Friday, February 1, 2019

သမိုင်းထဲမှာအဖြေရှာကြည့်ခြင်း (၂)

သမိုင်းထဲမှာအဖြေရှာကြည့်ခြင်း (၂)
၁၉၆၇
အလန့်တကြားပြောလိုက်သော အမေ့အသံသည် အဖေ့ကို ဆတ်ကနဲ တုန်သွားစေ၏
”ဆန်တစ်တင်း ၃၀၀ ဖြစ်သွားပြီ "
"ပြည်သူ့ဆိုင်မှာ ဝယ်လို့လဲ မရတော့ဘူး" ဘယ်လိုလုပ်ကြမလဲ
ကျွန်တော် ၇ နှစ်သားဖြစ်သော်လည်း အဖေ့လက်ထောက် သားကြီးဩရသ ဖြစ်သဖြင့် တစ်နေ့ စာတစ်နေ့ ၀ယ်နေရသော ဆန်ပုံးထဲမှ အခြေအနေကို ရိပ်မိ၏။ သားသမီး ငါးယောက်ကို ရှာဖွေ ကြွေးမွေးနေရသော အဖေ့အတွက် အနုမြူဗုံး ပေါက် သည်သို့ ရှိလိမ့်မည်။ ထို့နောက်တော့....
ဆန်ပြုတ်သောက်ရ၏ ..ဆန်ပြုတ်ကို ထိုထဲက အတော်မုန်းမိ၏။ နောက် ဆန်လုံးဝမရှိတော့သဖြင့် အာလူးပြုတ်များသာစားရသည့်နေ့လဲ ရှိ၏။ ဟင်းရွက်ဟင်းသီးတွေပဲ ပြုတ်စားခဲ့ရသည့်နေ့လဲရှိခဲ့၏။ ဒိနေ့ အထူးစပယ်ရှယ်ဟုဆိုက ရှားရှားပါးပါးရလာသည့် ဂျုံကို နှဲပြီး အိမ်က စင်းနီတုံးတွင် သူစာရေးသည့် စားပွဲပေါ်ကမျဉ်းလုံးဖြင့် လှိမ့်ကာ ချွေးတလုံးလုံးဖြင့် ချာပါတီလုပ်ကျွေးသည့် အဖေ့ကို မှတ်မိ၏။ ညီငယ်များ အစားအသောက် အသစ်စားရ၍ ပျော်ရွှင်နေကြနေသည်ကိုလည်း မှတ်မိ၏။
ဇွန်လ ၂၆ ရက်တရုတ်အရေးအခင်းနှင့်အတူ ကျောင်းများပိတ်လိုက်၏ ညဖက် အိမ်က နေရှင်နယ် ဟိုင်ဖိုင်ရေဒီယို အစုတ်ကြီးနှင့် ပီကင်း အသံမှ နေ၀င်စန်းယု စစ်အစိုးရဟု မပီကလာ ပီကလာနှင့် လေပုတ်ထုတ်နေသော တရုတ်မအသံကို ကောင်းကောင်း မှတ်မိသည်။ အဖေကလည်း ရေဒီယိုအနားတွင် တရုတ်မနှင့် အပြိုင် မော်စီတုန်းကို ဆဲ၏ ထိုနှစ်ဝန်းကျင်တွင်မွေးသော အဖေ့ အိမ်နားက အဖေ့ သူငယ်ချင်းများ၏ သားသမီးများသည် မော်စီ၊ လင်ပြောင်၊ လူရှောက်ချီ ဟုသော ငယ်နာမည်များကို ရကြလေ၏။
ရမ်းကားသူများ၏ ဘေးရန်မှ ထွက်ပြေးလာသော ကမ္ဘာအေး ရေစက်လမ်းထိပ်က တရုတ်များကို ရေစက်ဝင်းအတွင်း ကုလားများနေထိုင်ရာ လိုင်းများတွင် ကူညီပြီး ၀ှက်ထားပေး သည်ကိုလည်းမှတ်မိသည်။ သူတို့ထဲတွင် လင်အာနန်း၊ လင်ပိပိ၊ တင်ကီး၊ ဟုတ်စိန် အစရှိသော အမည်များဖြင့် ကျောင်းတက်နေကြသော အတန်းထဲမှ သူငယ်ချင်း အက်ဖ်အာစီ တရုတ်များလည်းပါ၏။
ယဉ်ကျေးမှုတော်လှန်ရေးသည် တရုတ်ပြည်တွင် ပြင်းထန်နေ၏
သတင်းစာတွင် စစ်သားများက မြို့တွင်းတွင်ကင်းလှည့်နေကြ၏ ကြည့်မြင်တိုင် ဟွာကျုံး ၊ ဗဟန်းနန်ယန် တရုတ်ကျောင်းများ တွင် ကျောင်းသားများက မော်စီတုန်းအတွေးအခေါ် စာအုပ်နီကို ကိုင်၏ မော်စီတုန်းရင်ထိုးကို ကျောင်းတွင်ထိုးကြ၏။ ဆရာ ဆရာမများက တားဆီးသောအခါ ရန်ရှာတော့၏ ကြည့်မြင်တိုင် ဟွာကျုံးကျောင်း တွင်အဆိုးဆုံးဖြစ်၏ အချို့ကျောင်းသား နှင့် ဆရာမများကို ကျောင်းတွင် တော်လှန်သော တပ်နီ ကျောင်းသားများက ပိတ်လှောင်ထားကြသည်။ သတင်းစာတွင် ဟွာကျုံး ကျောင်း အပေါ်ထပ် ပြူတွင်းပေါက်မှ ခုန်ချနေသော ကျောင်းသား၏ ဓာတ်ပုံကို ဖေါ်ပြကြသည်။ တစ်ယောက်က တရုတ်နီသံရုံး အုတ်တံတိုင်းကို နောက်ကျောမှ ကျော်တက်ကာ သံရုံးဝန်ထမ်းများကို ဓါးဖြင့် လိုက်ထိုးသည် သံရုံဝန်ထမ်းအချို့ ဒဏ်ရာ ရကြသည်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သတင်းစာများကို တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူ ကျောက်နီ က မော်စီတုန်းစာအုပ်နီ တကိုင်ကိုင်နှင့် အတော်ပြင်းပြင်းထန်ထန် ပြော၏ သတင်းစာများက စာအုပ်နီကို မြှောက်ကိုင်ထားသည့် ကျောက်နီ၏ ပုံကို ပုံကြီးဖြင့်ဖေါ်ပြကာ ပီကင်း ရေဒီယိုမှ ပြောနေကြလေသံဖြင့် "ကျောက်နီက ထောက်ပြလိုက်သည်”
ဟု စာလုံးမဲကြီးဖြင့် သရော်တော်တော် ဖေါ်ပြ၏။ ဆန်ပြတ်နေသောလူထု ၏ မျိုးချစ်စိတ်များ ဆူဝေလာ၏ ဆန်ပုံးထဲတွင် ဆန်မရှိ ၀မ်းဗိုက်ထဲတွင် ဆန်ပြုတ်သာသောက်ထားရ၍ ဆာလောင်နေသည်ကို မေ့ကုန်၏ ပီကင်းရေဒီယို ၏ နေ၀င်းစန်းယု စစ်အစိုးရကို အပြုတ်တိုက်ရမည်ဟုသော ကြွေးကြော်သံကို မင်းတို့ ကို ဆန်ပြုတ်ပြန်တိုက်မည်ဟု အဖေ တို့ လူစု ပြန်အော်ကြသည်ကို ဒီနေ့အထိ ကြားယောင်မိနေဆဲ...။ အသံစွာစွာနှင့် မထိလေးစားပြောနေသော ပီကင်းရေဒီယိုထဲက တရုတ်မကို ၇ နှစ်သား ကျွန်တော် အတော်မုန်းမိသည်..။
၁၉၆၈
ကျွန်တော် ၈ နှစ်သား သို့သော် ရဲဘော်မြကြီးဆိုသူ ပစ်သတ်သဖြင့် ကွန်မြူနစ် ခေါင်းဆောင်ကြီး သခင်သန်းထွန်းသေသွားသည်ကို လူကြီးများ အရေးကြီးသတင်းအဖြစ် ပြောနေသည်ကို မှတ်မိသည်။ ပါတီညီလာခံတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ၀မ်းနည်းရသလိုလိုပြောတာ ရန်သူသေတာ ကို ၀မ်းမသာပဲ ဝေ့လည်လည်ကြီး ဘယ်လိုကြီးပြောသလဲမသိ ဟု တွေးမိတာမှတ်မိသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ မင်းတို့ကတော့ဝမ်းသာကြမှာပဲ ငါကတော့ တိုင်းပြည်အတွက် အတူလုပ်ခဲ့တဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦး ကျဆုံးလို့ စိတ်မကောင်းဖြစ်မိတယ်ဟု သော အပြောကိုမှတ်မိသည်။ သတင်းစာများတွင် ရဲဘော်မြကြီးက မည်သို့ မည်ပုံ ပစ် ခတ်လုပ်ကြံခဲ့သည်ကို ဓာတ်ပုံဖြင့် ဖေါ်ပြကြသည်ကို မှတ်မိနေ၏။
