တရုတ်နဲ့ ဖြစ်ပွားနေတဲ့ ထရမ့်အစိုးရရဲ့ ကုန်သွယ်ရေး ပဋိပက္ခနောက်ကွယ်က ကမ္ဘာ့နည်းပညာပြိုင်ပွဲကြီးမှာအမေရိကန်ပြည်ထောင်စုများ နောက်ကောက်ကျသွား လေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မသိမသာ ကိန်းအောင်းနေတယ်။ ဒီလို စိုးရိမ်တာ သမ္မတ ထရမ့်တစ်ဦးတည်းတော့ မဟုတ်။ အမေရိကန် အစိုးရ မူဝါဒချမှတ်သူ အသိုင်းအဝိုင်း တစ်ခုလုံးက ကျယ်ကျယ်ပြန့်ပြန့်ကို စိုးရိမ်နေကြခြင်း ဖြစ်ပါတယ်။
အမေရိကန်တွေ စိုးရိမ်နေတာက တရုတ်နိုင်ငံရဲ့ "တရုတ်နိုင်ငံတွင် ထုတ်လုပ်သည် (မိတ်အင်ချိုင်းနား) ၂၀၂၅" မူဝါဒပါ။ အဲဒီမူဝါဒီက ဆိုင်ဘာ စွမ်းရည်၊ အသိÓဏ်တု (အေအိုင်)၊ လေယာဉ်တည်ဆောက်မှုပညာနှင့် အခြား အသစ်အဆန်း နည်းပညာနယ်ပယ်တွေမှာ တရုတ် နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားစေဖို့ ရည်ရွယ်တယ်။ ဒါစီးပွားရေးအရ သာမက၊ ပထဝီနိုင်ငံရေးအရပါ ခြိမ်းခြောက်နေခြင်းဖြစ်တယ်လို့ အမေရိကန်တို့က ရှုမြင်နေကြတာပဲ ဖြစ်ပါတယ်။
အန္တရာယ်စက်ကွင်းထဲ ကျရောက်နေတဲ့ ကဏ္ဍတွေကဖြင့် အမေရိကန် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေကစလို့ Óဏပစ္စည်းတွေ၊ အရှေ့အာရှက အမေရိကန် စစ်ရေးအနေအထားတွေအထိ အကြုံးဝင်နေတယ်။
"နည်းပညာက ပထဝီနိုင်ငံရေး တင်းမာမှုဆီ တွန်းပို့နေတယ်" ဆိုတဲ့ အချက်က ပညာရှင်အများအပြားနဲ့ မူဝါဒချမှတ် သူတွေရဲ့ ခန့်မှန်းချက်နဲ့ ဖီလာဖြစ်နေတယ်။ ၂၀ဝ၀ ပြည့်နှစ် အလယ် လောက်ကတည်းက၊ ပထဝီ အနေအထား ဆိုတာ ကမ္ဘာ့ဈေးကွက်တွေအတွက် အခန်းကဏ္ဍ ကောင်းကောင်း ရှိပါတော့မလားဆိုတာကိုပင် တချို့က သံသယဝင်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း အယူအဆနဲ့အတူ ကမ္ဘာပြားပြီလို့ ရှုမြင်လာကြတယ်။ ပညာတတ် အလွှာဟာ ကမ္ဘာတစ်လွှား အလိုအလျောက် အညီအမျှ ပျံ့နှံ့ရောက်ရှိကာ ကျွမ်းကျင် လုပ်သားတွေဟာ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို အဝေးကနေ၊ လိုအပ်တဲ့အခါမှ ချိတ်ဆက်အလုပ်လုပ်ကြလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
တကယ်တော့ ၂၁ ရာစုမှာ လူသားပညာတတ်အလွှာ ဟာ ရှေးယခင်ကထက်ပင် ပိုပြီး မညီမမျှ ပျံ့နှံ့လာခဲ့တယ်။ ကိန်းဘရစ်ခ်ျ၊ မက်ဆာချူးဆက်၊ ဆီလီကွန်တောင်ကြားဒေသနဲ့ တရုတ်ရဲ့ ဆီလီကွန်တောင်ကြားလို့ ကျော်ကြားနေတဲ့ ရှင်ကျန်းဒေသတွေမှာဆိုရင် ကမ္ဘာ့အတော်ဆုံး ဒစ်ဂျစ်တယ်နဲ့ နည်းပညာ ပါရမီရှင်တွေ သွားစုနေကြတယ်။
အသိပညာဟာ သီးသန့်အစုအဝေးအသွင် ဆောင်လာတဲ့အခါ နည်းပညာသုတေသန လုပ်ငန်းတွေ၊ စီးပွားဖြစ် တီထွင် ဆန်းသစ်မှုတွေဟာလည်း နောက်ကလိုက်ပြီး တစ်နေရာတည်း စုစည်းလာကြတယ်။
ယူနီကွန်း နတ်မြင်းပျံတွေလို့ တင်စားခေါ်ကြတဲ့ ဒေါ်လာသန်း ၁,ဝ၀ဝ နဲ့ စတင်ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီ အသစ်တွေဟာဆိုရင် ကမ္ဘာ့ တချို့နေရာကွက်ကွက်ကလေးမှာပဲ ပေါ်ထွန်းလာတယ်။ အဲဒီနေရာတွေကဖြင့် တခြားမဟုတ် တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
တီထွင်ဆန်းသစ်မှုကဏ္ဍမှာဆိုရင် ကမ္ဘာကြီးဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံထဲ အင်အားကြီးတွေအဖြစ် ကျန်ရစ်တဲ့ ဂျီ၂ (G2) ထိပ်သီးအနေအထားကို အလျင်အမြန် ဦးတည်လို့ သွားနေတယ်။
ဒါ့ပြင် ကုန်ထုတ်စွမ်းအား တိုးတက်မှုဟာလည်း ဒစ်ဂျစ်တယ်နည်းပညာ အရွယ်အစား မြှင့်တင်ဖို့ အကောင်းဆုံး အသုံးချနိုင်တဲ့ ကုမ္ပဏီတွေဆီမှာပဲ စုပြုံရောက်ရှိလာတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့ (အိုအီးစီဒီ) က "နယ်ပယ်သစ်ကုမ္ပဏီတွေ" လို့ တင်စားခေါ်ဝေါ်တဲ့ ထုတ်လုပ်မှုမြင့်မားတဲ့ ကုမ္ပဏီတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကုန်ထုတ်စွမ်းအားမြင့်မားမှု အားလုံးကို သိမ်းကြုံးရယူသွားပြီး ကျန်ကုမ္ပဏီအများစုကတော့ တိုးတက်မှု မရှိသလောက်ပဲလို့ ဆိုတယ်။
ဒီလို မညီမမျှဖြစ်မှုကြောင့် ကုန်ထုတ်စွမ်းအား နှေးကွေးသွားသယောင် ထင်ရပေမဲ့ တကယ်တမ်းကတော့ အဲဒီ စွမ်းအားတွေဟာ ကုမ္ပဏီ အမျိုးအစား တစ်ခုတည်းမှာ သွားစုနေတာပဲ ဖြစ်ပါတယ်။
နည်းပညာသစ်တွေ၊ တီထွင်မှုတွေနဲ့ ကုန်ထုတ်စွမ်းအား မြင့်မားမှုတွေ အလွန်အမင်း အစုအဖွဲ့အသွင် ဆောင်လာတဲ့ ကမ္ဘာဟာ ဇီးရိုးဆမ်းကစားပွဲ (တစ်ယောက်ရဲ့ အမြတ်ဟာ ကျန်တစ်ယောက်ရဲ့ အရှုံးသဘော) ပိုဆန်လာနေတယ်။ ဒါကြောင့်လည်း ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုဆိုတာ ကြီးထွားလာရပြန်တယ်။
ပါရမီရှင်တွေကို ကောင်းကောင်း ဆွဲဆောင်နိုင်တဲ့ ဒေသဟာ တခြားဒေသက လူအားလုံးကို နည်းပညာ လွှဲပြောင်းမှု ဖြစ်စဉ်ထဲက ဖယ်ထုတ်ပစ်လိုက်တယ်။ အဲဒီမှာ အောင်နိုင်သူကြီးတွေ ပေါ်ထွက်လာပြီး သူတို့က ကုန်ထုတ်စွမ်းအား တိုးတက်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတွေမှာ လွှမ်းမိုးသွားကြတယ်။ ဒီလို နောက်ခံအနေအထားမှာ ပါရမီရှင်တွေနဲ့ နယ်ပယ်သစ်ကုမ္ပဏီတွေရဖို့ တရုတ်-အမေရိကန်အကြား ပြိုင်ဆိုင်မှု ကြီးထွားခြင်းဆိုတာ ရှောင်လွှဲလို့မရတဲ့ အနေအထား တစ်ခုပါပဲ။
အခြေအနေတွေကို နောက်ထပ် ပိုမိုရှုပ်ထွေးစေတဲ့အချက်က တရုတ်ဟာ ဒီမိုကရေစီ နိုင်ငံ မဟုတ် ဘူး ဆိုတဲ့ အချက်။ အစိုးရက အကောင်းဆုံးနည်းပညာတွေကို အသုံးချပြီး နိုင်ငံသားတွေရဲ့ လိုအင်တွေ ဖြည့်ဆည်းပေးတာ၊ အများပြည်သူဝန်ဆောင်မှုတွေ တိုးတက်အောင် လုပ်ပေးတာတွေသာမက တစ်ဖက်ကလည်း အစိုးရကို ဆန့်ကျင်တဲ့သူတွေကို ဖိနှိပ်တာ၊ ပြည်သူလူထုကို စောင့်ကြည့်ထိန်းကျောင်းတာတွေလည်း ဆောင်ရွက်နေတယ်။
တစ်စတစ်စ ပိုမိုရှုပ်ထွေးလာတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စနစ်တွေကို ပြီးပြည့်စုံလုနီးနီး သတင်း အချက်အလက်တွေ၊ အဆင့်မြင့် နည်းပညာတွေနဲ့ ဗျူရိုကရက်တွေက ကိုင်တွယ်ခွင့် ရရှိလာတဲ့အခါ ရှေးယခင်က ဆိုဗီယက်ပြည်ထောင်စုလို အာဏာရှင်စနစ်ကို အဆုံးသတ်စေနိုင်တဲ့ အင်အားတွေ ပျက်သုဉ်းလာခဲ့ရတယ်။
အသိဉာဏ်တု (အေအိုင်)နဲ့ ဒေတာချုပ်ကိုင်မှု စနစ်ကြီးဟာ အာဏာရှင်အစိုးရတွေအတွက် ဆုလာဘ်တွေပင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မကြာမီ ကြုံလာရတော့မယ့် ပဋိပက္ခကြီးအတွက် ကြိုတင်ပြင်ဆင် ထားသင့်တယ်။ ရှေးယခင်က စစ်အေးတိုက်ပွဲလိုပါပဲ၊ နည်းပညာ အသာစီးရဖို့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပြိုင်ပွဲဟာ ကမ္ဘာတစ်လွှား ဂယက်လေးတွေ ထစေမှာဖြစ်ပြီး အဲဒီကနေ ဂလိုဘယ်လိုက်ဇေးရှင်းကိုလည်း တန်ပြန်သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေလိမ့်မယ်။ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်မှုတွေ အပါအဝင်ပေါ့။ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကြီးကို ဖြိုဖျက်ပြီး သီးသန့် ကိုယ်ပိုင်ဒေတာတွေ နည်းပညာတွေနဲ့ အစုအဖွဲ့လေးတွေဆီ ဆုတ်ခွာလိုစိတ်တွေ ဖြစ်ပေါ်လာကြမယ်။
