Friday, May 17, 2019

သတိထား ပေါင်းရမယ့် တရုတ်..။

သတိထား ပေါင်းရမယ့် တရုတ်..။
မေလ(၁၃)ရက်နေ့က တာချိလိတ်မြို့မှာ အွန်လိုင်းဂိမ်းလောင်းကစားလုပ်ကိုင်ပြီး တရားမဝင်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၁၈၈ ဦးကို ဖမ်းဆီးလိုက်တဲ့သတင်းကို ဖတ်လိုက်ရတယ်။ သူတို့နဲ့အတူ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ တရုတ်လူမျိုးအများအပြားကို သတင်းဓါတ်ပုံထဲမှာ တွေ့ရတယ်။ သိရသလောက်တော့ ခုလို တရားမဝင်နေထိုင်ပြီး တရားမဝင်လောင်းကစားလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေကို ဖမ်းဆီးခဲ့တာ ဒီတစ်ကြိမ် အရေအတွက်အများဆုံးပဲ။
ဒီသတင်း ဖတ်ရတော့ အံ့အားသင့်မိတယ်။ တာချီလိတ်ဆိုတာ မြန်မာနဲ့ ထိုင်းနယ်စပ်မှာ တည်ရှိပြီး တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ကုန်သွယ်မှု နဲ့ ဒုစရိုက်မှုတွေ ထူပြောတဲ့မြို့တစ်မြို့အဖြစ် ထင်ရှားတယ်။ သိပ်မကြာသေးခင်ကပဲ နေ့ခင်းကြောင်တောင် သေနတ်နဲ့ပစ်သတ်မှု၊ ရွှေဆိုင်လုယက်မှုတွေ ဖြစ်ခဲ့တာလည်းတွေ့ရတယ်။
အံ့အားသင့်မိတာက အရေအတွက်များပြားတဲ့ တရားမဝင်နေထိုင်သူ တရုတ်တွေကို ဖမ်းဆီးရမိတာပဲ။ နယ်စပ်မြို့ဆိုတော့ တရားမဝင်နည်းလမ်းပေါင်းစုံနဲ့ ဝင်လာတာဖြစ်နိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နည်းမျိုးစုံနဲ့ လာဘ်စားပြီး မသိကျိုးကျွံပြုထားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့တတွေ လုပ်ကိုင်နေကြတာက အွန်လိုင်းဂိမ်းလောင်းကစားလုပ်ငန်း။ ပြီးတော့ လက်နက်တွေ။ မူးယစ်ဆေးဝါးတွေ။
ဒီဖြစ်ရပ်ဟာ နမူနာသေးသေးကလေးတစ်ခုမျှပဲ ဖြစ်ပါလိမ့်မယ်။ နယ်စပ်မြို့တွေမှာ တရားမဝင်ရောက်ရှိနေထိုင်ပြီး တရားမဝင်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအရေအတွက် ဘယ်လောက်အထိရှိနေပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ နယ်စပ်မြို့ကို အသာထားလို့ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာရော ဘယ်လောက်အထိ ရှိနေပြီလဲ ဆိုတာ မသိနိုင်ပါဘူး။ ထူးခြားမှုတစ်ခုက မြန်မာနိုင်ငံထဲ ဝင်လာတဲ့ တရုတ်တွေဟာ တရားဝင်စီးပွားရေးလုပ်ငန်းတွေထက် တရားမဝင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပါ။
ဒီအထဲမှာ မူးယစ်ဆေးဝါး။ လောင်းကစား တွေ အဓိက ပါဝင်တယ်။ တရုတ်နိုင်ငံဟာ သူ့နိုင်ငံတွင်းမှာ လောင်းကစားလုပ်ငန်းကိုတရားဝင် ခွင့်ပြုထားတာ မရှိပေမယ့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ကာစီနိုလောင်းကစားရုံကြီးတွေ ထူထောင်လုပ်ကိုင်နေတာတွေ့ရတယ်။ အဓိက ဖောက်သည်တွေကလည်း တရုတ်တွေပဲ။
တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဒေသတွင်းစီးပွားရေးချဲ့ထွင်မှုနဲ့ သြဇာလွှမ်းမိုးလာက စိုးရိမ်စရာအနေအထားပါ။ တရုတ်ခေါင်းဆောင်ပိုင်းက BRI လို အနာဂတ် စီးပွားရေးမဟာဗျူဟာနဲ့ အာရှ၊ အာဖရိက၊ ဥရောပအထိ တရုတ်သြဇာဖြန့်ကျက်ဖို့ ကြိုးစားနေချိန်မှာပဲ အာဆီယံဒေသတွင်းက တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ တရုတ်ရဲ့ BRI စက်ဝန်းထဲမှာ ပါဝင်နေတဲ့ လာအိုနိုင်ငံမှာ မီးရထားလမ်း၊ ရေအားလျှပ်စစ်စီမံကိန်း တွေကကို တရုတ်ရဲ့အရင်းအနှီးနဲ့ တည်ဆောက်နေချိန်မှာပဲ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက လာအိုဘက်ခြမ်း ရွှေတြိဂံမှာ ကာစီနိုနဲ့ ဟိုတယ်လုပ်ငန်းကြီးတွေ အကောင်အထည်ဖော်ထားပါပြီ။
ကမ္ဘောဒီးယားရဲ့ ပင်လယ်ကမ်းခြေမြို့ ဆီဟာနူဗီးလ် ဟာလည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ ကာစီနိုရုံဖွင့်လှစ်ပြီးနောက်ပိုင်း လောင်းကစားလုပ်ဖို့ ရောက်လာကြတဲ့ တရုတ်တွေနဲ့ စည်ကားနေသလို အိမ်ခြံမြေအများအပြားကိုလည်း တရုတ်တွေက မတန်တဆဈေးပေးပြီး ဝယ်ယူပိုင်ဆိုင်ထားကြတယ်။ အရင်က ကျောပိုးအိတ် ဥရောပကမ္ဘာလှည့်ခရီးသည်တွေ လာလေ့ရှိတဲ့ အဲဒီဒေသဟာ ခုတော့ တရုတ်ခရီးသွားတွေနဲ့ပဲ ပြည့်နေတယ်လို့ဆိုတယ်။ တရုတ်ခရီးသည်တွေက တရုတ်တွေဖွင့်ထားတဲ့ ဟိုတယ်မှာ တည်းပြီး တရုတ်စားသောက်ဆိုင်တွေမှာပဲ စားကြလို့ ဒေသခံတွေနစ်နာနေကြရတယ်လို့ ဆိုတယ်။
