Monday, March 18, 2019
မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ခုနစ်ဦးဒဏ်ရာရရှိကာ နေအိမ်အချို့မီးလောင်မှုဖြစ်ပွား
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ခုနစ်ဦးဒဏ်ရာရရှိကာ နေအိမ်အချို့မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ် ၁၈ ရက် ည ၇ နာရီကျော်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီး ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းက " ကျွန်မတို့အိမ်ဘက်ကိုလည်း ပစ်သွားတယ်။ ဘာတွေထိသွားတယ်ဆိုတာ အခုထိ အခန်းထဲက ထွက်မကြည့်ရဲသေးဘူး။ မနက်ကျမှပဲ ထွက်ကြည့်ရမယ်။ မြို့တွင်းမှာပစ်တာပါ" ဟု ပြောကြားသည်။
" ထိခိုက်ဒဏ်ရာရမှုအနေနဲ့ ဝမ်းတီးနဲ့ ဆင်ချဆိပ်မှာ ဒဏ်ရာရတာသိရတယ်။ နောက်ပြီးတော့ လက်နက်ကြီးကျတဲ့အတွက် ရွာဟောင်းတောမှာအိမ်တစ်ဆောင်မီးလောင်သွားတယ်။ နောက်ပြီးဘောင်းဒွတ်ရပ်ကွက်ဘက်မှာလည်း မီးလောင်တယ်လို့ သိရတယ်။ ဒါပေမယ့် မီးသတ်ကားနဲ့ အရေးပေါ်ကယ်ဆယ်ရေးမထွက်ရဲဘူးဖြစ်နေတယ်လို့ သိရတယ်"ဟု ၄င်းကဆက်လက်ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီးဒေါ်ခင်သန်းက လက်ရှိတွင် မြောက်ဦးမြို့သည် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန်ဆာင်ရွက်နေသော ကာလဖြစ်ကြောင်း၊ ယင်းအတွက် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်းထိခိုက်ကြောင်း၊ ထို့ပြင် အပြစ်မဲ့သည့်ပြည်သူများအနေဖြင့် ယခုကဲ့သို့ ထိခိုက်ရမှုများအပေါ်တွင်လည်း စိတ်မကောင်းဖြစ်ရကြောင်း၊ မြို့သူမြို့သားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလားသူများဖြစ်ကြောင်း ဒေါ်ခင်သန်းကပြောကြားသည်။
" လက်နက်မဲ့တဲ့ ပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ်တာကတော့ မလုပ်သင့်တဲ့ကိစ္စပါ။ ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့အိမ်နားမှာလည်း ပစ်တယ်။ လမ်းတစ်လျှောက်လုံး တောက်လျှောက်ပစ်သွားတာပါ။ အခုကျွန်မတို့အားလုံး အိမ်ထဲမှာ ဝပ်နေရပါတယ်"ဟု ဒေါ်ခင်သန်းက ပြောကြားသည်။
လက်နက်ကြီးကျ၍ နေအိမ်တစ်လုံးမီးလောင်ပြီး လူခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ရွာဟောင်းတောကျေးရွာမှ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသား နှစ်ဦး ဒဏ်ရာရရှိသွားပြီး ဝမ်းတီးရပ်ကွက်မှာ အမျိုးသမီးတစ်ဦးအပြင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာရရှိသွားကြောင်းသိရသည်။ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးငယ်မှာ နေရပ်လိပ်စာမသိရှိရသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
အလားတူ ရွာဟောင်းတောကျေးရွာတွင် နေအိမ်တစ်လုံး လက်နက်ကြီးကျည်ကျ၍ မီးလောင်ခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့မှ မြို့ဦးဂေါင်းဆရာတော်က " ဒဏ်ရာရတဲ့လူက နည်းတာလည်းရှိတယ်။ များတာလည်းရှိတယ်၊ လက်တို့ ခြေထောက်တို့ပေါ့၊ အဓိကတော့ ရန်ကုန်-စစ်တွေလမ်းကနေ ပစ်သွားတာကို တွေ့ရတယ်၊လက်နက်ငယ်ပစ်ပြီးနောက်တော့ လက်နက်ကြီးတွေလည်းပစ်သွားတာကို တွေ့ရတယ်။ နောက်ထပ်တစ်ယောက်လည်း ဒဏ်ရာရထားတယ်လို့ဆိုတယ်။ ဒါပေမယ့် ဘယ်နေရာဆိုတာမသိသေးဘူး"ဟု ဆရာတော်က ည ၁၁ နာရီခန့်တွင် မိန့်ကြားသည်။
ည ၁၁ နာရီခွဲခန့်တွင် မြောက်ဦးမြို့ပေါ်တွင် သေနတ်သံများကို မကြားရတော့ဘဲ မြောက်ဦးမြို့ပြင်ဘက်တွင် သေနတ်သံများကို ရံဖန်ရံခါကြားရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်က ပစ်ခတ်ခြင်း၊ AA အဖွဲ့ကို တပ်မတော်က လိုက်လံရှင်းလင်းပစ်ခတ်ရာမှ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပစ်ခတ်မှုအတွင်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်း စသည့်သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ သို့သော်လည်းလက်ရှိတွင် မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍မူ သက်ဆိုင်ရာအာဏာပိုင်များထံသို့ Daily Eleven သတင်းစာက သီးခြားဆက်သွယ်အတည်ပြုမှုရရှိရန်ကြိုးစားခဲ့သော်လည်း လတ်တလောတွင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment