ပြည်သူများသို့ ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေမည် နီးစပ်ရာသစ်တောဦးစီးရုံးတွင် ပျိုးပင်လျှောက်ထားရယူ စိုက်ပျိုးနိုင်
မြန်မာနိုင်ငံတွင် ရာသီ ဥတုပူပြင်းမှု လျှော့ချနိုင်ရန် ရည် ရွယ်၍ ယခုနှစ် မိုးတွင်းကာလအတွင်း တစ်နိုင်ငံလုံး၌ ပျိုးပင်၅၅ သန်းကျော် စိုက်ပျိုးမည်ဖြစ် ကြောင်း သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်ဝင်းထွန်း ကပြောသည်။
‘‘မိုးရွာသွန်းမှုပေါ် မူတည်ပြီး ပထမမိုးကျပြီးတော့ အစိုဓာတ် လုံလုံလောက်လောက်ရပြီဆိုတာ နဲ့ စပြီးစိုက်မယ်’’ဟု ဦးအောင်ဝင်း ထွန်းက 7Day Daily သတင်းစာ အား ပြောသည်။
အဆိုပါပျိုးပင်များကို ဇူလိုင် နောက်ဆုံးပတ်တွင် အပြီးစိုက်ပျိုး ရန် ရည်ရွယ်ထားပြီး စိုက်ပြီးချိန် မှ ငါးနှစ်သားအထိ ပြုစုထိန်းသိမ်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်ဝင်းထွန်းက ပြောသည်။
ထို့အပြင် ပြည်သူများအ တွက် ပျိုးပင် ၁၀ သန်းကျော် အခမဲ့ဖြန့်ဝေမည်ဟု ၎င်းကဆိုသည်။
ထို့အပြင် ရန်ကုန်မြို့တွင် တစ်ဦးချင်း(သို့မဟုတ်) အစုအဖွဲ့ လိုက် သစ်ပင်စိုက်ပျိုးလိုပါက မြေနေရာလွတ်ရှိလျှင် မိမိအစီအစဉ်ဖြင့် စိုက်ပျိုးနိုင်ပြီး နေရာမရှိလျှင် တိုင်းသစ်တောဦးစီးဌာနက နေရာချထားကာ စိုက်လိုသူက နေရာ ရွေးချယ်၍ စိုက်ပျိုးနိုင်သည်ဟု ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။
ရန်ကုန်တိုင်းသစ်တောဦးစီး ဌာနက ဒီရေတောအပင်များအပါ အဝင် ပျိုးပင်အမျိုးအစား ၃၅ မျိုး အပင်အရေအတွက် ၅၅၀,၀၀၀ပျိုးထားပြီး တိုက်ကြီးတစ်မြို့နယ် တည်းတွင်ပင် လူထုကို အခမဲ့ဖြန့်ဝေပေးမည့် အပင်ကိုးသောင်းခန့် ပျိုးထားသည်ဟုဆိုသည်။ ပျိုးပင်များကို တိုက်ကြီးပျိုးဥယျာဉ်မှ ထုတ်ယူနိုင်ပြီး သစ်တောမြေထဲတွင် စိုက်မည်ဆိုပါက တိုက်ကြီးမြို့နယ်ရှိ ဖောင်ကြီး-ဖူးကြီးလမ်း၌ စိုက်ပျိုးနိုင်သည်။
သစ်ပင်စိုက်ပျိုးလိုပြီး မြေ နေရာနှင့် ပျိုးပင်ရှိလျှင် မိမိအစီ အစဉ်ဖြင့် စိုက်ပျိုးနိုင်သည်။ ပျိုး ပင်မရှိပါက သက်ဆိုင်ရာ သစ်တောရုံးတွင် ပျိုးပင်ရယူလို ကြောင်း လျှောက်ထားရယူနိုင်ပြီး စိုက်ပျိုးမည့်နေရာနှင့် ပျိုးပင်ပေးသည်။ နေရာမရှိပါက သစ်တောဦးစီးဌာနသို့ မြေနေရာနှင့် ပျိုးပင်ရယူလိုကြောင်း စာရေးသားတင်ပြလျှောက်ထားပြီး သစ်တောရုံး က ခွင့်ပြုသောနေရာမှ မိမိစိုက်ပျိုးလိုသည့်နေရာတွင် ကျင်းတူး၍ မြေဆွေးများ ထည့်ထားရမည်ဖြစ်သည်။ ထို့နောက် ပျိုးပင်ရယူကာ စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်စေရန် တစ်လတစ်ကြိမ် ပေါင်းရှင်း၊ မြေဆွ၊ မြေဩဇာကျွေးရမည်ဖြစ်သည်။ မြေနေရာနှင့် ပျိုးပင်လျှောက်ထားမှုမှာ စိုက်ပျိုး မည့်သူက ကြိုတင်ပြင်ဆင်ထား ပါက အလျင်အမြန်စိစစ်၍ ခွင့်ပြုပေးကြောင်း ဦးသိန်းတိုးက ပြောသည်။
အပင်လျှောက်ထားရာတွင် မိမိတူးဖော်သော မြေကျင်းအရေ အတွက်ပေါ် မူတည်၍ ပေးမည် ဖြစ်ပြီး ပျိုးပင်ထုတ်ယူပြီးပါက ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးပါမည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဟုဆိုသည်။
အခြားဒေသများတွင်လည်း သစ်ပင် စိုက်ပျိုးလိုသူများအနေ ဖြင့် သက်ဆိုင်ရာ မြို့နယ်သစ် တောဦးစီးရုံးသို့ လျှောက်လွှာတင် ပြီး ပျိုးပင်အခမဲ့ရယူကာ စိုက်ပျိုး နိုင်သည်။
စိုက်ပြီးသော အပင်များအ တွက်လည်း အပိုထပ်ဆောင်းပေး မည်ဟု ဦးသိန်းတိုးကပြောသည်။
‘‘ရာသီဥတု ပူပြင်းတဲ့အပေါ် ဝိုင်းပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်လိုကြတဲ့ စိတ်ဓာတ် လေးဟာ ကောင်းပါတယ်။ ဒီလိုမျိုး ပူးပေါင်းပါဝင်ဆောင်ရွက်လာ တဲ့အတွက်လည်း ကျွန်တော်တို့က အားတက်သရောပါပဲ။ နည်းပညာအကူအညီလည်း ပေးပါ မယ်၊ သစ်ပင်လည်း ပေးပါမယ်’’ ဟု ၎င်းကပြောသည်။
သို့သော် သစ်တောကြိုးဝိုင်းတွင် ခွင့်ပြုချက်မတောင်းဘဲ မိမိအစီအစဉ်ဖြင့် မိမိစိုက်ပျိုးလိုသော အပင်စိုက်ပျိုးခြင်း ခွင့်မပြုသလို ကြိုးဝိုင်းအတွင်း သစ်တောဦးစီးဌာနသို့ အကြောင်းမကြားဘဲ စိုက်ပျိုးခွင့်မရှိပေ။
သစ်တောများ ပြုန်းတီး၍ မြန်မာနိုင်ငံတွင် အပူချိန်များ တိုး လာသဖြင့် လူထုကြား သစ်ပင် စိုက်ပျိုးရန် ပိုမိုအသိရှိလာပြီး နိုင်ငံ တစ်ဝန်း ယခုမိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန် စီစဉ်နေသည်။
‘‘တစ်နေရာတည်း၊ တစ်ဒေ သတည်း အပင်တွေ စိုက်နေရုံနဲ့ အပူဒဏ်လျော့မှာ မဟုတ်ပါဘူး။ နေရာပေါင်းစုံစိုက်မှ အပူဒဏ် လျော့နိုင်မှာပါ။ ဒါကြောင့် နေရာ အများကြီးမှာ အဖွဲ့အစည်းအများ ကြီးပေါ်ပေါက်ပြီး သစ်ပင်စိုက်ကြ ဖို့ မျှော်လင့်ပါတယ်’’ဟု ဟင်္သာတမြို့ Green Maker အဖွဲ့မှ ကိုကျော်ဘိုဘိုဆွေက ပြောသည်။
ထိုအဖွဲ့က ဟင်္သာတမြို့ တွင် သစ်ပင်များ စိုက်ပျိုးရန် စီစဉ်နေသည်။
Credit - 7 Day Daily
No comments:
Post a Comment