လာအို နဲ့ ကမ္ဘောဒီးယားကို အလွယ်တကူ ဝင်လို့ ရနေတဲ့ တရုတ်တွေဟာ မြန်မာနိုင်ငံထဲကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ဝင်ဖို့ ကြိုးစားနေကြတယ်။ တလောတုန်းက ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်မှာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ တရုတ်တွေက " ရွှေကုက္ကိုမြို့သစ်" တည်ဆောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ နယ်မြေထဲမှာ အဆောက်အဦးသစ်တွေ နဲ့ မြို့သစ်တစ်ခုကို တွေ့ရတော့ အံ့သြမိတယ်။ ဘယ်အချိန်က စပြီး အကောင်အထည်ဖော်လိုက်သလဲမသိ။ ဒီမြို့မှာလည်း တရုတ်တွေက ကာစီနိုရုံတွေ လာဖွင့်မယ်လို့ ကြားနေရတယ်။
တရုတ်တွေရဲ့ ဒေသတွင်းလွှမ်းမိုးလာမှုဟာ ဒီဘက်နှစ်အတွင်း ပိုသိသာလာတယ်။ တာချိလိတ်မှာ ဖမ်းဆီးမိတဲ့ တရားမဝင်တရုတ်နိုင်ငံသားတွေလိုပဲ ဖိလစ်ပိုင်နိုင်ငံမှာလည်း သိန်းနဲ့ချီတဲ့ တရားမဝင်တရုတ်လူမျိုးတွေ ရှိနေတယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ တရုတ်တွေက ဖိလစ်ပိုင်မြေမှာ ခြေချစီးပွားရှာရုံတင်မက ခွဲခြားဆက်ဆံမှုတွေကိုပါ သိသိသာသာပြုလုပ်လာတဲ့အတွက် ဖိလစ်ပိုင်လွှတ်တော်မှာ မေးခွန်းထုတ်ရတဲ့အထိဖြစ်လာတယ်လို့ဆိုတယ်။ တရုတ်တွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ တရုတ်တွေက ဖိလစ်ပိုင်တွေကို အလုပ်မခန့်ဘဲ တရုတ်တွေကိုသာ ခန့်တဲ့ကိစ္စအပြင် သိပ်မကြာသေးခင်က ပေါ်လာတဲ့ China Food City လို့ခေါ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခုမှာ ဒေသခံဖိလစ်ပိုင်နိုင်ငံသားတွေကို ဝင်ခွင့်မပြုတာတွေအထိဖြစ်လာတဲ့အခါ ဖိလစ်ပိုင်လူမျိုးတွေ ဒေါသပေါက်ကွဲခဲ့ကြတယ်။
အဲဒီ China Food City က စားသောက်ဆိုင်တွေမှာ ဆိုင်းဘုတ်တွေ၊ မီနူးတွေကအစ တရုတ်စာနဲ့ပဲ ရေးထားတယ်။ တရုတ်လူမျိုးတွေအတွက် သီးသန့်ဖွင့်ထားတာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားတွေ ဝင်ခွင့်မရှိဘူးလို့ဆိုတယ်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ထဲလာပြီး ခွဲခြားခံရလို့ ဖိလစ်ပိုင်တွေ ဒေါသပေါ်ကွဲနေကြတယ်။ တရုတ်နိုင်ငံသားတွေဟာ မနီလာလို မြို့ကြီးတွေကို ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ရောက်လာပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်လို့ ဆိုတယ်။
သူတို့ဟာ ယာယီအလုပ်လုပ်ခွင့်လက်မှတ် ရရှိပြီးတဲ့နောက်ပိုင်း တရားမဝင်ဆက်ပြီး နေထိုင်ကြတယ်လို့ဆိုတယ်။ အဲဒီလို ရောက်ရှိနေတဲ့ တရုတ်လူမျိုး အရေအတွက်ဟာ ၄၀၀,၀၀၀ လောက်ရှိတယ်လို့ သိရတယ်။ တရုတ်တွေက မင်ဒါနာအိုမှာ ဆိပ်ကမ်း၊ သံမဏိစက်ရုံနဲ့ စက်မှုဇုန် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေတယ်။
အဲဒီ စီမံကိန်းအတွက် အလုပ်အကိုင် ၅၀၀,၀၀၀ ဖန်တီးပေးမယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီအလုပ်အကိုင် ၅၀၀,၀၀၀ ကို ဖိလစ်ပိုင်လူမျိုးတွေက ရရှိဖို့ ဘယ်လောက်အာမခံချက် ရှိမလဲ မသိရဘူးလို့ ဆိုတယ်။ သေချာတာက ဖိလစ်ပိုင်မှာ တရုတ်တွေရဲ့ လွှမ်းမိုးလာမှုဟာ ဒေသခံ ဖိလစ်ပိုင်နိုင်ငံသားတွေကိုတောင် ခြိမ်းခြောက်လာနေပြီဆိုတာပဲ။
ဖိလစ်ပိုင်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်လူမျိုးတွေ အမြောက်အများရှိသလိုပဲ မြန်မာနိုင်ငံထဲကိုလည်း တရုတ်လူမျိုးတွေ ဘယ်လောက်ထိ ရောက်နေပြီဆိုတာ မသိနိုင်ပါဘူး။ BRI နဲ့အတူ တရုတ်ရဲ့ ဒေသတွင်းလွှမ်းမိုးလာမှုက စိုးရိမ်စရာတစ်ခုပါ။
အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိလို့ အဆင်ပြေအောင် ပေါင်းသင်းဖို့ လိုအပ်ပေမယ့် တရုတ်နဲ့ ပူးပေါင်းလုပ်မယ့် စီမံကိန်းတွေကိုတော့ သတိကြီးကြီးထားပြီး လုပ်ဖို့ လိုပါလိမ့်မယ်။
ဧပြီလကုန်ပိုင်းက တရုတ်ပြည်ကို ဒေါ်အောင်ဆန်းစုကြည်သွားတော့ တရုတ်အစိုးရနဲ့ မိတ်ဝတ်မပျက်
ဆက်ဆံရေးထူထောင်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် စာချုပ်တစ်ခု နဲ့ နားလည်မှု စာချွန်လွှာ နှစ်ခု လက်မှတ်ရေးထိုးခဲ့တယ်။
တရုတ်က မြန်မာနိုင်ငံဖွံ့ဖြိုးရေး နဲ့ ငြိမ်းချမ်းရေးအတွက် ယွမ် သန်း ၁၀၀၀ အကူအညီပေးမယ်လို့ ကတိပြုခဲ့တယ်။ ကမ္ဘာမှာ အကြွေးထောင်ချောက် ( Debt trapped ) ဆင်သူအဖြစ် နာမည်ကြီးနေတဲ့ တရုတ်နဲ့က မပေါင်းလို့လည်း မဖြစ်တဲ့ အခြေအနေမှာ ကိုယ့်ဖက်က သတိကြီးကြီးထားဖို့တော့ လိုတဲ့အကြောင်းပါ။
Credit;; ချစ်ဝင်းမောင်
၁၄-၅-၂၀၁၉

😥 သေမင်း၏ဖိတ်ခေါ်သံ 💀💀💀

😥 သေမင်း၏ဖိတ်ခေါ်သံ 💀💀💀
ပုံပြင် ၁ 👉 👉 👉
မနေ့ကပေါ့ ၊ ကိုဖြိုးနဲ့ စကားပြောခဲ့ကြတယ် ။ သူ့ပုံစံကြည့်ရတာ အားတော့မရှိဘူး ။ ဟာသ တွေ ပြောရင်းဆိုရင်း ရယ်မောနေကြသေးတယ် ။ သူ့ခမျာ ဘဝ က ကြမ်းတယ် ။ မိသားစု ထမင်းနပ်မှန်ဖို့ ရုန်းကန်ရတယ် လေ ။ မိန်းမက လေဖြတ်လို့ အိပ်ယာထဲလဲ ၊ သားသမီး ၅ယောက် ကျောင်းစရိတ် နဲ့ တယောက်တည်းရုန်းကန်နေရတာ ။ ဒီမိသားစု ကို ချစ်တဲ့စိတ်နဲ့ ရုန်းကန်နေရပေမယ့် ကြာလာတော့ အကြွေးတွေကြားထဲ နစ်နေပြီလေ ။
😱 ဒီမနက် အိပ်ယာကနိုးနိုးချင်း ဘော်ဒါကြီးတယောက်လာပြောတယ် ။ ကိုဖြိုး ဆုံးပြီတဲ့လေ 😥 ။ ကြိုးဆွဲချ သတ်သေတယ် ပြောတာပဲ ။ သတ္တဝါ တခု ကံတခုပေမယ့် ခုလိုမျိုး ရုတ်တရက် ထွက်သွားတာ တမျိုးကြီးဗျာ 😓
ပုံပြင် ၂ 👉 👉 👉
အောင်နိုင်က ကျနော်တို့ ဒုတိယနှစ် ဆေးကျောင်းသားတွေထဲမှာ တော်တဲ့ အထဲပါတယ် ။ ၁၀တန်းကို ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်လာတာလေ ။ အားကစားမှာလဲ ထူးချွန်တယ် ။ သူ့မိဘတွေက အလယ်အလတ် အခြေအနေပါပဲ ။ အောင်နိုင်က ရည်မှန်းချက်ကြီးတယ် ။ တနေ့မှာ အထူးကု ဆရာဝန်ကြီး ဘဝ နဲ့ သူ့ပြည်နယ်မှာ ပြန်အကျိုးပြုချင်တာ ။
သူကစာကြိုးစားတယ် ၊ စိုးရိမ်တတ်တယ် ။ ဆေးကျောင်းဒုတိယနှစ်ဆိုတာ စိတ်ဖိစီးမှု အများဆုံး ။ လွန်ခဲ့တဲ့ တပတ်က ဖြေရတဲ့ စာမေးပွဲ Test တခုမှာ အောင်နိုင် ကျရှုံးခဲ့တယ် ။ ကျနော်တို့မထင်ထားသလို သူလဲမထင်ထားဘူး ။ သူ့အိမ်ကလဲ လှမ်းဆူတယ် ။ ဒီတပတ်အတွင်း သူ့မျက်နှာ မကောင်းဘူး လို့တော့ သတိထားမိတယ် ။
ညနေ အတန်း Lecture ပြီးလို့အဆောင်ပြန်ကြတယ် ။ အခန်းထဲ ခဏ နားကြတာပေါ့ ။ ညကျတော့ ညစာထွက်စားကြမလို့ အောင်နိုင်ကို သွားခေါ်တယ် ။ လည်ပင်းပေါ်မှာ ကြိုးတန်းလန်းနဲ့. တွဲလောင်းကျနေတဲ့ သူ့ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရတယ် ။ ခုတင်ပေါ်မှာလဲ Death note နှုတ်ဆက်စာ တစ်ခုနဲ့ 😭😭😓
ပုံပြင် ၃ 👉 👉 👉
သူက ဆရာဝန်တယောက်ပေါ့ ၊ ward ထဲမှာ အရမ်းအလုပ်ကြိုးစားတယ် ။ ညလုံးပေါက်မအိပ်ပဲ အလုပ်ရှုပ်နေခဲ့ရင်တောင် နောက်တနေ့ ဆက်ပြီး အလုပ်လုပ်နေတတ်တာ ။ လူနာတွေကလဲ ချစ်ခင်အားကိုးကြတယ် ။ လုပ်ဖော်ကိုင်ဖက် တွေကလဲ ချစ်ကြတယ် ။ လွန်ခဲ့တဲ့ လ လောက်က ကျနော့်ကို သူ စိတ်ညစ်ကြောင်းပြောတယ် ၊ ဘာကြောင့်လဲတော့ မသိ ၊ မမေးမိ ။ သူ့လို အလုပ်ကြိုးစားပြီး ပျော်ပျော်နေတဲ့ သူတယောက်က ဘာများစိတ်ညစ်နေမှာလဲ ပေါ့ ။
မနေ့ည က ဆေးရုံက ဖုန်းဆက်တယ် ။ သူခွဲခန်းထဲ ရောက်နေတယ်တဲ့ ။ ဆရာဝန်ပဲ ခွဲခန်းထဲ ရောက်မှာပေါ့လို့ ရယ်ရယ်မောမော နောက်လိုက်သေးတယ် ။ မဟုတ်ဘူးတဲ့ သူက ရင်ခွဲခန်း ၊ ရင်ခွဲရုံထဲမှာတဲ့ ။ ''ဟမ်'' ဆိုပြီး ကိုယ်လဲ အံအားသင့်သွားတာပေါ့ ။ ညကြီးဆို ရင်ခွဲရုံက မဖွင့်တတ်ဘူးလေ ။ ဆေးရုံကို ပြေးပြီး ကြည့်တာပေါ့ ။ အရမ်းအလုပ်ရှုပ်နေကြတယ် ထင်တာလေ ။ ဆေးရုံရောက်တော့ ရင်ခွဲရုံနားလူအုပ်ကြီး နဲ့ အပြည့်ပေါ့ ။
ဘာ case လဲ ဆိုပြီး ရင်ခွဲရုံထဲဝင်ကြည့်တယ် ။ သူ့ရဲ လိပ်ပြာမဲ့ ခန္ဓာကိုယ်ကြီးဟာ ရင်ခွဲကုတင်ပေါ်မှာ အေးစက်နေလေရဲ့ 😔😔😔
😣😣😣 ပုံပြင် ( ၁, ၂ , ၃ ) မှာ တူညီတဲ့ အချက်တခုရှိတယ် ။ ကျနော်တို့တွေ ကျနော်တို့ချစ်တဲ့ သူငယ်ချင်းတွေရဲ့ ရင်ထဲက အပူကို မမြင်တတ် ၊ နားမထောင်တတ်ခဲ့ကြဘူး ။ သူတို့ရဲ့ ဆုံးဖြတ်ချက် ရဲ့နောက်ကွယ်မှာ သူတို့အသက်တွေ စတေးလိုက်ကြတယ် ။ သေခြင်းတရား ရဲ့ နောက်ကွယ်မှာ ထွက်ပေါက်ရှိမယ် ထင်ခဲ့ကြတယ်လေ ။
😔😞😖 မိတ်ဆွေ တို့ရေ အထက်က အဖြစ်အပျက်တွေဟာ ဖြစ်ရပ်မှန်မဟုတ်သော ဖြစ်ရပ်အမှန်များ ကို ရေးသားထားတာပါ ။ နောက်ခံအကြောင်းအရာတွေက အနှစ်သာရ အားဖြင့် အပြင်မှ တကယ် ရှိခဲ့ကြတယ် ။ မြန်မာနိုင်ငံ ဟာ သတ်သေမှုနှုန်း အများဆုံးနိုင်ငံထဲမှာပါပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO စစ်တမ်းအရ ကမ္ဘာမှာ လူ ၁၀၀၀၀၀ မှာ ၁၁ယောက် သတ်သေ တတ်ကြတယ် ။ မြန်မာနိုင်ငံ မှာတော့ လူ၁၀၀၀၀၀ မှာ ၁၃ ယောက်သတ်သေကြပါတယ်တဲ့ ။
https://www.mmtimes.com/…/suicide-myanmar-hanging-question.…
👍👍👍 ဆောင်ရန်
🙏🙏🙏 မိတ်ဆွေတို့ ကိုယ်တိုင် စိတ်ညစ်လာရင် ၊ မဟုတ်တဲ့ အတွေးတွေ ပေါ်လာရင် ယုံကြည်ရတဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေ ဆီ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။
🙏🙏🙏 မိတ်ဆွေတို့ သူငယ်ချင်းတွေက ယုံကြည်စွာ နဲ့ ရင်ဖွင့်လာရင် အချိန်ပေးနားထောင်ပေးလိုက်ပါ ။
🙏🙏🙏 ရင်ထဲမှာ ဖြစ်လာတဲ့ အစိုင်အခဲ တစ်ခု ၊ စိတ်ညစ်စရာ တခုဟာ ယုံကြည်ရသူဆီမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ရတဲ့အခါ အတော်အတန်လျော့သွားတတ်ပါတယ် ။
🙏🙏🙏 အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ ။
Photo: Crd


ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ

ကဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ
═══════════════════════
  ❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့---
━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။
❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ။ ᠌᠌᠌
❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (၀ိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။
❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။
❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။
❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။………။

သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့။ ᠌᠌᠌
❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။
❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။
❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။
❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။
❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။
(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊
★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ .... … …။
__________________________________________________
မဟာပုရိသဝိတက်
(ဗုဒ္ဓ နေ့ အတွက့်ရေးတဲ့စာ) ᠌᠌᠌
═══════════════════════════════
❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊
☞ ၁ ။ ။ ဗျာဒိတ်ယူသည့်နေ့
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။
☞ ၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့
မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။
☞ ၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့
မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။
☞ ၄။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။
☞ ၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။
မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။
☞ ၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )
တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ
၆. နေ့ဖြစ်ရောပေါ့ဗျာ....
❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ
ဘုရားရယ်လို့ဖြစ်လာအောင်
ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ
သိကြဖို့လိုတာပါဘဲ။
❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)
သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)
မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု
ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်
သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း
သစ္စာ လေးပါးကိုသိသော ဥာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ ပုညား၊ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်
ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ
ဘိဝံသ. ကပြဆိုပါတယ်
❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့
ပါရမီဖြည့်လာတဲ့ အချက်ကို
မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိုး
ဖွင့်ပြီးပြပါတယ် ......
၁ ။ ။ ဒေန္တာ ဒေမယ်ံ ။
ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်
တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေးစေရ
မယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။
၂ ။ ။ သန္တော သမေယျံ ။
ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်
တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်
အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။
၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။
ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး
သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့
အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ
ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်
နိုင်ဖို့ညွှန်ပြတော်မူမယ်။
၎ ။ ။ မုတ္တော မောဓေယျံ ။
ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့
ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီ
ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို
လည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။
၅ ။ ။ နိဗ္ဗူ တော နိဗ္ဗာ ပေယျံ ။
ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်
ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု
နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း
ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး
ညွှန်ပြမယ် ။
၆ ။ ။ တိဏ္ဏော တရေယျံ ။
ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်
မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊
တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်
လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။
၇ ။ ။ အသ၁ာ သတ္တော သ၁ာသေယျံ ။
ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်
အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။
တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး
အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁
ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။
၈ ။ ။ သုဒ္ဓေါ သောစေယျံ ။
ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က
လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း
တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်
ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး
လွတ်မြောက်စေရမယ် ။
❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်
လာခဲ့ရပါသတဲ့… …
မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို
မြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေးဇူးဟာလဲ
ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့
ကျေးဇူးရှိမှန်းသိကြ
ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။
❖ စေတနာအရင်းခံဖြင့်
မူရင်းတင်သူအား လေးစားစွာဖြင့်Cd ပေးအပ်ပါသည်။
ရဲရင့် ထွန်း





Facebookမှာ မတင်သင့်တဲ့အရာတွေ.........

Facebookမှာ မတင်သင့်တဲ့အရာတွေ.........
________
ခုခေတ်မှာ Facebook မသုံးတဲ့သူ ကတော့ ခပ်ရှားရှားပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို facebook ရဲ့ အခန်းကဏ္ဍက တော်တော်ကို အရေးပါတာလေ။ Facebook ပေါ်မှာ အကြောင်းအရာ မျိုးစုံ၊ အရောင်အသွေး ပေါင်းစုံ တွေကို တင်ကြတယ်၊ မျှဝေကြတယ်။ ဒါတစ်နည်းအားဖြင့် ကောင်းပါတယ် ကမ္ဘာကြီးကို ရွာလေးတစ်ရွာ ဖြစ်သွားစေတာပေါ့။ ဒါပေမယ့်လည်း Facebook ဆိုတာက အသုံးချတတ်ရင် ကောင်းကျိုးတွေ အများကြီး ရှိသလို မသုံးတတ်ရင် တစ်ခါတစ်လေ ကိုယ့်အတွက် အန္တရာယ် ဖြစ်လာစေပါတယ်။ တစ်ချို့ အခြေအနေကျတော့ ကိုယ့်ဒုက္ခကိုယ် မီးထွန်းရှာသလို ဖြစ်သွားမိစေတာပေါ့။ ဆိုတော့ ပြောချင်တာက Facebook ပေါ်မှာ မတင်သင့်တဲ့ တစ်ချို့ တစ်ချို့သော အရာလေးတွေလည်း ရှိတယ်ပေါ့လေ။ ကဲ ဘာတွေများလဲ သိချင်နေကြပြီ မဟုတ်လား။ အောက်မှာပုံလေးတွေနဲ့ ပြထားပါတယ် လေ့လာရအောင်။
#Credit:









ပစ်မထားကြပါနဲ့ဗျို့း့ 

ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကိုလိုနီခေတ်ကနေစပြီးရခဲ့တဲ့ စရိုက်ဆိုးတစ်ခု ကျန်ခဲ့တယ်။ အဲဒါကဘာလဲဆိုတော့ သူ့ နယ်မြေအပိုင်းအလိုက်ကြီးစိုးနေကြတဲ့ လူ မိုက်အဖွဲ့တွေနဲ့ ခေါင်းဆောင်တွေပါပဲ။ ကို လိုနီခေတ်က ရှိခဲ့ဖူးတဲ့ အများသိဖြစ်သော လမ်းမတော် ဦးဖိုးတုတ်တို့လိုမျိုးပေါ့။ သာ ကေတမှာ ဘယ်သူတွေရှိတယ်။ ဆင်မလိုက် လူမိုက်၊ ဆိတ်ကြီးကနောင်တို၊ သင်္ဃ္န်း ကျွန်း၊ ရန်ကုန်မြို့လယ်ပိုင်း၊ လှိုင်သာယာ၊ အရှေ့ဒဂုံ (၁၃၃) မှာ စသည်ဖြင့် အများကြီး ရှိကြတယ်။

သည်လူမိုက်တွေ မျိုးပွားရှင်သန် မပျောက်ဆုံးရခြင်းအကြောင်းက ဘယ်က စလဲ။ အသက်ဆယ့်သုံးနှစ်အရွယ် ကျောင်း သားလူငယ်တွေက စတယ်။ သူတို့ထဲက အတန်းထဲမှာ လက်ရဲဇက်ရဲရှိသူကို အား ကျကြတယ်။ အများစုသော လက်ရဲဇက်ရဲ ရှိသူတွေကလည်း မျိုးရိုးအလိုက် အတုယူ ဖြစ်လာကြတာ။ ရပ်ကွက်ထဲက ထောင်ကျ ဖူးသော၊ စရိုက်ကြမ်းသော သူတို့ရဲ့သား တွေ အဖြစ်များကြတယ်။ ထိုသူတို့ရဲ့ အ ထက်အထက်တွေမှာမှ သူ့နယ်မြေ သူ့အ ပိုင်လိုက် ကျက်စားကြတဲ့ လူမိုက်ခေါင်း ဆောင်တွေရှိတာကိုး။ ဒါကို စာသင်ခန်းထဲ မှာလည်း စိတ်မပါလှသော၊ အလကားနေ ရင်း အတန်းမှန်မှန်အောင်နေသော၊ ရပ် ကွက် လူမိုက်၊ လူဆိုး၊ စရိုက်ကြမ်းသူတို့၏ သားအချို့သည် ကျောင်းတွင် လက်ရဲဇက် ရဲပြုကြ၏၊ အနိုင်ကျင့်၏၊ သူတို့ မြင်ပင် မမြင် ဖူးသော မြို့နယ်အလိုက် အပိုင်စားလူမိုက် များအကြောင်း မစားရဝခမန်းပြောပြီး သူ တို့ကိုပင် မြေတောင်မြှောက် ကျောထောက် နောက်ခံပြုနေသကဲ့သို့ ဆိုကြ၏။