၁၉၇၀-၇၁
ကျူကုတ် တိုက်ပွဲနှင့်အတူ အရှေ့ မြောက် ဗကပ စတင်မွေးဖွားလာ၏ ထိုသို့ မမွေးဖွားမီ ခြောက်နှစ် အလို ၁၉၆၄ တွင်တရုတ်ကွန်မြူနစ်ပါတီ၏ ယဉ်ကျေးမှုတော်လှန်ရေး သည် တရုတ်ပြည် အလုံးကိုသာမက အိမ်နီးချင်း နိုင်ငံများကို ပါရိုက်ခတ်၏ ထိုအချိန်တွင် ယခု ပျားပန်းခပ်မျှ စည်ကားလျက်ရှိသော ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းနှင့် သိပ်မဝေးလှသော တောတွင်းတစ်နေရာတွင် ပြည်ပမှ တိုက်ရိုက်တင်သွင်းလာသော ယဉ်ကျေးမှု တော်လှန်ရေး၏ ဆူနာမီလှိုင်းမိကာ အလယ်ရိုးမ ကွန်မြူနစ်များသည် ပါတီတွင်းအာဏာနီ တည်ဆောက်ပွဲကို ပီကင်းပြန်များ၏ ဦးဆောင်မှုဖြင့် ဆင်နွဲကြကုန်၏။
တော်လှန်တဲ့ ဥက္ကဌကြီး သခင်သန်းထွန်း သက်တော်ရာကျော်ရှည်ပါစေ
ကမ္ဘာ့ခေါင်းဆောင်ကြီး မဟာမော်စီတုန်း သက်တော်ရာကျော်ရှည်ပါစေ ဟုသော ကြွေး ကြာ်သံများသည် ပဲခူးရိုးမတွင် ညံနေ၏။
မူဟောင်း မာ့ခ် လီနင် ကို ဘုရားလိုကိုးကွယ်ရင်း အိန္ဒိယမှ တင်သွင်းလာခဲ့သော အမေရိကန် ကွန်မြူနစ် ဘရောက်ဒါးမှ စခဲ့သော မြန်မာကွန်မြူနစ် တို့သည် စတာလင် ၀ါဒနှင့် ဇဒါးနော့ဗ် ၏ ပြည်တွင်းစစ်ဆင်နွဲ အာဏာရယူရေးလမ်းစဉ်အတိုင်း တိုင်းပြည်အလုံးကို သွေးချောင်းစီးစေခဲ့၏။ ထို့နောက် ၅၅ ခုနှစ် ခရူးရှက်၏ စစ်မတိုက်ပဲ အောင်ပွဲရမည့် လမ်းစဉ် ကို တင်သွင်းလာရာတွင့် ငြိမ်းချမ်းရေးလား အပြုတ်တိုက်ရေးလား အူလည်လည်ဖြစ်နေစဉ် ပီကင်းပြန်များနှင့်အတူလီနင်နှင့် စတာလင်သာရှိခဲ့သော ကွန်မြူနစ်ဘုရားစင်ပေါ် မော်စီတုန်း တရုတ် ကြီးက ရောက်လာတော့၏။ ထိုအခြေအနေကို လက်မခံနိုင်ဖြစ်နေသော သူတို့ စကားဖြင့်ဆိုရလျင် “တွေဝေနေသော” ကွန်မြူနစ်ကြီးများ မှာ သွေဖီရေးသမားများ ပြန်လည်ပြင်ဆင်ရေးသမားများ ခရူးရှက်၏အချောင်သမားလမ်းစဉ်သမားများ ဟုသော စွပ်စွဲချက်ဖြင့် ပီကင်းပြန်များ၏ အာဏာနီ တည်ဆောက်ရေး ဖြုတ်ထုတ်သတ်လမ်းစဉ်တွင် သူတို့၏ လည်ချောင်းသွေးများဖြင့် ခြေဆေးခံရကာ စတေးခံကြရတော့၏။
မဟာမော်စီတုန်းသာ အသက်ရာမကျော်သော်လည်း ၈၀ ကျော်တော့နေလိုက်ရသေးသည်။ သခင်သန်းထွန်းကား ၆၀ မပြည့်မီ ၅၇ နှစ်အရွယ်ထိသာ ခံ၏။
၇ တန်းကျောင်းသား ကျွန်တော်ကားနန်ယန်မဟုတ်သော ဟွာကျုံးမဟုတ်သော ရေကူးကျောင်းဟု အမည်ရသည့် ကမ္ဘာအေး တစ်ဝိုက်မှ ဆင်းရဲသား သားသမီးများသာ တက်ကြသော အထက(၄) မရမ်းကုန်း၏ ယိုင်နဲ့နေသော စာသင်စောင် တစ်ခုတွင် မနက် ပိုင်းစက်ဘီး တစ်စီးဖြင့် မုန့်များလိုက်ပို့ကာ ချွေးစော်တစ်နံနံ ဖြင့် အတန်းထဲသို့ ၀င်လာတတ်သော အက်ဖ်အာစီ တရုတ်များနှင့် စာမေးပွဲတွင် အပြိုင်ကြဲနိုင်ရန် စာကုန်းကျက်နေရလေသည်။
၁၉၇၃
၇ တန်းအောင် ကျောင်းပိတ်ရက်နွေရာသီ အဖေက ကွန်မြူနစ်လားမေးမိသော ကျွန်တော့်ကို သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပဒု စာအုပ်များကို ငါ့သားနားလည်သလောက် ဖတ်ကြည့် ဆိုသဖြင့် စဖတ်ရသည်...
ရဲဘော်ဌေးကို သူ့သား ဖိုးထူးက လယ်မျိုဝါးရင်တုတ်နှင့် ဝင်ရိုက်သော အဖြစ်ကို မှတ်တမ်းတင်ထားသော စာပိုဒ်များက နုငယ်သော နှလုံးသားကို သဲကြမ်းကော်ပတ်နှင့်တိုက်စားသလို ပွန်းပဲ့စေယုံမကတုန်လှုပ်ခြောက်ခြားစေသည်။
၅၅ တွေ ၆၄ တွေ ဖောက်ပြန်ရေးသမား စကားလုံးတွေ မိုးမွှန်နေသော စာပိုဒ်များတွင်
မော် ဝါဒီ ပီကင်းပြန်တို့နှင့် မူလလက်ဟောင်း ဗမာကွန်မြူနစ်တို့ ပါတီတွင်းအာဏာလုပွဲ ကိုနားမလည်နိုင်ခဲ့သော်လည်း ရဲဘော်ချင်း သွေးသားချင်း ရက်ရက်စက်စက် သတ်ဖြတ်ကုန်ကြတာကိုတော့ ပိုပြီးနားမလည်နိုင်အောင်ဖြစ်ရသည်။ သခင်သန်းထွန်းအနီးတွင် ရဲဘော်အောင်ကြီး လို ပီကင်းပြန်များ ပူးကပ်လိုက်၏။
ဘ၀ဟစ်တိုင်လှုပ်ရှားမှုဟုဆိုကာ ကွန်မြူနစ်ပါတီအတွင်းမှ အမျိုးသမီးငယ်အတော်များများ မုဒိန်းကျင့်ခံရပါတယ်ဖြစ်ကုန်၏
လူငယ်တို့ ဘာဝ တောတွင်းတွင် ရှိသမျှ ဆင်မြီးလက်စွပ်ကလေးအစ စားစရာကလေးအစ ပေးချင်းခံရသော မိန်းကလေးသည် နင်ငါ့ကို မုဒိန်းကျင့်ချင်လို့ မဟုတ်လားဟဲ့ ဟု စွပ်စွဲတော့၏။
သူ့သဘောနှင့် သူပျော်ပါးကြချင်းကိုလည်း နင်ငါ့ကို ဘယ်နှစ်ကြိမ်တောင် မုဒိန်းကျင့်ခဲ့တယ်မဟုတ်လားဟဲ့ ဟု ဘ၀ဟစ်တိုင် လှုပ်ရှားမှုတွင် ထမီမနိုင်ပုဝါမနိုင် စွဲချက်တင်ကြတော့၏။
ကွန်မြူနစ်ပါတီတည်ထောင်ကတည်းက ပါလာသူ ကုလားကြီး ဂိုရှယ်ခေါ်ရဲဘော် ဘတင်က မိန်းကလေးများ အရှက်မဲ့ အထိန်း အကွပ်မဲ့ရူးသွပ်ကုန်သည်ကို သတိထား မိသဖြင့် ကလေးတွေ ဟစ်စတီးရီယား ဖြစ်ကုန်သလားမသိဘူး ဟုပြောမိသည်ကို သခင်သန်းထွန်းက ဟစ်တတီးရီယားဆိုသည်မှာ တဏှာရူးသည်ဟုပြောခြင်းဟု ဘာသာပြန်ပေးလိုက်၏...မိန်းကလေးများ ကိုယ်တိုင် ၀င်ရောက်သတ်ဖြတ်ကြတော့သည်။
၁၉ ၆၇ မေလ ၁ ရက်နေ့တွင် စိန်ပိန် ဂိုဏ်း ကို ချေမှုန်းကြ၏ ရဲဘော်ဌေး(ပိန်) ရဲဘော်ဘတင် (ဂိုရှယ်) (စိန်) တို့နှစ်ဦးအပြင် ဖြုတ်ထုတ်ပြီး မသတ်ခင် ထွက်ပြေးလွတ်မြောက်လာသော သခင်သန်းထွန်း၏နောက်ဆုံးနေ့များကို ရေးသားသူ ရဲဘော် ဘခက် လဲဂိုဏ်းထဲတွင်ပါ၏ နောင်သော် ဖြုတ်ထုတ်သတ် ပွဲတွင် တက်တက်ကြွကြွပါဝင်သူတို့ကို ထပ်ပြီး ဖြုတ်ထုတ်သတ်ပြန်သည် ရန်ကုန်တက္ကသိုလ်မှ တောခိုသွားခဲ့သော လူထုဦးလှ နှင့် ဒေါ်အမာ သား စိုးဝင်း(ခ)ထွန်းကျော်၊ တင်ဟန်(ခ)အောင်သိန်းနိုင် တို့သည်လည်း လည်မျိုကို ငဆော်ကြီးဖြင့် အကြွေးခံ၊ လည်ချောင်းသွေးကို ခြေဆေးကြကုန်ကာ ရက်ရက်စက်စက် အသတ်ခံကြရ၏။ သူတို့မှာ စိန်ပိန်ဂိုဏ်းချေမှုန်းရေးတုန်းက ရဲဘော်ဌေး၊ ရဲဘော်ဘတင်၊ ရဲဘော်ဘခက်တို့ကို သေဒဏ်အမြန်ပေးရန်ကိုယ်တိုင် လည်လှီးပြီးသတ်ခွင့် တောင်းဆိုကြသူများဖြစ်ခဲ့၏။ ရဲဘော်ဌေး၏သား ဖိုးထူးက တော်လှန်သော အဇာတသတ်ဘွဲ့ ကိုခံယူကာ အဖေကို ကိုယ်တိုင်လည်လှီးသတ်ခွင့်ပြုရန်တောင်းဆို၏။
အဇာတသတ် ဇတ်လမ်းမှာ ထိုမျှနှင့်မရပ်သေး..ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လွတ်လပ်ရေးအတွက် တရုတ်ပြည် သို့အတူသွားခဲ့သည့် သခင်လှမြိုင်ခေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်အား ဖြုတ်ထုတ်သတ်ပြန်၏ ထိုသို့ ဖြုတ်ထုတ်သတ်ချိန်တွင် ဗိုလ်ရန်အောင်ခမျာ ငှက်ဖျား နမိုးနီးယားဖြင့် သေလုမျောပါး ဂယောင်ဂတန်း ပြောနေချိန်ဖြစ်၏ ။ သူတို့ စွဲချက်တင်မပြီးခင် သေသွားမည်ကို စိုးရိမ်ကြသေး၏ သူတို့မသတ်ပဲ သူ့ရောဂါနှင့် သူသေသွားမည်ကို အစိုးရိမ်ကြီးစိုးရိမ်ကြသေး၏ ဗိုလ်ရန်အောင်ကို သတ်ရန်အတွက် နောက်ဆုံးစွဲချက်တင်သူမှာ သူ၏အချစ်ဆုံးသားကြီး ဇေလတ်ခေါ် ရဲဘော်စောမင်းဖြစ်၏ ဇေလတ်သည် ပီကင်းပြန် တို့၏ အထူးလေ့ကျင့် ပညာပေးမှုကြောင့် သူ့ ဖခင် အရင်းခေါက်ခေါက်ကြီးဖြစ်သည့် ဗိုလ်ရန်အောင် ကို ရန်သူအဖြစ်ကြေငြာခဲ့သူဖြစ်၏။ လက်နက်ချသွားသည့် သူ့အမေကိုရည်ညွှန်းပြီး ခင်ဗျားက နေ၀င်းဆီလက်နက်ချပြီး ခင်ဗျားမိန်းမ လက်နက်ချ နဲ့ ပျော်ဖို့ လုပ်နေ သည်ဟု စွပ်စွဲ၏ ပြန်ပြင်ရေးသမားထိပ်သီး ခင်ဗျားကို ကျုပ်ကိုယ်တိုင် လာနိုင်ရင်တောင် လာသတ်ချင်တယ်ဟု စွဲချက်တွင် ရေး၏။ နောက်ဆုံးတွင် အသက်ငင်ပြီး ချေးမနိုင်သေးမနိုင် ဖြစ်နေသော သူကို စွဲချက် မပြီးခင် အသက်ထွက်မသွားစေရန် ဆေးကုပေးလိုက်ကြသေး၏..။
ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးများဖြင့် ဖို့ပစ်မည်ဟု ကြွေးကြော်ခဲ့သော သခင်သန်းထွန်းသည် တိုက်တိုင်းအောင် တပ်များဖွဲ့ပြီးနောက် ပဲခူးရိုးမကို နေ၀င်းနောက်လိုက်များ၏ အရိုးဖြင့် ဖို့မည်ဟု ကြွေးကြော်ပြန်၏ နောက်ဆုံးတော့ သူကိုယ်တိုင်၏ အရိုးနှင့် သူ့နောက်လိုက်များ၏ အရိုးများ သူတို့ ဖြုတ်ထုတ်သတ်လိုက်သော ဗကပများ၏ အရိုးများသာ မြုပ်နှံရတော့၏။
အဖေက ကွန်မြူနစ်လားဟုမေးမိသော ၁၃ နှစ်သားသည် စာအုပ်ထူကြီး နှစ်အုပ် စာမျက်နှာ ၁၄၀၀ ကျော်ခန့် ဖတ်ပြီးနောက် တစ်သက်ခံ ကွန်မြူနစ်ကာကွယ်ဆေး တစ်ခါထဲ အပြီး ထိုးပေးခြင်းခံ လိုက်ရ လေ၏။ တစ်ပတ်ခန့် ဖြစ်စဉ်တွေ ခေါင်းထဲကမထွက် အူကြောင်ကြောင်ဖြစ်နေသည်...ဒီနေ့အထိလည်းမမေ့သေး..တွေးမိလျင်တုန်လှုပ်မိနေဆဲဖြစ်၏။
“သူတို့ ရူးကုန်ကြသလားအဖေ” ဟု မေးမိသည်။
”အဆိုးဆုံးအရူးရောဂါ ကူးစက်တတ်ပြီး ကုမရတဲ့ အရူးရောဂါကွ”
“ ယဉ်ယဉ်လေးနဲ့ စပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်တဲ့ ရောဂါကွ အာဏာရူး အာဏာရူး ဒါတောင် အာဏာအစစ်မဟုတ် သေးဘူး” ဟင်းဟင်းဟု သရော်သံနှင့် ရီရင်း ဖြေသောအဖေ့ ဖြေသံကို ကောင်းကောင်းမှတ်မိသည်။ ကျွန်တော်နားမလည်။
၁၉ ၈၈ ခုနှစ်တွင် ဒေါက်တာမောင်မောင် က Lord Acton ၏နာမည်ကြီးအဆိုအမိန့်တစ်ခုကို ကိုးကားပြီး ပြောသွား၏
“Power tends to corrupt and absolute power corrupts absolutely.”
”အာဏာဟာ လူကိုဖျက်တတ်တယ်..အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ဖျက်တတ်တယ်”
“ အာဏာရပြန်တော့ ယစ်မူးလာတတ်တယ်..အာဏာမဲ့ပြန်တော့ အာဏာကိုပဲ ဆာလောင်မွတ်သိပ်နေတတ်တယ်”
“ ဒီရောဂါကင်းတဲ့လူအင်မတန်ရှားပါးမှာပါ”
ပညာရှိတစ်ဦးဖြစ်သည့် ဒေါက်တာမောင်မောင် ၏ စကားသည် ယနေ့တိုင် ပဲ့တင်ထပ်ဆဲဖြစ်သော်လည်း....
လူတွေက ထိုအရူးရောဂါကို ဟီရိုးအင်းလို စွဲကာ ရူးသွပ်နေကြဆဲဖြစ်၏ ထပ်ကာထပ်ကာ ရူးကြခြင်းကို ခုချိန်ထိ နားမလည်နိုင် လူ့စိတ်ဆိုတာ အတော်ထူးဆန်း သလို သွား ထိကိုင်မိသည်နှင့် စွဲတတ်သော အာဏာအပေါ် စွဲလမ်းမှုကို သိသလိုလို ဆ၀ါးမိလာသည်။
၁၉၇၆
ဆယ်တန်းအပြီးနွေရာသီ ဇင်၊ချစ် နောက်ဆုံးနှစ် စာအုပ် ထွက်လာသည်။ မြရာပင်စာပေတိုက် က အဖေ့ကို လက်ဆောင်ပေး၏။ သည်ယနေ့ ဆာကူရာတာဝါ အနီး အင်းဝဟောက်စ် အဆောက်အဦ အောက်ထပ်မြေညီထပ်တွင် တခန်းတနား ဖွင့်ထား၏ စာပေတိုက်ထူထောင်သူ ထဲမှ တစ်ဦးဖြစ်သည့် ဦးချော သည် အဖေနှင့် ခင်၏ ထို့ကြော်င့ ခပ်နီနီ အနီရင့်ရင့် အနီရောင်ပျယ် ပန်းရောင်စာအုပ်များသည် အဖေ့ စာအုပ်စင်တွင်တစ်အုပ်ပြီးတစ်အုပ် ရောက်လာ၏။
သတင်းစာတွင် သခင်ဇင် သခင်ချစ်တို့ ဗကပ ဗဟိုနှင့် တပ်မ ၇၇ တပ်များ တွေ့ဆုံတိုက်ပွဲဖြစ်ပုံ ပဲခူးရိုးမ ဗကပ ဗဟိုကို ခမရ(၁၀၇)က ထက်ချပ်လိုက်ချေမှုန်းပုံကို ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အရပ်ရှည်ရှည် မျက်မှန်နှင့် ဗိုလ်မှူးကြီးတင်ဦးက တင်ပြနေပုံ ဇင်၊ ချစ် တို့၏အလောင်းများကို ၀ါးကပ်ပေါ်တွင် မိုးကာနှင့် အုပ်ထားသည့် ဓာတ်ပုံတွင် သူတို့၏ အိုမင်းသော ခြေထောက်များက အပြင်ထွက်နေသည်ကို သတင်းစာ ဓာတ်ပုံကို မြင်ရ၏။ ဖြူး မြို့နယ်အတွင်း ယခု အမြန်လမ်း ၁၁၅ မိုင် စခန်းမှ ခရီးမကွာလှသော ဖွတ်ကြားချောင်းအနီး ဖုန်းဆိုးတောအတွင်းတွင် သက်ကြားအို ကွန်မြူနစ် ခေါင်းဆောင်များ တပ်နီလူငယ်ဟုခေါ်သည့် ၇ နှစ် ၈ နှစ်သား လူမမယ်လေးများကို အားကိုးပြုပြီး ပြတ်တစ်လှည့် ငတ်တစ်လှည့် ပြေးရင်း ကန်စွန်းဥများကို အစိမ်းစားနေရသည့် ဘ၀တွင် သခင်ချစ်က သူ့ကိုယ်ရံတော် ၇ နှစ်သား တပ်နီလူငယ် ဥာဏ်မြင့်ကို
“မင်းတို့ စိတ်မလျော့ကြနဲ့ နောက်တစ်လ လောက်ဆို တို့ တော်လှန်ရေးကြီး အောင်မြင်တော့မှာ” ဟု အားပေးသေးသည် ဟု ဆို၏ နောက်တစ်လ မပြည့်မိခင်တွင်ပင် ၁၉ ၇၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ခလရ(၁၀၇)မှ ဒုဗိုလ်အောင်မြင့်ဆွေ တပ်စုနှင့် တွေ့ဆုံကာ ချေမှုန်းခြင်းကို ခံရခြင်းဖြစ်၏။ စစ်တက္ကသို်လ်ဝင်ခွင့် ဖြေရန်ပြင်နေသော ကျွန်တော့်အတွက်မူ ဖြတ်လေးဖြတ် ဆရာကြီး ဗိုလ်မှူးကြီးသန်းတင်၊ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးကြီးတင့်ဆွေ တို့သည် ဟီးရိုးများဖြစ်လာကြ၏။
၁၉ ၇၇-၁၉ ၈၈
အရှေ့မြောက် ဗကပ အရှိန်မြင့်နေဆဲကာလ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ များထဲမှ ပဲခူးရိုးမ ကွန်မြူနစ်ပုံစံသည် နေ့စဉ် ထုတ်သတင်းစာကာတွန်းများတွင် ယူဖေါင်းအိကျီ အဖါနှင့် ပုဆိုးကွက်တိုတိုဝတ်ကာမုတ်ဆိတ်မွှေး ခြေသလုံးမွှေး ပလပွ နှင့် နောက်မှ လိုက်နေသည့် ကျည်ဆံတောင့်များရှ့မှ သေနတ်ကို ထမ်းကာ အူယားဖါးယား ပြေးနေပုံဖြစ်၏။ ၁၉ ၇၇ စစ်တက္ကသိုလ် သင်ခန်းစာများတွင် တွေ့ရသော ဗကပသည်ကား လက်နက်ကြီးနှင့် သမရိုးကျတိုက်စစ်ဆင်တတ်သော လူလှိုင်းလုံးနည်းဗျူဟာကျင့်သုံးသော တရုတ်တပ်နီပုံစံ ဖြစ်သွားတော့၏ ။ ၁၉၇၈ တွင် စစ်တက္ကသိုလ်တက်ရန် အကြိမ်ကြိမ်ဖြေဆိုပြိး အရွေး မခံရပဲ ဘွဲ့ရအပြီး ဒါမှ မရရင် သေနတ်ကိုင်ရတဲ့ ရဲပဲ ၀င်လုပ်တော့မည်ဟုဆိုကာ ဗိုလ်သင်တန်း အပါတ်စဉ် ၅၆ တွင်ဝင်ဖြေ သည့် အကိုတစ်ဝမ်းကွဲ ကိုသိန်းထွန်းအောင်သည်။ ကျောင်းဆင်းပြီး လမပြည့်မီ ရက်ပိုင်းအတွင်း ဒုဗိုလ်ဘ၀မှာတင် ဗကပတို့၏ ချုံခိုတိုက် ခံရပြီး ကျဆုံးသည်။ ကျောင်းတွင် အကိုလို ချစ်ခင်ခဲ့ရသော တစ်နှစ် သာစီနီယာကျသည့် ဂါဒီယန် ကိုကြည်သောင်းဦး သည် ကျောင်းဆင်းပြီးလျင်ဆင်းပြီးချင်း ကျသည်။ နောက်တော့ ကိုယ်ကျောင်းဆင်းပြီး ဗကပ တို့နဲ့ ရင်ဆိုင်တိုက်ခိုက် ရင်း ညီအကိုအရင်းထက် ပိုချစ်ကြသည့် သူငယ်ချင်း တစ်ဦးပြီးတစ်ဦး...။ ကိုယ်တွေ့ဖြစ်လာ၍ စာအုပ်တွင်ရှာဖတ်ရန်မလိုတော့ ဒီသမိုင်းကား ကိုယ့်အကိုသွေး၊ ကိုယ့် သူငယ်ချင်းသွေးတို့ တိုက်ရိုက်စွန်းထင်းသည့် သမိုင်းဖြစ်လေပြီ။
တက်ကြွသူ ၈၈ အရေးအခင်းတွင် တက်ကြွသူများနှင့် နီးစပ်ခဲ့သူ ညီ တစ်ဦး ကမေး၏
“အကိုတို့ ကွန်မြူနစ် တို့ ဗကပ တို့ အသံမကြားချင်အောင်ကို မုန်းတာ ဘာလို့ ဒီလောက်တောင် ဖြစ်ရတာလဲ”
ပြန်မဖြေနိုင် ရင်ထဲဆို့နေ၏ သွေးစွန်းထင်းနေသော အမုန်း၊ နှလုံးသားနုနုကို ကော်ပတ်စားခံရသလို တုန်လှုပ်မှုမျိုးကို အဖေ ပေးသလို သူ့ကို ပြန်ပေးလိုက်ချင်၏...။
၁၉၉၀
၁၉ ၆၈ ခုနှစ်မှ စကာ တရုတ်တို့၏ မကြုံစဖူး ဘုံးပေါလအော အကူအညီဖြင့် လေထိုးသလို ထွားကြိုင်းလာခဲ့သော သခင်ဘသိန်းတင် ဦးစီးသည့် အရှေ့မြောက် ဗကပ ဘောလုံးကြီးသည် ၁၉၈၉ ခုနှစ် မတ်လ ဧပြီလ များတွင် ကိုးကန့်နှင့် ၀ ဟုသော ဆူးနှစ်ချောင်း စူးဝင်ပြီး နောက် ရုတ်တရက်ပင် ပြားချပ်သွားတော့ ၏ ဟု ဆိုသော ထို့ကြောင့် ဤသို့ အမည်ရသည့် တောခို စက်မှု တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှ ကျောင်းသားဟောင်းများ တောခိုကျောင်းသားဟောင်းများဟု အမည်ခံေ ရးသားသော စာအုပ်ထွက်လာ၏ ပထမအကြိမ် စာအုပ်က ပုံနှိပ်ပြီး ထုတ်ဝေခွင့်မရ သို့သော် ပြင်ပသို့ ဈေးကြီးဖြင့် မှောင်ခိုထွက်လာ၏ ။ ၁၉ ၉ ၅ ခုနှစ်ခန့်တွင် တိတ်တခိုးဝယ်ပြီး ဖတ်ရှုရသည်။ ထိုတောခိုကျောင်းသားဟောင်းများသည် ပဲခူးရိုးမ ဗကပ တို့ ပြိုကွဲ ကျဆုံးပြီးနောက်ပို်င်းမှ အရှေ့မြောက်နယ်စပ်သို့ တော်ခိုဝင်ရောက်သူများ ဖြစ်ကြသည်ဟု ဆို၏..
တက္ကသိုလ်ရောက်စတွင် ဗကပ ယူဂျီတို့၏ စည်းရုံးသိမ်းသွင်းခြင်းခံရ၏
တက္ကသိုလ် ကျောင်းသားအရေးအခင်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြသည်ဟု ၀န်ခံဖွင့် ဆို၏။
အချို့ အရေးအခင်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးမှ ထောင်ထဲတွင် ဗကပ ယူဂျီများက သိမ်းသွင်းခြင်းခံရသည်ဟု ဆို၏။
သူတို့၏ စည်းရုံးသိမ်းသွင်းမှုဖြင့် ကွန်မြူနစ် ၀ါဒကို သက်ဝင်ယုံကြည်မှု ကွန်မြူနစ်ပါတီအပေါ် အထင်ကြီးမှုများဖြင့် လက်နက် ကိုင်တော်လှန်ရေးလုပ်ဖို့ တော်ခိုခဲ့ကြခြင်းဖြစ်သည်ဟု ရေးသားသည်။
ထိုအချိန်ကတော့ ဗကပတို့ အောင်ပွဲနှင့် လက်တစ်ကမ်းဟု သွေးနထင်ရောက်နေချိန် တစ်ဘက်နိုင်ငံ ၏ လူလက်နက် ရုပ် ၀ထ္ထုအကူများဖြင့် တူတံစဉ်အလံတစ်လူလူလွင့်နေချိန်ဖြစ်သည်ဟု ဆို၏။
၁၀ စုနှစ်တစ်စု ဖြတ်သန်းပြီးသည့်အချိန်တွင်ကား ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ဇနီး ဒေါ်သန်းစိန်၏အောက်ပါ ပြောစကားက ဖြစ်ရပ် မှန်ကို ထင်ဟပ်နေ၏
“ ဗကပ ကို အဝေးကကြည့်တော့ ရွှေပုံကြီးမှတ်လို့ လာခဲပေါ့...အထဲရောက်မှ နွားချေးပုံမှန်းသိတော့တယ်”
သို့သော်လည်း ရဲဘော်သုံးကျိပ်ဝင် လွတ်လပ်ရေး သူရဲကောင်း၊ ပြည်ထောင်စုကို ရောင်စုံသူပုန် နှင့် ပြည်ပကျူးကျော်မှုမှ ကာကွယ်ခဲ့သူ ကွန်မြူနစ်ပါတီ သံယောစဉ်ကြောင့် တပ်မှ အရေးယူခံရသူ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် နောက် ဆုံးအချိန်အထိ ကွန်မြူနစ် ၀ါဒနှင့် လက်နက်ကိုင် တော်လှန်ရေးကို ယုံကြည်သွားပုံရ၏..။
အရှေ့မြောက်ဗကပလည်း ဗကပ ခေါင်းဖြတ်လိုက်သောအခါ အင်အား ကြီးမားသော မူယစ်နှင့် မှောင်ခိုလုပ်ငန်းစုံဖြင့် ငွေကြေး ကြောက်ခမန်းလိလိ တောင့်တင်းသော လက်နက်အင်အား တောင့်တင်းသော အဖွဲ့များအဖြစ် တရုတ်နယ်စပ်နှင့် ကပ်ကာ ကျန်ခဲ့လေ၏။ အရှေ့မြောက် ဗကပ လေဘူပေါင်းကိုထိုးဖေါက်ခဲ့သော စူးနှစ်ချောင်းကား ယနေ့အထိ ချွန်မြစွာ ကျန်နေဆဲ ဖြစ်၏။
၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက လောက်ကိုင်ဒေသတွင် ဖုံကြားရှင် နှင့်သူ့မျိုးဆက်များ ဦးဆောင်သည့် ဗကပ လူထွက် MMDA ကတစ်စခန်းထသည်။ တပ်မတော်မှ အသက်သွေးများစွာရင်းနှီး ကာကွယ်ခဲ့ရ၏။ ၀ နှင့် မိုင်းလားတို့ က ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးရန် မလိုသေးဟု ဆိုနေကြ၏ ရှေ့တိုးနောက်ငင် ကစားနေကြသည်။
အရှေ့မြောက် ဗကပတို့နှင့်အတူ နေထိုင်ခဲ့သည့် ၈၈ အရေးအခင်းတွင် နာမည်ကျော်ခဲ့သည့် ဆွီဒင်လူမျိုး ဂျာနယ်လစ် ၁၉ ၉ ၀ တွင် ရေးသားထုတ်ဝေခဲ့သော The Rise and Fall of The Communist Party of Burma (CPB) စာအုပ်ကို ၂၀၁၄ တွင်မှ မီဒီယာလွတ်လပ်ခွင့် ၏ကျေးဇူးဖြင့် ၀ယ်နိုင်၏ ဖတ်ရ၏ စာအုပ်တွင် အထက်က ဖြစ်စဉ် ဖြစ်ရပ်များကို အနောက်နိုင်ငံသတင်းစာဆရာ တစ်ဦးအနေဖြင့် အတည်ပြုပေးခဲ့၏။
၂၀၁၅ ဒီဇင်ဘာလ စာအုပ်ပွဲတော် တစ်ခုတွင် ထို့ကြောင့် ဤသို့ စာအုပ်ကို ဒုတိယအကြိမ် ပြန်လည်ရိုက်နှိပ် ဖြန့်ချီသဖြင့် ၀ယ်ခဲ့ရသည်။ ငယ်စဉ်က ဖတ်ခဲ့ရသော အဖေ့ သခင်သန်းထွန်းနောက်ဆုံးနေ့များ စာအုပ်နှစ်အုပ်နှင့် ဇင်ချစ် နောက်ဆုံး ၂ စာအုပ် တို့ကား ပျောက်ဆုံးကုန်ပြီ အချို့ ချစား အချို့ ကျွန်တော် မရှိစဉ် နာဂစ် မုန်တိုင်းကြောင့် အိပ်ေ ရမြုပ်ရာတွင် ပါကုန်ကြပြီဖြစ်၏။ ထို့ကြောင့် ဌာနချုပ်မှူး ဘ၀က ကျွန်းစုတွင် စာကြည့်တိုက် မတည်ပေးစဉ် ဈေးကြီးပေးပြီးဝယ်ပေးထားခဲ့သော စာအုပ်များကို ပြန်ငှားရသည်။ သားများက တက္ကသိုလ်တက်နေကြပြီ လောကကြီးက မပြောနိုင် အဖေ့လို ကာကွယ်ဆေးထိုးပေးရ ကောင်းမလား စဉ်းစားမိသည်။ ထို့ကြောင့် ဤသို့ ကို ဒုအကြိမ် ထပ်မံဖြည့်စွက် ထုတ်ဝေခဲ့သော လွင်ဦးစာပေကမူ ထိုစာအုပ် များ ထုတ်ဝေရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။ မျိုးဆက်သစ်တို့ ဖတ်ကြလျင်ဖြင့် အကျိုးများလိမ့်မည်ဟု တွေးမိသည်။
ရိုက်နှိပ်ပြီး ထုတ်ဝေခွင့်မရခဲ့သည့် “ထို့ကြောင့် ဤသို့ ”ပထမအကြိမ် စာအုပ်ကျောဖုံးတွင် ရိုက်နှိပ်ဖေါ်ပြထားသော အဆိုများ တွင် သခင်ဘသိန်းတင်၏ အဆိုကို အပေါ်ဆုံးတွင်ဖေါ်ပြထား၏
“လမ်းစဉ်မှန်ရင် မရှိရာမှ ရှိလာတယ် ငယ်ရာကကြီးလာတယ်။ လမ်းစဉ်မှားရင်တော့ ရှိရာက မရှိတာဖြစ်သွားပြီး ကြီးရာမှ ငယ်သွားမယ်။”

