ရန်ကုန် မတ် ၁၈
နိုင်ငံတကာအဖွဲ့အစည်းအချို့၏ စွပ်စွဲချက်ပါ အစီအရင်ခံစာများအပေါ် ထပ်မံစိစစ်အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်း၍ ယနေ့တွင် စတင်စစ်ဆေးဆောင်ရွက်မည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မြတ်ကျော်က တာဝန်ယူထားပြီး အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီးကျော်ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင် တို့ပါဝင်သည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့မှ ဦးဆောင်သည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား အနည်းဆုံးအင်အား ၆၂၀၀ ကျော်ခန့်မှ အများဆုံးအင်အား ၁၀၀၀၀ ကျော်ခန့်တို့က မိုင်းထောင်ဖောက်ခွဲခြင်း၊ ဓား၊ လှံ၊ လက်နက်ငယ်၊ လက်လုပ်မိုင်းများဖြင့် အင်အားသုံး၍ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတို့ရှိ တပ်မတော်တပ်ဌာနချုပ်တစ်ခုနှင့် ရဲကင်းစခန်း ၃၀ ခုအပါအ၀င် ရခိုင်တိုင်းရင်းသား ကျေးရွာများအားလုံးနီးပါးသို့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့သည်။
အဆိုပါနေ့တစ်ရက်တည်းတွင် ထိတွေ့တိုက်ပွဲ ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ပေါင်း ၁၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ရဲကင်း စခန်းများမှ လက်နက်ငယ် ၆ လက် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံပါရှိသွားခဲ့သည့် အပြင် ဒေသခံအရပ်သားများစုစုပေါင်း ၁၃၀ ဦးမှာလည်း ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံခဲ့ရသည်။
သို့ဖြစ်၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ထုတ်ရန်၊ ၎င်းတို့ယူဆောင်သွားသော လက်နက်ခဲယမ်းများ အမြန်ပြန်လည်သိမ်းဆည်းရရှိစေရန်နှင့် ဒေသခံပြည်သူများ၏လုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ရာ၌ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်တစ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က သက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များသို့ ညွှန်ကြားခဲ့သည်။
ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းစစ်ဆေးစေခဲ့သည်။ ဖော်ထုတ်ချက်များအရ နယ်မြေဒေသလုံခြုံရေးအတွက် ကွပ်ကဲစီမံအုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများကြိုတင် လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကိုလည်း လိုအပ်သလိုအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များအရလည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသားဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုတင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ်အတည်ပြုရန်လိုအပ်သည်။
ထို့ကြောင့် ဖြစ်စဉ်အသီးသီးအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းထုတ်ပြန်ထားသည်။
သတင်း-မင်းဟိန်း
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image may contain: 4 people, people standing