ကျန်သော ကျောင်းသားငယ်များထဲမှ အများစုသည် ထိုစကားများကို အားကျ၏။ ထိုကျောင်းသားကဲ့သို့ပင် အခြားကျောင်း သားများမှ မိမိကို ကြောက်ရွံ့နေစေလိုစိတ် ရှိကြ၏။ ထိုလက်ရဲဇက်ရဲနိုင်သော ကျောင်း သားကို ဆရာတင်ပြီး ပေါင်း၏။ ရန်ပွဲတွေ ကို ခေတ်စားနေသော ဘောလုံးကွင်းများ ၌ ဘောလုံးကန်ရင်း ကျင်းပကြ၏။ ဤသို့ ဖြင့် ပျက်စီးရာလမ်းစပေါ် ရောက်စပြု၏။ မိဘများကလည်း မိမိငယ်စဉ်က မိဘမပါ ဘဲ ဘယ်မှ မသွားလာရသည်ကို ဒီမိုကရေစီ နှင့်မညီ၊ ချုပ်ချယ်သည်ဟု ဒီမိုကရေစီ အဓိပ္ဗာယ်လွဲမှားကောက်ယူကြပြီး ၄င်းတို့ ၏ သားသမီးများလက်ထက်တွင် ဟိုဟို သည်သည် လွတ်လပ်စွာ သွားခွင့်ပြုကြ၏။ ထို့ကြောင့်လည်း စစ်တမ်းများအရ အပျို အစစ်အဖြစ် အိမ်ထောင်ဘက်ကို ဂုဏ်မပြု နိုင်ကြသော သမီးပျိုငယ်ရွယ်သူတို့လည်း ပေါလာ၏။

တကယ်တော့ သားယောကျာ်းလေး ရယ်၊ သမီးမိန်းကလေးရယ်မို့ ပိုပြီး အုပ် ထိန်းရမည် မရှိ၊ လွတ်လပ်စွာပေးရန် သင့် တော်သော အခွင့်အရေးကိုသာ ပေးခွင့်ပြု ၏။ ကိုယ့်တိုင်းပြည်၏ အခြေအနေကိုလည်း ယှဉ်ထိုးကြည့်ရ၏။ ထိုကဲ့သို့ မဆုံးမမိ၍ ခွင့် မပြုသင့်သည်ကို ခွင့်ပြုမိသောသာဓက နှစ်ခုကို ပြလို၏။

မရှမ်းသည် မြောက်ဒဂုံမြို့နယ် (xx) ရပ်ကွက် အမှတ် (xx) ဈေးတွင် ရှမ်းခေါက် ဆွဲရောင်းပြီး အသက်မွေးဝမ်းကျောင်းပြု ၏။ သူမ၏သားသည် အထက်တွင် ဖော်ပြ သကဲ့သို့သော ကျောင်းစာသင်ခန်းထဲမှာ လက်ရဲဇက်ရဲနိုင်သူ၏ နောက်လိုက်ဘဝ ဖြင့် ၁၀ တန်းမအောင်၊ အသက်က ၁၇ နှစ် ရောက်လာ၏။

တစ်ညတွင် ထိုလူငယ်တို့ လမ်းထိပ် အုတ်ခုံတွင် ထိုင်နေကြသည်။ သူတို့အဖွဲ့ ထိုင်နေစဉ် တက္ကစီကားတစ်စီးက ဖြတ် မောင်းရာ အချိုးမပြေသောကြောင့် တစ် ဖက်နှင့် တစ်ယောက် စကားများကြ၏။ တကယ်တော့ လမ်းဟူသည်ကား သွားရန် ဖောက်ထားသောအရာဖြစ်၏။ လမ်းထိပ် ဆိုသည်မှာ အုပ်စုလိုက်ဖွဲ့ပြီး ထိုင်နေလျှင် ကွေ့သောကားအတွက် အနှောင့်အယှက် တစ်ခုဖြစ်စေ၏။ တက္ကစီသမားသည် ကား ပေါ်တွင် အတူလိုက်ပါလာသော ဇနီးသည် ကို အိမ်ပြန်ပို့၍ မရှမ်း၏သားနှင့်အဖွဲ့အား ပြန်လည်ကာ စိန်ခေါ်တိုက်ခိုက်သည်။ အ များနှင့် တစ်ယောက်ဖြစ်၍ တက္ကစီသမား လည်း အသက်ဆုံးသွား၏။ မရှမ်းမ၏ သား နှင့်အဖွဲ့လည်း ထောင်နန်းစံသွားရ၏။

လူငယ်တို့တွင် မှားယွင်းသောအစွဲများ ရှိ၏။ တစ်ယောက်က ရန်ဖြစ်၍ ကျန်သူများ က ဝင်မပါလျှင် သစ္စာမရှိဟု ကိုယ့်ကိုယ်ကို ယူဆကြ၏။ တကယ့်တော့ မဟုတ်ပါ။ အများနှင့်တစ်ယောက်ဆိုလျှင် မည်မျှ ယောကျာ်းမပီသပြီး သူရဲဘောကြောင် သည်ကို မတွေးတတ်ခြင်းပါ။ ထိုထက်ပို၍ ယခုကဲ့သို့ ခြေလွန်လက်လွန်ဖြစ်သွားပြီးမှ မိမိတက်လမ်း အညွန့်ကျိုးကာ ထောင်ထဲ တွင်   အသက်ကြီးမည့်အရေး ကြိုမတွေး တတ်သော၊အသိဉာဏ်နည်းပါးသူမှ မိုက်မဲ သူ (ဝါ) လူမိုက်ဟုမခေါ်လျှင် မည်သူကို ခေါ်မည်နည်း။

လူငယ်တို့သည် အပေါင်းအသင်း အ လွန်မင်တတ်၏။ သို့သော် ဘယ်ဟာ  အ ပေါင်းအသင်းကောင်း၊ ဘယ်သူက မကောင်း တဲ့ အပေါင်းအသင်းဟု မခွဲခြားတတ်သလို မိမိကိုယ်တိုင် တခြားသူငယ်ချင်းများအ တွက် အပေါင်းအသင်းကောင်းဖြစ်အောင် ဘယ်လိုနေထိုင်ရမည်ကို မသိ။ မိဘက လည်း ညွှန်ပြပေးနိုင်သူ အလွန်ရှားသော ခေတ်ဖြစ်၏။ နင် သည်ကောင်နဲ့ မပေါင်းနဲ့၊ သည်ကောင် အိမ်မလာစေနဲ့ဆိုသော တစ် ချက်လွှတ်အမိန့်များသာ ထုတ်ချင်ကြ၏။ ဘာကြောင့် မပေါင်းစေချင်လဲ ဆိုသည်ကို စိတ်ရှည်လက်ရှည် ရှင်းမပြသလို အပေါင်း အသင်းကောင်းတို့မည်သည် မည်ကဲ့သို့ ကျင့်ဝတ်မျိုးရှိသူကို ခေါ်သည်ဟု ငယ်စဉ် ကပင် နားထဲစိမ့်ဝင်အောင် ပြောလေ့မရှိ ကြ၊ ငါ မထိန်းရလျှင်ပြီးရော၊ နားအေးသက် သာလျှင်ပြီးရောဟုဆိုကာ ဖုန်းတစ်လုံး ဝယ်ပေးထားတတ်ကြသောခေတ် ဖြစ်၏။

