Thursday, May 30, 2019

PPCM ဖွဲ့စည်းရေး NCA ထိုး အဖွဲ့များ အစည်းအဝေးပြုလုပ် သုံးသပ်မည်

ကရင် အမျိုးသား အစည်းအရုံး(KNU)၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) ဖွဲ့စည်းရေး အဆို ပြုမှု အပေါ် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ဖွဲ့စည်းပေးထားသော အလုပ်အဖွဲ့က ဇွန်လ ၅ ရက်မှ ၇ ရက် အထိ အစည်းအဝေး ပြုလုပ်၍ သုံးသပ်ကြမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် PPCM ဖွဲ့စည်းရေး တင်ပြမှု အခြေအနေအပေါ် သုံးသပ်မည် ဖြစ်သကဲ့သို့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်းငံ့နေသော အခြေအနေကို မည်ကဲ့သို့ ကျော်လွှားနိုင်မလဲ ဆိုခြင်း အပေါ်လည်း ဆွေးနွေး အဖြေရှာ ကြမည်ဖြစ် ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
၎င်းက“နိုင်ငံရေး ယဉ်ကျေးမှု အရပေါ့။ အဖွဲ့အစည်း တခုက တင်ပြတယ် ဆိုတော့ ဘယ်လိုလဲပေါ့။ ညှိတာတို့၊ ရှင်းတာတို့၊ တင်ပြတာတို့ပေါ့။ သူတို့ အလုပ် အဖွဲ့ ၂ ဖွဲ့ပေါ့။ တစ်ဆို့နေတဲ့ဟာတွေကို ဘယ်လို ကျော်လွှားမလဲ ဆိုတဲ့ နိုင်ငံရေး အလုပ် အဖွဲ့ပေါ့ဗျာ။ နောက်တခုက PPCM ဆိုတဲ့ အဆိုကို လေ့လာမယ်ပေါ့။ အဲဒီ၂ ခုပါ”ဟု ပြောဆိုသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့သည် ထိပ်သီး အစည်းအဝေး တရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင် အဖွဲ့ (PPST) ကို ဖျက်သိမ်း၍ PPCM ကို ဖွဲ့စည်းရန် KNU က အဆိုပြု တင်ပြခဲ့သည်။
ထို့နောက် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ကြား PPST ကို ဆက်လက်ထားရှိရေး အဆိုပြုသော အဖွဲ့ များနှင့် PPST ကို ဖျက်သိမ်းရန် အဆိုပြုသော အဖွဲ့ကြား သဘောထား ကွဲလွဲခဲ့ကြသလို PPCM ကို ဖွဲ့စည်းရန် KNU တင်ပြ မှု အပေါ်လည်း သဘောထား ကွဲလွဲခဲ့ကြသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက PPCM အကောင်အထည် ဖော်ရန် လွယ်ကူကြောင်း၊ PPCM ကို အတင်း အကောင်အထည်ဖော် ပါက PNLO အဖွဲ့အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ကြောင်း၊ PPCM ဖြစ်တည်လာပါက ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆိုင်းငံ့နေရာမှ ပျက်စီးသွားမည့် အခြေအနေထိ ဖြစ်သွားနိုင်ကြောင်း ဆိုသည်။
KNU အထွေအထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူး က PPCM ဖွဲ့စည်းရခြင်းမှာ အားလုံး ပါဝင် ပေါင်းစည်းနိုင် ရေး အတွက်ဖြစ်ကြောင်း၊ PPCM ဖွဲ့ပါက ငြိမ်းချမ်းရေး ပျက်စီးသွားနိုင်သည် ဆိုခြင်းမှာ မသက်ဆိုင်ကြောင်း၊ PPST က မိမိတို့ နုတ်ထွက်ရခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
အဆိုပါ သဘောထား ကွဲလွဲမှုများ ရှိနေခြင်းကြောင့် PPCM ထားသင့်/မသင့် သုံးသပ် ဆွေးနွေးကြရန် အလုပ် အဖွဲ့တဖွဲ့ကို NCA ထိုး အဖွဲ့များက ဖွဲ့စည်းခဲ့သလို အစိုးရ-တပ်မတော်- NCA ထိုး အဖွဲ့များကြား ခွဲမထွက်ရေး ကတိပြုပေးရန် အပါ အဝင် တခုတည်းသော တပ်မတော် လက်ခံရေး ဆိုသည့် အခြေအနေကို အဖြေရှာရန် အလုပ်အဖွဲ့ တဖွဲ့ တို့ကို ဖွဲ့စည်းခဲ့ကြ သည်။
ထိုအလုပ်အဖွဲ့ ၂ ဖွဲ့ကို NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ် တဦးစီ ပါဝင် ဖွဲ့စည်းပေးထားကြောင်း လည်း သိရသည်။
ချင်းအမျိုးသား တပ်ဦး (CNF)မှ ဗဟိုကော်မတီဝင် ဆလိုင်းရမ်ကုလ်ကျူံးက“ဇွန်လ ပထမအပတ်မှာ ကျနော်တို့ အလုပ် အဖွဲ့ အစည်းအဝေး လုပ်မယ်။ အဲဒီမှာ ဆွေးနွေးကြမယ်လေ။ အလုပ်အဖွဲ့မှာ အားလုံးအတွက် အဆင်ပြေစေမယ့် အစုအဖွဲ့ ကို ရှာကြမယ်”ဟု ပြောသည်။
လက်ရှိတွင် NCA ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေး တပ် မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ လက်မှတ် ထိုးထားကြသည်။
Credit - Irrawaddy


အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွား

အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ကို ကာရံထားတဲ့ စည်းရိုးအပြင်ဖက်နား ဝါရှင်တန်ပန်းခြံအတွင်းမှာ မေ ၂၉ ရက်က အမျိုးသားတစ်ဦး ကိုယ် အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုဖြစ်ပွားကြောင်း အခင်းဖြစ်ရာမှာ ရောက်နေတဲ့ အီးပီအေသတင်းထောက်က ပြောပါတယ်။
အိမ်ဖြူတော်ရဲ့ တောင်ဖက်၊ ကွန်စတီကျူးရှင်းရိပ်သာလမ်းမကြီးနဲ့ National Mall ရဲ့ မြောက်ဖက် ပန်းခြံအတွင်းမှာ ယင်းနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ ဒီ ဖြစ်ရပ် ဖြစ်ပွားတာပါ။
“အထူးအေဂျင့်တွေက စက္ကန့်ပိုင်းအတွင်း ဒီဖြစ်ရပ်ကို တုံ့ပြန်တာ ဖြစ်တယ်။ မီးကို ငြိမ်းသတ်ပြီးတာနဲ့ ရှေးဦးသူနာပြု စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တယ်။”လို့ အထူးကိုယ်ရံတော်တပ်မှ ပြောခွင့်ရသူ ဂျက်ဖရေးအဒမ်က အီးပီအေကို ပြောပါတယ်။
အမည်မသိရသေးတဲ့ အဲဒီ ကိုယ် အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့တဲ့သူကို မီးလောင်ဒဏ်ရာတွေကို ကုသဖို့ အနီးက ဆေးရုံကို တင်ပို့ခဲ့ကြောင်း သမ္မတနဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အထူးကိုယ်ရံတော်တပ် (Secret Service) က ထုတ်ပြန်ပါတယ်။
ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက် ထုတ်ပြန်တာ မရှိပါ။
ဧပြီ ၁၂ ရက်တုန်းကလည်း ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ဦးက အိမ်ဖြူတော် အဝင်လမ်း အနီးမှာ သူ ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို မီးရှို့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
“ပင်ဆယ်ဗေးနီးယားရိပ်သာ လမ်းမကြီးပေါ်မှာ ဘီးတပ်ကုလားထိုင်နဲ့ အမျိုးသားတစ်ဦးက သူဝတ်ထားတဲ့ အပေါ်ဝတ် ဂျာကင်ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။”လို့ ဖြစ်ပွားချိန်ကာလတုန်းက အထူးကိုယ်ရံတော်တပ်ဖွဲ့က တွစ်တာကနေ ထုတ်ပြန်ခဲ့ပါတယ်။
Credit - Mizzima


IBEC ဆရာတော် နိုင်ငံတကာဂုဏ်ထူးဆောင် ပါရဂူ (PhD)ဘွဲ့ရရှိ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အသိအမှတ်ပြု အမေရိကန်နိုင်ငံ Royal Academy of Global Peace နှင့် ဂျာမဏီနိုင်ငံ International Peace University တို့ ပူးပေါင်းကျင်းပသည့် Conference on World Peace ညီလာခံတွင် IBEC ဆရာတော် ဦးသောဘိတကို နိုင်ငံတကာဂုဏ်ထူးဆောင်ပါရဂူ(PhD)ဘွဲ့ ဆပ်ကပ်ခဲ့သည်။
ဆရာတော်သည် လူသားအကျိုးပြု ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်း များ သုတေသနပြုမှုများကို နိုင်ငံတကာမှမှတ်တမ်းများရယူကာ ပါရဂူဘွဲ့ချီးမြှင့်ခံရခြင်း ဖြစ်သည်။အဆိုပါ ပါရဂှုဘွဲ့ကို မြန်မာနိုင်ငံမှစတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်နှင့်အတူ အိန္ဒိယ၊ သီရိလင်္က࿿ာ၊ နီပေါ နိုင်ငံများမှ ပုဂ္ဂိုလ်(၅)ဦး အပါအဝင် စုစုပေါင်း(၆)ဦး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
Conference on World Peace ညီလာခံကို အိန္ဒိယနိုင်ငံ၊ ဘဂင်္လောပြည်နယ်၊ ဘဂင်္လောမြို့ Hotel Claresta ကွန်းဖရင့်ခန်းမတွင် မေလ ၃ဝရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံအမျိုးသားစီမံကိန်း အကြံပေး ကော်မ ရှင် အရာရှိ Dr.Shivappa ၊ ကာနတက ပြည်သူ့အကျိုးဆောင်အရာရှိ Dr.Mangala Sridhar , ဂျာမဏီ IPU တက္ကသိုလ်မှ ဒါရိုက်တာ Dr.Srinivas Eluri၊ အမေရိကန်နိုင်ငံ Global Peace Academy ဒါရိုက်တာ Dr.R.K. Samson နှင့် Culture Good Hope Foundation မှ CEO Dr.Sunitha Samson တို့တက်ရောက်ခဲ့ကြသည်။
IBEC ဆရာတော်သည် ဆွီဒင်နိုင်ငံမှ ပေးအပ်သော စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆု ၊အိန္ဒိယနိုင်ငံမှ ပေးအပ် သော ဒေါက်တာ အမ်ဘေဒကာ ဆု နှင့် ကမ္ဘာ့ဗုဒ္ဓဘာသာလူငယ် ခေါင်းဆောင် ထူးချွန်ဆု တို့အပြင် ထိုင်းဘုရင့် မိသားစုမှ ပေးအပ်သောဆုများနှင့် International Naga Award 2018 ဆု၊ စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သော ဇေယျာလူမှုထူးချွန်ဆုတို့ကို ဆက်ကပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ဆရာတော်ကို ကမ္ဘာ့ ဘာသာပေါင်းစုံ အဖွဲ့စည်းကြီးမှ ငြိမ်းချမ်းရေးသံတမန် အဖြစ်လည်း ခန့်အပ်ထားသည်။
Credit - Mizzima







တစ်နိုင်ငံလုံးတွင် သစ်ပင်ပျိုးပင်ပေါင်း ၅၅ သန်းကျော် စိုက်ပျိုးမည်

ပြည်သူများသို့ ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေမည် နီးစပ်ရာသစ်တောဦးစီးရုံးတွင် ပျိုးပင်လျှောက်ထားရယူ စိုက်ပျိုးနိုင်
မြန်မာနိုင်ငံတွင် ရာသီ ဥတုပူပြင်းမှု လျှော့ချနိုင်ရန် ရည် ရွယ်၍ ယခုနှစ် မိုးတွင်းကာလအတွင်း တစ်နိုင်ငံလုံး၌ ပျိုးပင်၅၅ သန်းကျော် စိုက်ပျိုးမည်ဖြစ် ကြောင်း သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်ဝင်းထွန်း ကပြောသည်။
‘‘မိုးရွာသွန်းမှုပေါ် မူတည်ပြီး ပထမမိုးကျပြီးတော့ အစိုဓာတ် လုံလုံလောက်လောက်ရပြီဆိုတာ နဲ့ စပြီးစိုက်မယ်’’ဟု ဦးအောင်ဝင်း ထွန်းက 7Day Daily သတင်းစာ အား ပြောသည်။
အဆိုပါပျိုးပင်များကို ဇူလိုင် နောက်ဆုံးပတ်တွင် အပြီးစိုက်ပျိုး ရန် ရည်ရွယ်ထားပြီး စိုက်ပြီးချိန် မှ ငါးနှစ်သားအထိ ပြုစုထိန်းသိမ်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်ဝင်းထွန်းက ပြောသည်။
ထို့အပြင် ပြည်သူများအ တွက် ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေမည်ဟု ၎င်းကဆိုသည်။
ထို့အပြင် ရန်ကုန်မြို့တွင် တစ်ဦးချင်း(သို့မဟုတ်) အစုအဖွဲ့ လိုက် သစ်ပင်စိုက်ပျိုးလိုပါက မြေနေရာလွတ်ရှိလျှင် မိမိအစီအစဉ်ဖြင့် စိုက်ပျိုးနိုင်ပြီး နေရာမရှိလျှင် တိုင်းသစ်တောဦးစီးဌာနက နေရာချထားကာ စိုက်လိုသူက နေရာ ရွေးချယ်၍ စိုက်ပျိုးနိုင်သည်ဟု ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။
ရန်ကုန်တိုင်းသစ်တောဦးစီး ဌာနက ဒီရေတောအပင်များအပါ အဝင် ပျိုးပင်အမျိုးအစား ၃၅ မျိုး အပင်အရေအတွက် ၅၅၀,၀၀၀ပျိုးထားပြီး တိုက်ကြီးတစ်မြို့နယ် တည်းတွင်ပင် လူထုကို အခမဲ့ဖြန့်ဝေပေးမည့် အပင်ကိုးသောင်းခန့် ပျိုးထားသည်ဟုဆိုသည်။ ပျိုးပင်များကို တိုက်ကြီးပျိုးဥယျာဉ်မှ ထုတ်ယူနိုင်ပြီး သစ်တောမြေထဲတွင် စိုက်မည်ဆိုပါက တိုက်ကြီးမြို့နယ်ရှိ ဖောင်ကြီး-ဖူးကြီးလမ်း၌ စိုက်ပျိုးနိုင်သည်။
သစ်ပင်စိုက်ပျိုးလိုပြီး မြေ နေရာနှင့် ပျိုးပင်ရှိလျှင် မိမိအစီ အစဉ်ဖြင့် စိုက်ပျိုးနိုင်သည်။ ပျိုး ပင်မရှိပါက သက်ဆိုင်ရာ သစ်တောရုံးတွင် ပျိုးပင်ရယူလို ကြောင်း လျှောက်ထားရယူနိုင်ပြီး စိုက်ပျိုးမည့်နေရာနှင့် ပျိုးပင်ပေးသည်။ နေရာမရှိပါက သစ်တောဦးစီးဌာနသို့ မြေနေရာနှင့် ပျိုးပင်ရယူလိုကြောင်း စာရေးသားတင်ပြလျှောက်ထားပြီး သစ်တောရုံး က ခွင့်ပြုသောနေရာမှ မိမိစိုက်ပျိုးလိုသည့်နေရာတွင် ကျင်းတူး၍ မြေဆွေးများ ထည့်ထားရမည်ဖြစ်သည်။ ထို့နောက် ပျိုးပင်ရယူကာ စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်စေရန် တစ်လတစ်ကြိမ် ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာကျွေးရမည်ဖြစ်သည်။ မြေနေရာနှင့် ပျိုးပင်လျှောက်ထားမှုမှာ စိုက်ပျိုး မည့်သူက ကြိုတင်ပြင်ဆင်ထား ပါက အလျင်အမြန်စိစစ်၍ ခွင့်ပြုပေးကြောင်း ဦးသိန်းတိုးက ပြောသည်။
အပင်လျှောက်ထားရာတွင် မိမိတူးဖော်သော မြေကျင်းအရေ အတွက်ပေါ် မူတည်၍ ပေးမည် ဖြစ်ပြီး ပျိုးပင်ထုတ်ယူပြီးပါက ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးပါမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဟုဆိုသည်။
အခြားဒေသများတွင်လည်း သစ်ပင် စိုက်ပျိုးလိုသူများအနေ ဖြင့် သက်ဆိုင်ရာ မြို့နယ်သစ် တောဦးစီးရုံးသို့ လျှောက်လွှာတင် ပြီး ပျိုးပင်အခမဲ့ရယူကာ စိုက်ပျိုး နိုင်သည်။
စိုက်ပြီးသော အပင်များအ တွက်လည်း အပိုထပ်ဆောင်းပေး မည်ဟု ဦးသိန်းတိုးကပြောသည်။
‘‘ရာသီဥတု ပူပြင်းတဲ့အပေါ် ဝိုင်းပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်လိုကြတဲ့ စိတ်ဓာတ် လေးဟာ ကောင်းပါတယ်။ ဒီလိုမျိုး ပူးပေါင်းပါဝင်ဆောင်ရွက်လာ တဲ့အတွက်လည်း ကျွန်တော်တို့က အားတက်သရောပါပဲ။ နည်းပညာအကူအညီလည်း ပေးပါ မယ်၊ သစ်ပင်လည်း ပေးပါမယ်’’ ဟု ၎င်းကပြောသည်။
သို့သော် သစ်တောကြိုးဝိုင်းတွင် ခွင့်ပြုချက်မတောင်းဘဲ မိမိအစီအစဉ်ဖြင့် မိမိစိုက်ပျိုးလိုသော အပင်စိုက်ပျိုးခြင်း ခွင့်မပြုသလို ကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနသို့ အကြောင်းမကြားဘဲ စိုက်ပျိုးခွင့်မရှိပေ။
သစ်တောများ ပြုန်းတီး၍ မြန်မာနိုင်ငံတွင် အပူချိန်များ တိုး လာသဖြင့် လူထုကြား သစ်ပင် စိုက်ပျိုးရန် ပိုမိုအသိရှိလာပြီး နိုင်ငံ တစ်ဝန်း ယခုမိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန် စီစဉ်နေသည်။
‘‘တစ်နေရာတည်း၊ တစ်ဒေ သတည်း အပင်တွေ စိုက်နေရုံနဲ့ အပူဒဏ်လျော့မှာ မဟုတ်ပါဘူး။ နေရာပေါင်းစုံစိုက်မှ အပူဒဏ် လျော့နိုင်မှာပါ။ ဒါကြောင့် နေရာ အများကြီးမှာ အဖွဲ့အစည်းအများ ကြီးပေါ်ပေါက်ပြီး သစ်ပင်စိုက်ကြ ဖို့ မျှော်လင့်ပါတယ်’’ဟု ဟင်္သာတမြို့ Green Maker အဖွဲ့မှ ကိုကျော်ဘိုဘိုဆွေက ပြောသည်။
ထိုအဖွဲ့က ဟင်္သာတမြို့ တွင် သစ်ပင်များ စိုက်ပျိုးရန် စီစဉ်နေသည်။

Credit - 7 Day Daily



ပါကစ္စတန်အရာရှိ ၃ ဦး စပိုင်လုပ်မှုအတွက် သေဒဏ်နဲ့ တသက်ကျ


■ ပါကစ္စတန်နိင်ငံမှာ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေထံကို နိုင်ငံတော်လျှိုဝှက်ချက်တွေပေးခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်တဦးနဲ့ သမားတော်ကြီးတဦးတို့ကို သေဒဏ်အပြစ်ပေးခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး တဦးကိုတော့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့ရာမှာ ပြစ်ဒဏ်တွေကို ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုလိုက်ပြီလို့ မနေ့က ကြေညာပါတယ်။
သူတို့ သုံးဦးကို အပြစ်ဒဏ်တွေ အသီးသီး ပေးခဲ့တာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ထုတ်ဖေါ်ခြင်းမရှိပေမဲ့ သူတို့ဟာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ထိခိုက်နိုင်တဲ့ အရေးကြီးသတင်းအချက်အလက်တွေကို နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
Credit - RFA


၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြည်ခိုင်ဖြိုး အနိုင်ရတစ်နေရာပြန်လည်ရုပ်သိမ်းခံရ

ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာတင်သည့် ဒီချုပ်အမတ်လောင်းကို အနိုင်ပေး
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်၌အနိုင်ရရှိထားသော ပြည်ခိုင်ဖြိုးအမတ် ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ယမန်နှစ် နိုဝင်ဘာတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ဦးနေမျိုးအောင်သည် အဓိကပြိုင်ဘက်ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်ကို ၁၅၉ မဲအသာဖြင့်အနိုင်ရရှိပြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အစည်း အဝေးများသို့ တက်ရောက်နေသူဖြစ်သည်။
သို့သော် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက် အောင်က ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်သည် မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒနယ်အ တွင်းငွေချေးလုပ်ငန်းဆောင်ရွက် ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံကို ရုံးခန်းအဖြစ်အသုံးပြုခြင်း၊ ရွေး ကောက်ပွဲအသုံးစရိတ်မမှန်မကန် တင်ပြခြင်းစသည့် တရားမဲ့ပြု ကျင့်မှုများလုပ်ဆောင်ခဲ့ကြောင်း ၂၀၁၈ နှစ်ကုန်ပိုင်းက ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံကန့်ကွက်လွှာတင်သွင်းခဲ့ သည်။ အဆိုပါကန့်ကွက်လွှာကို ၁၅ ကြိမ်ခန့်စစ်ဆေးပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဦးနေမျိုးအောင် ၏ရွေးကောက်တင်မြှောက်ခံရမှု ပျက်ပြယ်ကြောင်း အမိန့်ချမှတ် ခြင်းဖြစ်သည်။
ဘာကြောင့် ဆုံးဖြတ်ချက်ချ
‘‘ခုံရုံးအဖွဲ့ကတော့အမှုတွဲ မှာပေါ်ပေါက်တဲ့အချက်အလက် တွေနဲ့ပေါ်ပေါက်တဲ့အတိုင်းဆုံး ဖြတ်ထားပါတယ်’’ ဟု အဆိုပါ ကန့်ကွက်လွှာကို ဦးဆောင်စစ် ဆေးခဲ့သည့် ကော်မရှင်ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြော သည်။ ထို့အပြင်ယခုစီရင်ချက် သည်လာမည့်ရွေးကောက်ပွဲများ ၌ ၀င်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ကိုးကားလိုက်နာသင့် သော နမူနာဖြစ်လာမည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပ ဒေပြဋ္ဌာန်းချက်များတွင် တရားမဲ့ ပြုကျင့်မှုများဖြင့် မဲအများဆုံး ရယူခဲ့ကြောင်း ထင်ရှားလျှင်ကိုယ် စားလှယ်အဖြစ်ရွေးကောက်ခံ ထားရမှုပျက်ပြယ်ကြောင်းခုံအဖွဲ့ က ဆုံးဖြတ်နိုင်သည်ဟု ဖော်ပြ ထားသည်။
