Sunday, May 12, 2019

ရွှေဘို အကျဉ်းထောင်အတွင်း ရောက်ရှိနေသော ဖုန်းမှာ အကျဉ်းထောင်ဝန်ထမ်းမှာ ရောင်းချထားခြင်းဖြစ်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှု ဖြစ်စဉ်များအား ဖုန်းဖြင့် facebook တွင် live လွှင့်ခဲ့သော ဖုန်းမှာ အကျဉ်းထောင်ဝန်ထမ်း တစ်ဦးမှအကျဉ်းသားကို နားလည်မှုဖြင့် ရောင်းချထားခြင်းဖြစ်ကြောင်း ရွှေဘို အကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်း ကပြောသည်။
ရွှေဘို အကျဉ်းထောင်တွင် ယခုလ ၈ ရက်နေ့ ညနေပိုင်းမှာ စတင်ပြီး သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပက်သက်ပြီး မျှတမှု ရရှိရေးအတွက် အကျဉ်းသားများက ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်ကာ ယင်းဖြစ်စဉ်အား အကျဉ်းသား တစ်ဦးမှာ facebook တွင် live လွှင့်ခဲ့ခြင်းဖြစ်သည်။
" ဖုန်းကိုလည်း ပြန်သိမ်းထားတယ်။ ဝန်ထမ်းက နားလည်မှုနဲ့ ရောင်းလိုက်တာပေါ့။ အဲဒီအတွက်လည်း ဝန်ထမ်းကို ဥပဒေအတိုင်းပဲ အရေးယူမယ်။ ဆူပူမှုဖြစ်အောင် ဦးဆောင်သူ ၅ ဦးလောက်ကိုလည်း အရေးယူဖို့ရှိတယ်။ အခုလောလောဆယ်တော့ အခြေအနေအားလုံးကို ထိန်းသိမ်းလိုက်နိုင်တယ် " ဟု ဦးဇော်ထွန်း ကပြောသည်။
အကျဉ်းထောင်အတွင်း ဆူပူမှုများအား ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ထောင်အတွင်း လုံခြုံရေး တိုးမြင့်ချထားဆဲ ဖြစ်ကာ အကျဉ်းသားများထဲတွင် သေစေနိုင်လောက်သည့် လက်နက်များ ရှိနေသေးသည့်အတွက် ရှာဖွေ ရေးလုပ်ငန်းများဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၄င်းကပြောသည်။
ရွှေဘိုအကျဉ်းထောင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းထောင်ဝန်ထမ်းများ၊ တပ်မတော်သားများဖြင့် စုပေါင်းထိန်းသိမ်းခဲ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာအာဏာပိုင်များကသေနတ် ပစ်ဖောက် လူစုခွဲရသည့် အနေအထားသို့ ရောက်ရှိခဲ့ကာ သေဆုံးသူ ၄ ဦးရှိပြီး ၂ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဝန်ကြီးချူပ်က အကျဉ်းထောင် အတွင်း ၂ ကြိမ် ဝင်ရောက်ဆွေးနွေးခဲ့ရပြီး လက်ရှိတွင် ဆူပူမှုများကို ထိန်းသိမ်းထားနိုင်ပြီးဖြစ်သည်။
Credit - Myanmar Times

No comments:

Post a Comment