ထို့ကြောင့် ယနေ့လူငယ်အများစုသည် နီတိမသိ၊ လောကဝတ်နားမလည်၊ ယဉ် ကျေးမှု လျော့ပါးသူများ၍ ဆုတ်ကပ်သို့ ရောက်လာရ၏။ ဆုတ်ကပ်သည် ဘုရား ဟော၍ ရောက်ရသည်ထက် အနှီမိဘများ နေသာသလိုနေကြ၍ ပိုပြီး အရောက်မြန် လာကြခြင်း ဖြစ်၏။

နောက် သာဓကတစ်ခု ပြပါဦးမည်။ ကိုဆောင်းသည် သူ၏သား တက္ကသိုလ် ကျောင်းသားကို အလွန်ချစ်၏။ သားလုပ် သူကလည်း လိမ္မာသည်။ ဖခင်ချစ်လောက် အောင်ပင်လိမ္မာ၏။ အနှီတက္ကသိုလ်ကျောင်း သားလေးသည် တစ်နေ့တွင် မူးယစ်ဆေး ဝါး အများအပြားထည့်ထားသော ကျောပိုး အိတ်တစ်လုံးဖြင့် အဖမ်းခံခဲ့ရပြီး ထောင် ဒဏ် ၂၅ နှစ်ကျသွား၏။

အကြောင်းမှာ ဤသို့တည်း၊ မောင် ဆောင်း၏သားသည် သူ၏ သူငယ်ချင်း ဖြစ်သူက အပြင်သွားစရာရှိသောကြောင့် အိမ်အထိလာကာခေါ်၍ ဆိုင်ကယ်ဖြင့် လိုက်ပါသွား၏။ သူငယ်ချင်းဖြစ်သူက ကျောပိုးအိတ်ကို လွယ်ပိုးထား၍ မောင် ဆောင်း၏သားမှာ ဆိုင်ကယ်နောက်မှ လိုက်ရန် သိပ်ပြီး အဆင်မပြေသည်ကို ဆိုင်ကယ်စီးဖူးသူတိုင်း သိပါလိမ့်မည်။ ထို့ ကြောင့် သူငယ်ချင်းလုပ်သူမှ မောင်ဆောင်း ၏ သားကို သူ၏ကျောပိုးအိတ်လွယ်ပေး ထားပါဟု ဆိုလသည်။ မောင်ဆောင်း၏ သားမှာလည်း ငြင်းရန် အကြောင်း မမြင်။ ထို့ကြောင့် လွယ်ပိုးထားလိုက်၏။

လမ်းတွင် သက်ဆိုင်ရာမှ တားပြီး စစ်ဆေးသောအခါ မောင်ဆောင်း၏သား လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိလေ၏။ ဆိုင်ကယ် ဖြင့် လာခေါ်သော မူးယစ်ဆေးဝါးပိုင်ရှင် သူငယ်ချင်းကမူ မောင်ဆောင်း၏သားက ဘယ်ရပ်ကွက်ကို သူ၏ဆယ်ကယ်ဖြင့် လမ်းကြုံလိုက်လို၍ အကူအညီတောင်း သောကြောင့် ဆိုင်ကယ်ဖြင့် တင်ခေါ်လာ ရပါသည်ဟု ထွက်ဆိုကာ အလွတ်ရုန်း၏။ ဆိုင်ကယ်ပိုင်ရှင်မူ အထောက်အထားပြ ၏။ တက္ကသိုလ်တွင် တစ်ခန်းတည်း အတူ တက်ကြောင်း သက်သေပြ၏။လူဆိုးသည် လူကောင်းဖြစ်သွား၍ လူကောင်းသည် မျက်စိတမှိတ်အ တွင်း လူဆိုးဖြစ်လေပြီ။  အပေါင်းအသင်းမှားသောကြောင့် ကိုယ့် ကောင်းလည်း ခေါင်းရွေ့ရပါသည်။

ယနေ့ခေတ်သည် ကွမ်းယာဆိုင်မှအစ တက္ကသိုလ်ကျောင်းသား စသည်ဖြင့် အ လွှာအစုံတွင် မူးယစ်ဆေးဝါးရောင်းချနေ ကြ၍ မိမိတို့၏သားသမီးများကို အမှား အမှန် ဝေခွဲနိုင်လောက်အောင် အသက် ၂၅ နှစ်အောက်အထိ ပညာကိုသာ အဓိက အာရုံစိုက် လိုက်စားစေခြင်းဖြင့် နောင် ရေ ရှည် ဘဝကောင်းအောင် ဖန်တီးပေးသင့် ၏။ ဒါဆိုလျှင် သားယောကျာ်းလေး မွေး ထားပြီး အိမ်တွင်းအောင်းကာ စာကျက်ခြင်း တစ်မျိုးတည်းလုပ်ပေး၍ ရပါမည်လောဟု ပြန်မေးကြပါမည်။ မဟုတ်ပါ။ မိမိတတ်နိုင် သည့်  အတိုင်းအတာအရ သူ စိတ်ဝင်စား နိုင်သော အားကစားတစ်မျိုးမျိုးကို တွဲဖက် လုပ်ဆောင်စေချင်ပါသည်။ နိုင်ငံတော်က လည်း ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် အဘက် ဘက်မှ ပံ့ပိုးသင့်၏။

