မထိုးသေးတဲ့ အဖွဲ့တွေဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီလေးဖွဲ့အနေနဲ့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သူတို့ ကြိုးစားနေတာဖြစ် တယ်။
Bilateral ပြီးရင် NCA ကို ဘယ် လိုပုံစံနဲ့ သွားမယ်ဆိုတာမျိုး ဆွေးနွေးတာတွေရှိလား။
ဟုတ်ကဲ့ရှိတယ်။ အဲဒါတွေ လည်း အစိုးရအနေနဲ့ကတော့ Bilateral ထိုးပြီးတာနဲ့ ချက်ချင်း NCA လက်မှတ်ထိုးနိုင်ဖို့အတွက် ပြောတယ်။ အဲဒီမှာလည်းမြောက် ပိုင်း အဖွဲ့တွေလည်းပဲ Bilateral ထိုးပြီးတာနဲ့ တစ်ဆက်တည်း NCA ကို သွားမယ်။ NCA ကို သွားမယ်ဆိုတော့ NCA လက်မှတ်ထိုး နိုင်အောင် ဆက်လက်ညှိနှိုင်းဆွေး နွေးသွားရဦးမယ်။ သူတို့အနေနဲ့ ပြောတာက မပြည့်စုံသေးဘူး။ ပြည့်ပြည့်စုံစုံဖြစ်အောင် သူတို့အ နေနဲ့ အဲဒါကို ဆက်လက်ဆွေးနွေး မယ်။ ဆွေးနွေးပြီး NCA ထိုးသွား မယ်ဆိုတဲ့ သဘောမျိုး ဒီနေ့ဆွေး နွေးခဲ့တာတော့ရှိတယ်။
ဦးလေးတို့ PCG အနေနဲ့ ဟိုးအရင် ၂၀၁၁ ကချင်ဘက်မှာ တိုက်ပွဲ တွေဖြစ်ကတည်းက ဆွေးနွေးပွဲ တွေဖြစ်ဖို့ အကျိုးဆောင်ခဲ့တော့ ဦးလေးတို့ အတွေ့အကြုံအရ အ ခုဆွေးနွေးပွဲအောင်မြင်ဖို့ ဘာ တွေလိုအပ်တယ်လို့ မြင်လဲ။ နှစ် ဖက်ကို ဘာတိုက်တွန်းလိုလဲ။
ဒါက အောင်မြင်ဖို့အတွက် ဆိုရင်တော့ တကယ်ပဲ နှစ်ဖက်စ လုံးက တကယ်ငြိမ်းချမ်းစေချင်တဲ့ စိတ်ရှိရမယ်လေ။ တကယ်ပဲငြိမ်း ချမ်းစေချင်တဲ့ ဆန္ဒနှစ်ဖက်လုံးမှာ ရှိရမယ်။ တကယ်ငြိမ်းချမ်းစေချင် တဲ့ ဆန္ဒနှစ်ဖက်စလုံးမှာရှိလို့ရှိရင် တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက်က သဘောထားကြီးကြီးနဲ့ ဆွေးနွေးကြမှာဖြစ်တယ်။ သူကလည်း အဲဒါမှဖြစ်မယ်၊ ဒီဘက်ကလည်း ဒီလိုမဟုတ်ရင် မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တင်းမာမှုနဲ့ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် နှစ်ဖက်ခေါင်းဆောင်တွေက သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေး နွေးအဖြေရှာရင် ဖြစ်နိုင်မယ်လို့ မြင်တယ်။
လူထုတွေက စစ်ကြောင့် အများကြီး ဒုက္ခရောက်နေတာတွေရှိတော့ ဒီအပေါ်မှာ ဘာပြောချင် လဲ။
လူထုကတော့ ဆွေးနွေးပွဲ တစ်ခါလုပ်တိုင်း လုပ်တိုင်း မျှော် လင့်တာပေါ့။ ဒီဆွေးနွေးပွဲပြီးလို့ အခြေအနေများကောင်းရင် ကျွန် တော်တို့ IDP တွေလည်း အမြန် ဆုံးပြန်နိုင်မလားဆိုတဲ့ မျှော်လင့် ချက်တွေတော့ အများကြီးရှိခဲ့ တယ်။ ဒါပေမဲ့ အခုဆွေးနွေးပေါင်းလည်း မနည်းတော့ဘူး။ ၂၀၁၁ ကနေစပြီး ဦးသိန်းစိန်အစိုးရလက်ထက်က စပြီးဆွေးနွေးပွဲ လုပ်တိုင်းလုပ်တိုင်း နောက်ကွယ်မှာ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတဲ့အခါကျတော့ ဘာမှမျှော်လင့်ချက်မရှိဘူး။ အခုလည်းပဲ တောက်လျှောက်ပဲ လွန်ခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာလည်းဆွေးနွေးပွဲလုပ်နေရင်း တန်းလန်းနဲ့ ကွတ်ခိုင်မှာဖြစ်တဲ့ကိစ္စ (လက် နက်ကြီးကျည်ထိ၍ အရပ်သား ငါးဦးသေဆုံးမှု) ဖြစ်တယ်။ ဒီနေ့ လည်း ရှမ်းပြည်မြောက်ပိုင်းဘက် မှာ တိုက်ပွဲဖြစ်တာ ကြားနေရ တယ်။ အဲဒီအခါကျတော့ ပြည်သူ လူထုတွေက ဟုတ်မှဟုတ်ပါ့မ လား ဒီအစည်းအဝေးလုပ်လည်း အလကား၊ အစည်းအဝေးလုပ် တိုင်း တိုက်ပွဲပြန်ဖြစ်ဖြစ်နေတာ တော့ ယုံကြည်မှုက အရမ်းအား နည်းတာပေါ့။ ဘာပဲဖြစ်ဖြစ် မ တွေ့တာထက်စာရင်တော့ တွေ့ ဆုံပြီးမှ ဆွေးနွေးမှု အကြိမ်ကြိမ် ဆွေးနွေးနိုင်လို့ရှိရင် တဖြည်း ဖြည်းနဲ့တော့ အဆင်ပြေသွားမယ် လို့မြင်တယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာမကုန်ခင်မှာ ပြန် လည်ဆွေးနွေးတဲ့အချိန်မှာ IDP ကိစ္စတွေလည်း အားလုံးပါဝင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ တစ်ကြိမ်မှာ လက်မှတ်ထိုးနိုင်ခဲ့လို့ ရှိရင်တော့ ကျွန်တော်တို့ ပြည်သူတွေ စစ်ရှောင်ဒုက္ခသည်တွေ လည်း ကိုယ့်နေရာဒေသကို ပြန် နိုင်ဖို့အတွက် အလားအလာတော့ လမ်းပွင့်နေပါပြီလို့ ဒီလိုပဲ မြင် တယ်။။