Credit - Thura Thet Swe



ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်တွေထဲက တစ်ခုဖြစ်တဲ့ အစ္စရေး ပညာရေးစနစ်အကြောင်း

အစ္စရေးနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် ပညာရေးကို လေ့လာကြည့်သည့်အခါ၌ အဆင့်သုံးဆင့်ရှိကြောင်း တွေ့ရပါသည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်း ကျောင်းအဆင့်ဟူ၍ အခြေခံပညာအဆင့်တွင် သတ်မှတ်ခွဲခြားထားသည်။

မူလတန်းပညာရေးကို Grade 1 မှ Grade 6 အထိ သတ်မှတ်ထားသည်။ အလယ်တန်းကို Grade 7 မှ Grade 9 နှင့် အထက်တန်းကို Grade 10 မှ Grade 12 အထိဖြစ်သည်။ မူလတန်းမှသည် အထက်တန်းအဆင့်အထိ ပညာရေးမှာ မသင်မနေရ ပညာရေးစနစ်လည်းဖြစ်သည်။

ကျောင်းစာသင်နှစ်စတင်ချိန်သည် စက်တင်ဘာလ ၁ ရက်နေ့ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မူလတန်းအဆင့် ပြီးဆုံးပြီး ကျောင်းပိတ်သည်။ အလယ်တန်းနှင့် အထက်တန်းများမှ ဇွန်လ ၂၀ ရက်နေ့အထိဖြစ်သည်။ ပျမ်းမျှ ကျောင်းတက်သူ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ အလယ်တန်းကျောင်းထွက် ဒီပလိုမာလက်မှတ်များ ရရှိကြသည်။ အထက်တန်းအဆင့်ကို ၄၉ ရာခိုင်နှုန်းခန့် တက်ရောက်သင်ကြားနိုင်ကြပြီး ဒီပလိုမာလက်မှတ်များရရှိကြောင်း သိရသည်။

Webometrics လေ့လာဆန်းစစ်ချက်အရ အစ္စရေးနိုင်ငံ တက္ကသိုလ်များသည် အာရှကျောင်းအဆင့် ၁၀၀ သတ်မှတ်ချက် ထဲ၌ အဆင့် ၆ ဝင်သည်။ အကောင်းဆုံး ကမ္ဘာ့တက္ကသိုလ် ၁၅၀ တွင် ကျောင်း ၄ ကျောင်း ပါဝင်ခဲ့သည်။ Times Higher Education-QS World University Rankings သတ်မှတ်ချက်တွင် အစ္စရေးနိုင်ငံမှ တက္ကသိုလ်ကြီး သုံးခုပါသည်။

အစ္စရေးနိုင်ငံပညာရေးစနစ်တွင် ထူးခြားချက်တစ်ခုမှာ ဘာသာရေးအလိုက်၊ လူမျိုးရေးအလိုက်လည်း ကျောင်းများကို ခွဲခြားသင်ကြားခြင်းဖြစ်သည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် ကျောင်းများတွင် ဟီးဘရူး ဘာသာစကားကို အဓိကထားကာ သင်ကြားပေးပြီး ထိုကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင် ရှိကြသည်။

ရှေးရိုး ခရစ်ယာန် Orthodox ကျောင်းများကိုလည်း ဖွင့်ခွင့်ပြုထားသည်။ နိုင်ငံတော်ဘာသာရေးအဖြစ် သတ်မှတ်ထား သည့် ဘာသာရပ်များကို ဟီးဘရူးစာပေဖြင့် သင်ကြားကြသည်။ လောကီရေးရာ ပညာရပ်ဆိုင်ရာများကို ဟီးဘရူးဘာသာ စကားနှင့် သင်ကြားကြသည်။ စာပေများတွင် ဂျူးလူမျိုး ယဉ်ကျေးမှုနှင့် ဘာသာရေးတို့အပေါ် လွန်ကဲစွာ တန်ဖိုးထား လေးစားပြီး သင်ကြားကြကြောင်းတွေ့ရသည်။

အစ္စရေးနိုင်ငံတွင် အာရပ်ကျောင်းများလည်း ရှိသည်။ အာရဗီဘာသာစကားဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်း ပေးထား သော သင်ရိုးများကို သင်ကြားကြရခြင်းဖြစ်သည်။ အာရပ်သမိုင်း၊ ယဉ်ကျေးမှုနှင့် အာရဗီစာပေများကို သင်ကြားခွင့် ပေးထားသည်။ ဘာသာရေးတို့ကိုလည်း သင်ကြားခွင့်ပြုသည်။

ကမ္ဘာ့နိုင်ငံများတွင် ဘော်ဒါစနစ်ဖြင့် ကျောင်းအိပ်၊ ကျောင်းစားထားကြသည့် အလေ့အထများရှိသည်။ ဘော်ဒါကျောင်းများ သည် ချမ်းသာသူများသာ တက်နိုင်သည့် ကျောင်းများဖြစ်သည်။ အစ္စရေးနိုင်ငံတွင်တော့ ပြောင်းပြန်ဖြစ်သည်။ ဘော်ဒါ ကျောင်း ဆိုသည်မှာ ဆင်းရဲသားများ လာထားသည့် နေရာဖြစ်နေသည်။ အစိုးရက အထောက်အပံ့ပေးထားသည့် ကျောင်းများဖြစ်ပြီး လူငယ်အများစု လာမတက်ချင်ကြသည့် ကျောင်းများလည်း ဖြစ်နေသည်။

ပညာရေးနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ကျောင်း၊ မွန်တက်ဆိုရီကျောင်း၊ Waldorf ကျောင်း စသည့် ပုဂ္ဂလိက ကျောင်းများလည်း ရှိသေးသည်။ ထိုကျောင်းများသည် နိုင်ငံတော် ကျောင်းစနစ်ထဲတွင် ပါဝင်ပြီး အစိုးရက ထောက်ပံ့ ပေးသည်။ တက်ရောက်သည့် ကျောင်းသားအလိုက် အစိုးရက အထောက်အပံ့ပေးသည့် စနစ်မျိုးဖြစ်သည်။

မြောက်အမေရိက၊ ဥရောပ ပညာရေးစနစ်တို့နှင့် ကွာခြားချက်မှာ တစ်နိုင်ငံလုံးတွင် သတ်မှတ်ပြဋ္ဌာန်းချက်များသည် တစ်ခုတည်း၊ တစ်သားတည်းဖြစ်နေခြင်းပင်။ တစ်ခုတည်းသော သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း သင်ကြားကြရသည် ကလည်း အစ္စရေးနိုင်ငံ၏ ထူးခြားချက်တစ်ခုဖြစ်သည်။ ကျောင်းများသည် မိမိတို့စိတ်ကြိုက် သင်ကြား၊ သင်ယူမှုနယ်ပယ် တို့ကို ဖြန့်ချဲ့နိုင်သည်။ သင်ကြားမှု အထောက်အကူပြု ပစ္စည်းများကို သုံးခွင့်ရှိသည်။ ပညာရေးဝန်ကြီးဌာနကလည်း လိုအပ်ချက်များကို ထောက်ပံ့ပေးသည်။

အစ္စရေးနိုင်ငံပညာရေးစနစ်တွင်လည်း ထူးခြားချက်တစ်ခုမှာ ကျောင်းသားများသည် ကျောင်းသက်တမ်း ကာလအတွင်း စာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုကြရခြင်းဖြစ်သည်။ ယင်းစနစ်သည် ဖင်လန်နိုင်ငံ ပညာရေးစနစ်နှင့် တူညီနေကြောင်း လည်း သတိပြုမိသည်။ အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ရောက်မှ နောက်ဆုံး အထက်တန်းအဆင့် ကျောင်းထွက်စာမေးပွဲအဖြစ် တစ်ကြိမ်သာ စာမေးပွဲကို ရင်ဆိုင်ကြရခြင်းဖြစ်သည်။

ထိုစာမေးပွဲကို မအောင်လျှင်လည်း ကိစ္စမရှိ။ သူတို့ စစ်မှုထမ်းပြီးချိန်တွင် ဤစာမေးပွဲကို ပြန်လည်ဖြေဆိုခွင့်ရှိသည်။ ကျောင်းသားများသည် (Orthodox, Pacifists, Arabs) တွေကလွဲပြီး အစ္စရေးတပ်မတော် IDF (Israel Defense Forces) ကို အသက် ၁၈ နှစ်ပြည့်လျှင် ဝင်ကြရသည်။ ကောလိပ် သို့မဟုတ် တက္ကသိုလ်မတက်မီ အထက်တန်းအဆင့် ကျောင်းပြီး လျှင် စစ်ထဲဝင်ကြရသည့် သဘောဖြစ်သည်။ အသက် ၂၁ နှစ် သို့မဟုတ် ၂၂ နှစ်အထိ စစ်တပ်ထဲတွင် စစ်မှုထမ်းပေး ကြရသည်။

အမျိုးသမီးများလည်း ၂ နှစ် စစ်မှုထမ်းကြရသည်။ အမျိုးသားများက ၃ နှစ်ခန့် စစ်မှုထမ်းရသည်။ အစ္စရေးတပ်မတော်သည် နိုင်ငံ၏ အရေးအပါဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ပညာရေးအားလုံးအပေါ် လွှမ်းမိုးနေသည်။ လွှမ်းမိုးခွင့်လည်း ပေးထားသည်။ နည်းပညာသည် ပညာရေးအတွက် ပြုပြင်ပြောင်းလဲရန် အကောင်းဆုံးလက်နက် တစ်ခုအဖြစ် ခံယူထားသည်။ ထို့ကြောင့် ကျောင်းသားများ e-Book များ လေ့လာဖတ်ရှုနိုင်ရေးနှင့် အွန်လိုင်းကတစ်ဆင့် ပညာရှာနိုင်ရေး များကို အလေးထားကာ စီစဉ်ပေးသည်။