ကျေနပ်သူ
ဆိပ်ကမ်းမြို့နယ်၏ ရန်ကုန် တိုင်းလွှတ်တော် ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲရလဒ်ကိုကန့် ကွက်သူဒီချုပ်ပါတီမှ ဦးသန်း ထိုက်အောင်က ကော်မရှင်ခုံရုံး အဖွဲ့သည် ဥပဒေနှင့်အညီစိစစ်၍မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖြတ်ခဲ့ ခြင်းသာဖြစ်ကြောင်းပြောသည်။
‘‘နောက်ပြီးတော့ဘာသာ ရေးဆိုင်ရာတရားမဲ့ပြုကျင့်မှုပေါ့။ ရွေးကောက်ပွဲကာလမှာ ဒီရွေး ကောက်ပွဲရှိနေတဲ့နေရာမှာပဲ အ လှူလုပ်တဲ့ဟာက ၂၈ ကြိမ်တိတိ ဆောင်ရွက်ခဲ့တယ်။ ဒီဆောင် ရွက်မှုတွေကို ကြော်ငြာဘုတ်နဲ့ ကြော်ငြာသလိုဖေ့စ်ဘွတ်ခ်မှာ လည်း ကြော်ငြာတယ်။ သာမန် လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ အလှူ ကိုလုပ်ပြီးတော့မှ ဆောင်ရွက်ခဲ့ တဲ့သဘောမျိုးဖြစ်သွားတာပေါ့’’ ဟု ၎င်းကဆက်လက်ပြောသည်။
မကျေနပ်သူ
အမတ်အဖြစ်မှ ရုပ်သိမ်းခံ လိုက်ရသူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်ကမူ ကော်မရှင် ၏ ဆုံးဖြတ်ချက်အပေါ် အံ့သြရ သည်ဟု ဆိုသည်။
‘‘သူတို့စွပ်စွဲချက်သာမှန် တယ်ဆိုရင်ပါတီတိုင်းက၊ လွှတ် တော်ကိုယ်စားလှယ်လောင်း တိုင်းက ပြည်သူ့အကျိုးပြုလုပ် ငန်းတွေမလုပ်တော့ဘူး။ ပိုက်ဆံ ပဲထိုင်ချေးနေတော့မှာပေါ့။ ပိုက် ဆံခြောက်သောင်းချေးလို့ ကျွန် တော်မဲနိုင်သွားတယ်ဆိုရင် သူတို့ ကလည်း တစ်သိန်းချေးတော့မှ ပေါ့’’ ဟု ဦးနေမျိုးအောင်က တုံ့ ပြန်သည်။
၎င်းသည်ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်မှာပင်နေထိုင် ကြီးပြင်းခဲ့သူဖြစ်၍ ယခင်က တည်းက ဘာသာရေးဆိုင်ရာ လုပ်ငန်းများပါဝင်ဆောင်ရွက်ခဲ့ ပြီး ကြားဖြတ်ရွေးကောက်ပွဲကာ လသည် ၀ါတွင်းကာလဖြစ်၍ ဘာသာရေးလုပ်ငန်းများဆောင် ရွက်ခဲ့မှုကို ဘာသာရေးအသုံးချ ၍ နိုင်ငံရေးဆောင်ရွက်မှုအဖြစ် စွပ်စွဲခံရခြင်းသာဖြစ်သည်ဟု ဦး နေမျိုးအောင်ကဆိုသည်။
ကော်မရှင်၏ ယခုဆုံးဖြတ် ချက်နှင့်ပတ်သက်၍ ၁၅ ရက်အ တွင်းအယူခံတင်နိုင်သော်လည်း ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ထံအဆင့်ဆင့်တင်ပြပြီးမှသာ အ ယူခံဝင်၊ မ၀င်ဆုံးဖြတ်နိုင်မည်ဟု ၎င်းကပြောသည်။
ဦးနေမျိုးအောင်သည် အ မတ်အဖြစ်မှရုပ်သိမ်းခံရမှုအပြင် ဆိပ်ကမ်းမြို့နယ်၌ ချေးငွေပေး သည့်ကိစ္စနှင့် ပတ်သက်၍ပြီးခဲ့ သည့် နိုဝင်ဘာ ၁၇ ရက်က ဆိပ် ကမ်းမြို့နယ်ရဲစခန်း၌ ကြည့်မြင် တိုင်မြို့နယ် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များရုံးအဖွဲ့မှူး ဦး ရဲမင်းသိမ်းက တရားလိုပြုလုပ် ၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ဖြင့် တိုင်ကြားခံထားရပြီး အဆိုပါ အမှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲအပြီးတွင်လည်း ဒီချုပ် နှင့် ပြည်ခိုင်ဖြိုးတို့အကြား ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှု များရှိဖူးသည်။ ထိုစဉ်က ရွေး ကောက်ပွဲအနိုင်ရဒီချုပ်အမတ် ငါးဦးအပေါ်ပြည်ခိုင်ဖြိုးက ကန့် ကွက်လွှာတင်သွင်းဖူးသော်လည်းအနိုင်ရခြင်းမရှိပေ။ ထို့အတူ အနိုင်ရ ပြည်ခိုင်ဖြိုးအမတ်ကို ဒီချုပ်ကန့်ကွက်သည့် တစ်မှုတွင် လည်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဒီချုပ်ကို အနိုင် ပေးဖူးသည်။
Credit - 7 Day Daily


အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကျမ်းသစ္စာကျိန်ဆို

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အနေနဲ့ ဒုတိယသက်တမ်း ဝန်ကြီးချုပ် တာဝန်ဆက်ယူဖို့ နယူးဒေလီမြို့တော်က သမ္မတ အိမ်တော်မှာ မနေ့ကပဲ ကျမ်းကျိန်လိုက်ပါပြီ။ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာနေချိန်မှာ ဝန်ကြီးချုပ် Modi အနေနဲ့ ရွေးကောက်ပွဲမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ အာဏာအရှိဆုံး ခေါင်းဆောင်အနေနဲ့ ခုလို ကျမ်းသစ္စာကျိန်ဆိုနိုင်ခဲ့တာပါ။
ဒီကျမ်းသစ္စာကျိန်ပွဲကို သမ္မတ အိမ်တော်ရှေ့လဟောပြင်မှာ ကျင်းပရာမှာ မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နဲ့ အာရှ အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါနဲ့ သီရိလင်္ကာက ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံပေါင်း (၈) နိုင်ငံက ခေါင်းဆောင်တွေနဲ့ ပရိသတ်စုစုပေါင်း ၈၀၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ခုလို အာရှအိမ်နီးချင်း နိုင်ငံအများစု အဓိက ဖိတ်ကြားခဲ့တာက တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းမှာ ဦးဆောင်မူရဖို့ ကြိုးပမ်းနေချိန်မှာ အိန္ဒိယ အနေနဲ့လည်း ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေကို အဓိကဦးစားပေးတာကို ပြသလိုက်တာလို့ သုံးသပ်သူတွေက ဆိုပါတယ်။
ဒါပေမဲ့ ပါကစ္စတန်ကိုတော့ မဖိတ်ဘဲထားခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်အောက်မှာ ပါကစ္စတန်နဲ့ တိုက်ပွဲဆင်ခဲ့အပြီး ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကို ခုလို မဖိတ်ကြားခဲ့တာက အရင် (၅) နှစ် Modi ကျမ်းကျိန်တုန်းက ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif ကို ဖိတ်ကြားခဲ့တဲ့ မူဝါဒနဲ့တော့ အခု ကွာခြားသွားခဲ့ပါပြီ။
ဒါကြောင့် သုံးသပ်သူတွေကတော့ ဖေဖော်ဝါရီတုံးက အိန္ဒိယရဲ့ ကက်ရှ်မီးယားမှာ အသေခံဗုံးကွဲမူအပြီး ဒီ နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါး ဖြစ်ခဲ့ရတဲ့ တင်းမာမူတွေ လျော့ကျဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင်ပြန်ဖြစ်လာမယ့် အနေအတားကတော့ နည်းနေတယ်လို့ ဆိုပါတယ်။

Credit - VOA