အမေရိကန်နဲ့ ဥရောပတို့က ကာလတာရှည် အခိုင်အမာ ထောက်ခံရပ်တည်လာခဲ့တဲ့ ဈေးကွက် စီးပွားရေးစနစ်နဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ရေး မူဝါဒတွေဟာ မကြာမီ အစမ်းသပ်ခံရတော့မှာလို့လည်း ဆိုနိုင်မယ်။ ဥရောပနဲ့ အမေရိကန် ဈေးကွက်တွေဟာ တရုတ် ကုမ္ပဏီတွေကို ဆက်ပြီး တံခါးဖွင့်ပေးဦးမလား။ အနောက်တိုင်းက မမျှတတဲ့ ယှဉ်ပြိုင်မှု နှိမ်နှင်းရေး အာဏာပိုင်တွေဟာ သူတို့နိုင်ငံတွေက နည်းပညာ လက်ဝါးကြီးအုပ် မဟာအင်အားကြီး ကုမ္ပဏီတွေကို အသေးလေးတွေအဖြစ် ခွဲထုတ်စေခြင်းအားဖြင့် ဂလိုဘယ်ဈေးကွက်ယှဉ်ပြိုင်မှုမှာ တရုတ်နိုင်ငံကို ချန်ပီယံ သရဖူဆောင်းခွင့်ပေးဖို့ စွန့်စားကြလေမလား။
အဓိကကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့ပြည်တွင်းမှာ တခြားပြိုင်ဖက်တွေအတွက် မျှတတဲ့ကစားပွဲ ဖန်တီးပေးဖို့ လိုလားသလားဆိုတဲ့အချက်အပေါ် မူတည်နေတယ်။ စီးပွားရေး ဖြေလျှော့မှုတွေ လုပ်ပေးတာ၊ စီးပွားရေးမှာ နိုင်ငံရေးက ပါဝင်စွက်ဖက်မှုတွေကို လျှော့ချတာတွေ အပါအဝင်ပေါ့။ လက်ရှိ အနေအထားကဖြင့် တရုတ်နိုင်ငံဟာ အဲဒီလားရာနဲ့ ဆန့်ကျင်ဘက်ကို သွားနေတဲ့အသွင် ဆောင်နေတယ်။
အာဏာရှင်အစိုးရတစ်ခုဟာ နည်းပညာအားပြိုင်ပွဲမှာ အသာစီးရသွားခဲ့ရင်၊ ပေါ်ထွန်းလာမယ့် ပိုကောင်းတဲ့ နည်းပညာတွေကို အသုံးချပြီး အဲဒီအာဏာရှင်အစိုးရ အနေနဲ့ ပွင့်လင်းတဲ့ နိုင်ငံရေးစနစ်ဆီကို အပြောင်းအလဲ မလုပ်ဘဲ ပိုကောင်းအောင် အုပ်ချုပ်ခွင့် ရရှိလာစေမယ်။ ဒါကို ကမ္ဘာတစ်လွှားက အစိုးရတွေအားလုံးကလည်း သတိပြုမိကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖြစ်လာလတ္တံသော နည်းပညာ သို့မဟုတ်ဒုတိယ စစ်အေးတိုက်ပွဲဟာ ဒေတာတွေ၊ စွမ်းရည်တွေ၊ ပထဝီမဟာဗျူဟာတွေ၊ စီးပွားရေးတွေ သက်သက်ပဲမဟုတ်။
ရှေးယခင် ပထမစစ် အေးတိုက်ပွဲတုန်းကလိုပဲ "လစ်ဘရယ်ဒီမိုကရေစီရဲ့အနာဂတ်" နဲ့လည်း သက်ဆိုင်နေမှာ ဖြစ်ပါတယ်။
(ဤဆောင်းပါသည် မန်နူရယ် မြူးနစ်၏ အာဘော်သာဖြစ်သည်။E School of Global and Public Affairs ၏ ဌာန မှူးနှင့် အစိုးရ ဟားဗတ်ကနေဒီတက္ကသိုလ်၊ Belfer Center for
Science and International Affairs မှ အကြီးတန်း တွဲဖက်အရာရှိတစ်ဦး ဖြစ်သည်။ Project Syndicate, April, 30th, 2019)
credit - မြန်မာတိုင်းမ်