အစ္စရေးပညာရေးသည် မိမိတို့နိုင်ငံ၊ မိမိတို့ လူမျိုး၊ မိမိတို့နေရာဒေသနှင့် အကိုက်ညီဆုံးစနစ် တစ်ခုဖြစ်စေရန် ဖန်တီး တီထွင်ထားသဖြင့် နိုင်ငံတကာစံ များနှင့် တူညီသည်လည်းရှိသည်၊ ကွဲပြားချက်များလည်း ရှိနိုင်သည်။ မည်သို့ဆိုစေ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက် အကောင်းဆုံး ဆောင်ရွက်ဖော်ဆောင်ပေးထားနိုင် သော ပညာရေးစနစ်တစ်ခု ဖြစ်ကြောင်း မငြင်းနိုင်ပေ။

၂၁ ရာစုသည် နည်းပညာကို မဖြစ်မနေ အသုံးပြုရမည့် ခေတ်ဖြစ်လာသောကြောင့် ပညာရေးတွင်လည်း နည်းပညာကို ထည့်သွင်းအသုံးပြုရန် လိုအပ်ပါသည်။ အစ္စရေးနိုင်ငံပညာရေးစနစ်ကို လေ့လာကြည့်လိုက်လျှင် အဆင့်မြင့် ပညာရေး အပိုင်းကိုလည်း နည်းပညာဖြင့် မြှင့်တင်နိုင်ရန် ကြိုးစားအားထုတ်နေမှုများကို တွေ့ရသည်။ အထက်တန်းအဆင့်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံမျိုး စာမေးပွဲတစ်ကြိမ်ဖြေပြီး စစ်ပညာကိုသင်၊ ထို့နောက်မှာ တက္ကသိုလ်ကို ဝင်ခွင့်ပြုလိုက် သောကြောင့် မည်မျှစမတ်ကျသည့် လူငယ်များဖြစ်လာမည် ဆိုခြင်းကို ပြောစရာပင် လိုမည်မထင်ပေ။

အထက်တန်းအောင်၊ စစ်မှုထမ်းဘဝမှထွက် လာပြီးနောက် တက္ကသိုလ်ဆက်မတက်ချင်လည်းရသည်။ သူတို့တွင် ဘွဲ့မရဘဲ အလုပ်ခန့်နိုင်သည့် အလုပ်တွေ အများကြီးရှိနေသည်။ ထိုသို့လုပ်ခွင့်ရစေရန်လည်း ဖန်တီးပေးထားသည်။ အစ္စရေး နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာတတ်အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ နိုင်ငံတွင် အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် အထက်တန်းအဆင့်ပညာကို သင်ကြားပြီး သူများဖြစ်နေသည်။ OECD နိုင်ငံများအတွင်းမှာပင် ၃၃ ရာခိုင်နှုန်းရှိသည်ဆိုသောကြောင့် အစ္စရေးက ပိုပြီးမြင့်သည်ဟုဆိုရမည်။

အဆင့်မြင့်ပညာရေးအဆင့်တွင် တက္ကသိုလ်ပေါင်းများစွာကို ပါဝင်ဖွဲ့စည်းထားသည်။ တက္ကသိုလ် မဟုတ်သည့် ပညာပေးရာ အဖွဲ့အစည်းများလည်း ရှိသေးသည်။ သာမန်ဘွဲ့များကို သူတို့နည်း၊ သူတို့ဟန်များဖြင့် လေ့ကျင့်သင်ကြားပေးကာ လက်မှတ် ထုတ်ပေးနေကြသည်။ ဒေသကောလိပ်များလည်းရှိပြီး မိမိတို့ကိုယ်စားပြု တက္ကသိုလ်များက သတ်မှတ်ပြဋ္ဌာန်း ပေးထားသည့် သင်ရိုးများအတိုင်း သင်ကြားပေးကြသည်။ အထက်တန်းကျောင်းအဆင့်ပြီးသူတိုင်း တက်ရောက်သင်ကြား နိုင်သည်။ ပညာရေးဆိုင်ရာစီမံခန့်ခွဲ မှုနှင့် သင်ကြားမှုများကို မိမိတို့ တက္ကသိုလ်အဖွဲ့ အစည်းများအလိုက် လွတ်လပ်ခွင့် ပေးထားသည်။

အဆင့်မြင့်ပညာရေးတွင် ကောင်စီတစ်ခု ဖွဲ့စည်းထားသည်။ အစ္စရေးနိုင်ငံမှ တရားဝင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတော် က ခန့်အပ်ထားသော အဖွဲ့ဝင် ၁၉ ဦးမှ ၂၅ ဦးအထိ ဖွဲ့စည်းနိုင်သည့် ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက ခန့်အပ်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့် အပြည့်အဝပေးထားသည်။ ထိုအဖွဲ့သည် အစိုးရအပေါ် ပညာရေးဆိုင်ရာ အကြံပြုချက်များအား ပေးနိုင်ခွင့်လည်း ရှိသည်။

အဆင့်မြင့်ပညာရေးကောင်စီသည် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလုပ်ဆောင်ရာ၌ မည်သည့် သုတေသန လုပ်ငန်းများကို လုပ်ဆောင်ရမည်ဆိုခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာတို့တွင် မည်သို့စီမံ သုံးစွဲသင့်သည် ဆိုခြင်းများကို အစိုးရ အား အကြံပေးရသည်။ စီမံကိန်းနှင့် ဘတ်ဂျက်ကော်မတီကို ကောင်စီ၏ အဖွဲ့ခွဲတစ်ခု အနေနှင့်ထားရှိပြီး အဆင့်မြင့် ပညာရေးဆိုင်ရာ ရန်ပုံငွေ ခွဲဝေသုံးစွဲမှုများကို မည်သည့်နေရာများတွင် သုံးစွဲသင့် ကြောင်း အကြံပြုတင်ပြရသည်။ အဆင့်မြင့်ပညာရေးအတွက် ဘတ်ဂျက်ကို သုံးစွဲရာ၌ ကမ္ဘာ့စံနှုန်းများအတိုင်း အချိုးညီစွာ ရရှိခံစားနိုင်ရေးများကို စနစ်တကျ ပြုစုတင်ပြပြီး သုံးစွဲကြလေ့ရှိသည်။ အဆင့်မြင့်ပညာရေးကဏ္ဍတွင် တက္ကသိုလ်များနှင့် ကောင်စီသည် အပြန်အလှန်နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်လေ့ရှိသည့်အတွက်လည်း အဆင့်မြင့်ပညာရေးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။

အစ္စရေးနိုင်ငံတွင် တက္ကသိုလ်ပညာရေးကို လာရောက်လေ့လာပညာရှာကြသည့် အရွယ်များသည် အသက် ၂၀ နှင့် ၂၄ နှစ် အရွယ်များဖြစ်သည်။ သူတို့က စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အထက်တန်းပြီးကတည်းက စစ်ထဲဝင်နေကြရပြီး တည်ငြိမ်ရင့်ကျက်သည့်အရွယ်မှ တက္ကသိုလ်ကို ရောက်လာကြသည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် OECD နိုင်ငံများ အတွင်း တက္ကသိုလ်တက်ရောက်သည့် လူငယ်များ၏အသက်ကို ဆန်းစစ်ရာတွင် အစ္စရေးနိုင်ငံမှ ကျောင်းသားများ၏ အသက်သည် အကြီးဆုံးဖြစ်သည်။ ဘွဲ့ရပြီး ပျမ်းမျှ အသက်မှာ ၂၇ နှစ်ဖြစ်နေသည်။

သူတို့ဘွဲ့ရပြီးမှ ဘဝကို စကြရသည်ဟုဆိုနိုင်သည်။ အထက်တန်းပြီးသည့်အခါ စစ်ထဲဝင်၊ စစ်တပ်က ထွက်သည့်အခါ ကျောင်းထဲဝင်နှင့် တကယ့်လက်တွေ့ဘဝကို ၂၇ နှစ်လောက်မှ ရောက်ကြသည်။ ထို့ကြောင့် ဘွဲ့လွန်ပညာရပ်များကို ဆက်ပြီး မလေ့လာကြသည်ကလည်း များသည်။

တက္ကသိုလ်များတွင် လက်ရှိသင်ယူနေကြသည့် ဘာသာရပ်များမှာ လူမှုရေးသိပ္ပံ၊ လူမှုရေးပညာ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် သင်္ချာဘာသာရပ်တွေက အများဆုံးဖြစ်သည်။ လက်တွေ့အသုံးချ သိပ္ပံဆိုင်ရာ ဘာသာရပ်များကို လေ့လာသူတွေ ကနည်းပါး လာကြောင်းလည်းတွေ့ရသည်။

အစ္စရေးတက္ကသိုလ်များတွင် Open University နှင့် Weizmann Institute တို့က လွဲပြီး Bachelor, Master, Doctoral Degrees များကို ပေးအပ်ချီးမြှင့်သည်။ တက္ကသိုလ်ရောက်လာသည့် ကျောင်းသား ၃၂ ရာခိုင်နှုန်းခန့် ကျောင်းပြီး ဘွဲ့ရသည် အထိ တက်သွားကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် အမြင့်ဆုံးဟုဆို နိုင်သည်။