မြောက်ဒဂုံမြို့နယ်၏ အားကစားခန်းမ ရှိရာ မဝတလမ်းဆုံအနီးက မိုးလုံလေလုံ အားကစားကွင်းတွင် ဘော်လီဘောပုတ် နေကြသူများကို ကျွန်တော် သွားလေ့လာ ကြည်ဖူး၏။ လူငယ်တစ်ဦးသည် ဘော်လီ ဘောပုတ်နေရင်းဖြင့် အားခနဲအော်ကာ လဲကျသွား၏။ ကျန်သူများက ဝိုင်းပြီး ပြုစု ကြသည်။ ကျွန်တော် စပ်စုကြည့်လိုက်တော့ ခြေထောက် (ခြေဖဝါး) တွင် သွေးများ ထွက် နေသည်။ ဘာကြောင့်လဲဟု ထပ်မံစပ်စု ကြည့်၏။ သည်လိုပဲ ခဏခဏဖြစ်တတ် တယ် ဦးလေး၊ အောက်ကခင်းထားတဲ့ ကြမ်းပြင်က တစ်နှစ်ကျောက် နှစ်နှစ် လောက်ပဲ ရှိသေးတယ်။ ရိုကာ်းတဲ့ သံတွေ က ကြွကြွပြီးတက်လာတော့ ကစားသမား တွေ မကြာခဏခံရတယ်။ ကိုယ်ခံပညာ သင်တဲ့သူတွေဆို ပိုဆိုးသေးတယ်တဲ့။

ကဲ ဒီမိုကရေစီခေတ်မှာ ဘယ်သူ ကန် ထရိုက်လဲ၊ ဘယ်သူ တာဝန်ရှိသလဲ၊ သည် လိုပုံစံဖြင့်တော့ ကျွန်တော်ပြောသလို လူ တန်းစားပေါင်းစုံက လူငယ်တွေ အားကစား လုပ်ရင်း စာကျက်ရင်းဖြင့် ဘဝကို ကျော် ဖြတ်ရန် လွယ်တော့မည်မဟုတ်၊ ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ၊ တစ်ခုပဲ လုပ် တတ်တော့သည်၊ ပစ်မထားကြပါနဲ့ ဗျိုးဟု အော်ရုံသာ့။
Author:
ကိုမိုး (၄-၅-၂၀၁၉)


သတင်းနည်းပညာဆိုင်ရာ အရေးပေါ်အခြေအနေ သမ္မတထရမ့် ထုတ်ပြန်ကြေညာ

အမေရိကန်ကွန်ပျူတာကွန်ရက်ကို နိုင်ငံခြားရန်သူများရန်မှ ကာကွယ်ရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မေ ၁၅ ရက်တွင် သတင်းနည်းပညာ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်သည်။

ထရမ့်သည် သမ္မတဆိုင်ရာညွှန်ကြားချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အမိန့်အရ အမေရိကန်ကုမ္ပဏီများသည် အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေနိုင်သည်ဟု ယူဆခံရသည့် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်ခွင့်ရရှိမည်မဟုတ်ချေ။

ညွှန်ကြားချက်တွင် မည်သည့်ကုမ္ပဏီအမည်ကိုမျှဖော်ပြထားခြင်းမပြုသော်လည်း တရုတ်ထိပ်တန်းနည်းပညာကုမ္ပဏီကြီး ဟွာဝေးကို ရည်ရွယ်ကြောင်း သိသာထင်ရှားနေသည်။ အမေရိကန်ပြည်ထောင်စုတွင် လုပ်ငန်းလည်ပတ်ခွင့်ကန့်သတ်ခံရမှုကြောင့် အမေရိကန်စားသုံးသူများနှင့် ကုမ္ပဏီများသာ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း ဟွာဝေးက တုံ့ပြန်ခဲ့သည်။

တရုတ်အစိုးရသည် ဟွာဝေးထုတ်နည်းပညာပစ္စည်းများမှတစ်ဆင့် ထောက်လှမ်းရေးပြုလုပ်နိုင်ကြောင်း အမေရိကန်ဦးဆောင်သော နိုင်ငံများစွာတို့က မကြာသေးမီတွင်ပြောဆိုခဲ့သည်။ ဖိုက်ဂျီကွန်ရက်အတွက် ဟွာဝေးထုတ်နည်းပညာပစ္စည်းများကိုအသုံးမပြုရန် အမေရိကန်ပြည်ထောင်စုက မဟာမိတ်များကို ဖိအားပေးလျက်ရှိနေသည်။

ဟွာဝေးကို သတိထားရမည့် ကုမ္ပဏီစာရင်းတွင်ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ စာရင်းတွင်ထည့်သွင်းခံရပါက အဆိုပါကုမ္ပဏီတစ်ခုသည် အစိုးရ၏ခွင့်ပြုချက်မရ အမေရိကန်ကုမ္ပဏီများထံမှ နည်းပညာရယူခွင့်ရရှိမည်မဟုတ်ချေ။

အမေရိကန်နှင့် တရုတ်တို့၏အာဏာအားပြိုင်မှုတွင် ဟွာဝေးသည် ကြားညပ်နေခြင်းဖြစ်သည်။သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်း၏အားနည်းချက်များကို အခွင့်ကောင်းယူနေသည့် နိုင်ငံခြား တိုင်းပြည်များနှင့် အဖွဲ့အစည်းများ၏ရန်မှ အမေရိကန်ပြည်သူများကို ကာကွယ်ရန် သမ္မတထရမ့်က ညွှန်ကြားချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ゞင်းတို့ထုတ်နည်းပညာပစ္စည်းများသည် မည်သည့်လုံခြုံရေးကိုမျှ မထိခိုက်သလို တရုတ်အစိုးရအတွက်လည်း သူလျှိုလုပ်ပေးခြင်းမရှိကြောင်း ဟွာဝေးကထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ဟွာဝေးကိုလုပ်ငန်းလည်ပတ်ခွင့်ကန့်သတ်ခြင်းကြောင့် အမေရိကန်သည် ပိုမိုလုံခြုံမှု၊ ပိုမိုအင်အားကြီးမှုရှိလာမည်မဟုတ်ကြောင်း ဟွာဝေးကုမ္ပဏီက မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟွာဝေးကိုကန့်သတ်မှုကြောင့် အမေရိကန်သည် အရည်အသွေးညံ့သော်လည်း ကုန်ကျစရိတ်ပိုမိုများပြားသည့် အခြားကုမ္ပဏီထုတ်ပစ္စည်းများကိုအသုံးပြုရမည်ဖြစ်ကာ ဖိုက်ဂျီကွန်ရက်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း ဟွာဝေး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သူလျှိုမလုပ်ပါဟု ကတိပြုချက်ကို အစိုးရများနှင့် စာချုပ်ချုပ်ဆိုရန် လိုလားနေကြောင်း ဟွာဝေးအကြီးအကဲ လျန်းဟွာက မေ ၁၄ ရက်တွင်ပြောဆိုခဲ့သည်။



Credit - Myanmar Times