အစ္စရေးနိုင်ငံလူနေမှုစနစ်တွင် အဆင့်မြင့်ပညာကို အလွန်အလေးထားပြီး တက္ကသိုလ်ဘွဲ့ရဆိုသည့် ဂုဏ်မျိုးကိုလည်း လေးစားတတ်ပါသည်။ ဂျူးတို့သည် စီးပွားရေးကိုသာ အလေးထားရှာနေကြသူများ ဖြစ်သည်ဟု ဆိုသော်လည်း ကော်လာဖြူလုပ်သားများကို ခေတ်သစ်တွင် တန်ဖိုးထား အလေးထားလာကြသည်။ လူငယ်တွေကို စနစ်ကျအောင်၊ စည်းကမ်းရှိအောင် ပြုပြင်ယူသည်။ ပြီးမှ ပညာကိုသင်ယူခိုင်းသည်။ အားလုံးကို သူ့နေရာနှင့်သူ ပုံစံကျအောင် မွေးထုတ် စီစဉ်ထားသည့် ပညာရေးစနစ်တစ်ခုသည် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရှိနေသည်မှာလည်း အဘယ်ကြောင့် ဖြစ်သနည်း ဆိုခြင်းကို လေ့လာသင့်ပါသည်။

(Ref: The Times of Israel, Higher Education in Israel: Background & Overview, Jewish Virtual Library)

Credit – The Voice Myanmar








သံရုံးဝန်ထမ်းများထူးဆန်းစွာ ဖျားနာနေမှုကြောင့် ကျူးဘားမှ ကနေဒါ သံရုံးဝန်ထမ်းထက်ဝက် ပြန်ခေါ်


ကျူးဘားရှိကနေဒါသံရုံးမှ နောက်ထပ်ဝန်ထမ်းတစ်ဦး ထူးဆန်းစွာဖျားနာလာပြန်သောကြောင့် သံရုံးဝန်ထမ်းထက်ဝက်ကို ပြန်လည်ခေါ်ယူထားပြီဖြစ်ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်ကြေညာသည်။
၂၀၁၇ နှစ်ဆန်းပိုင်းက စတင်ကာ ကျူးဘားမြို့တော် ဟာဗားနားရှိကနေဒါသံရုံးမှ ဝန်ထမ်း ၁၄ ဦးထိ အကြောင်းရင်းရှာမရဘဲ ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပွားခဲ့သည်။ ဟာဗားနားရှိ အမေရိကန်သံရုံးမှလည်းဝန်ထမ်း ၂၆ ဦးထိအလားတူထူးဆန်းစွာနာမကျန်းဖြစ်ခဲ့ရသဖြင့် ဝန်ထမ်းများ ပြန်လည်ခေါ်ယူခြင်း၊ အကြောင်းရင်းစုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နာမကျန်းသူများထဲတွင် ဦးနှောက်ထိခိုက်သူများပါ ပါဝင်ကြောင်းသိရသည်။
ကနေဒါဆိုင်ရာ ကျူးဘားသံအမတ် ဟိုဆေးဖီနာဗီဒယ်ကမူကနေဒါအစိုးရ၏ အပြုအမူကိုနားမလည်နိုင်ကြောင်း၊ ကျူးဘားအနေဖြင့် ကနေဒါနှင့် သံတမန်ဆက်ဆံရေးကောင်းတည်မြဲနေအောင် ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ၁၃ ဦးမြောက် သံရုံးဝန်ထမ်းထူးဆန်းစွာ နာမကျန်းဖြစ်ပြီးနောက် တုံ့ပြန်ရန် နည်းလမ်းမျိုးစုံစဉ်းစားကြံဆခဲ့ကြောင်း ကနေဒါအစိုးရက ပြောသည်။
ဟာဗားနားရှိ ကနေဒါသံရုံးတွင် ကနေဒါနိုင်ငံသား သံဝန်ထမ်းရာထူး ၁၆ နေရာအနက် ၈ နေရာကိုလျှော့ချလိုက်ကြောင်းကနေဒါကထုတ်ပြန်ထားသည်။
ကနေဒါသံအမတ်သည် ကျူးဘားတွင် ဆက်လက်ရုံးထိုင်မည်ဖြစ်ပြီး ကနေဒါနိုင်ငံသားများအတွက် သံရုံးဝန်ဆောင်မှု အပြည့်ရရှိနေမည်ဖြစ်ကြောင်း သိရသည်။ ကျူးဘားသည် ကနေဒါနိုင်ငံသားများ သွားရောက်လည်ပတ်မှုများပြားသည့်နိုင်ငံဖြစ်သည်။ သံရုံးဝန်ထမ်းများထူးဆန်းစွာ နာမကျန်းမှုများရှိသော်လည်း ကနေဒါ နိုင်ငံသားခရီးသွားများထဲ၌ ထိုသို့ ဖြစ်ပွားသူမရှိကြောင်းလည်း သိရသည်။

Credit - Myanmar Times


စနစ်သစ် ပညာရေးအကြောင်း(Education Reform)

စနစ်သစ် ပညာရေးအကြောင်း(Education Reform)
—�—�———————————————————�
စနစ်သစ်ပညာရေးမှာ ( KG+5+4+3 )
KG - Kindergarten
Primary မူလတန်းအဆင့် (G1 G2 G3 G4 G5)
Secondary အလယ်တန်းအဆင့် (G6 G7 G8 G9)
အထက်တန်း အဆင့် (G10 G11 G12)
KG နှင့် Grade - 12 သည်
၁၀၀% သင်ရိုးသစ်များဖြစ်ပါသည်။
- မူလတန်း အဆင့်တွင်
ပထမတန်း (Grade - 1) သည်
ယခင် သူငယ်တန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
ဒုတိယတန်း (Grade - 2) သည်
ယခင် ပထမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
တတိယတန်း (Grade - 3) သည်
ယခင် ဒုတိယတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀%
စတုတ္ထတန်း (Grade - 4) သည်
ယခင် တတိယတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
ပဉ္စမတန်း (Grade - 5) သည်
ယခင် စတုတ္ထတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
- အလယ်တန်း အဆင့်တွင်
ဆဌမတန်း (Grade - 6) သည်
ယခင် ပဉ္စမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
သတ္တမတန်း (Grade - 7) သည်
ယခင် ဆဌမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
အဌမတန်း ( Grade - 8)သည်
ယခင် သတ္တမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
နဝမတန်း (Grade - 9) သည်
ယခင် အဌမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
- အထက်တန်း အဆင့်တွင်
ဒသမတန်း (Grade - 10) သည်
ယခင် နဝမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
ဧကဒသမတန်း (Grade - 11) သည်
ယခင် ဒသမတန်းစာ ၇၀ % + ပြင်ဆင်ဖြည့်စွက် ၃၀ %
***ဒွါရဒသမတန်း (Grade - 12) သည်***
သင်ရိုးအသစ် ၁၀၀ % ရေးဆွဲနေတာဖြစ်ပါတယ်။
စနစ်ဟောင်း စတုတ္ထတန်း ကျောင်းသားတွေ
စနစ်သစ် အလယ်တန်းအဆင့်မှာ
ဆဌမတန်း (Grade -6) တက်ရလို့
ပဉ္စမတန်း ပျောက်သွားတာမဟုတ်ပါ။
အခေါ်အဝေါ် ပြောင်းသွားခြင်းသာဖြစ်ပါတယ်။
သင်ယူမှုအတွက် အရေးကြီးသော၂၁ရာစု ကျွမ်းကျင်မှုများ
နှင့်ကိုယ်ရည်၊ ကိုယ်သွေး ကျွမ်းကျင်မှုများဖြစ်သည့်
(၁) ပူးပေါင်း ဆောင်ရွက်ခြင်း နှင့်
အုပ်စုဖြင့်လုပ်ငန်း ဆောင်ရွက်ခြင်း။ (Group Working)
(၂) ဆက်သွယ် ပြောဆိုခြင်း။ (Communication)
(၃ ) လေးနက်စွာ ဆန်းစစ် ဝေဖန်ခြင်းနှင့်
ပြဿနာဖြေရှင်းခြင်း။
( Critical Thinking & Problem Solving)
(၄) တီထွင်ဖန်တီးခြင်း။ (Creativity)
(၅) နိုင်ငံသားကောင်း စိတ်ဓာတ်ရှိခြင်း။ (Citizenship)
တို့ရရှိအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင်
စနစ်ဟောင်း သတ္တမတန်းသည် (စနစ်သစ် အထက်တန်း အဆင့်တွင်) ဆက်လက် ပညာသင်ယူရမှာဖြစ်ပါတယ်။
၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင်
စနစ်ဟောင်း (အဌမတန်း၊ နဝမတန်း၊ ဒသမတန်း) များသည် ဒသမတန်းဖြေဆိုပြီး
အောင်မြင်လျှင် အခြေခံပညာ ပြီးဆုံးမှာဖြစ်သည်။
(ပြောင်းလဲ ကျင့်သုံးနေသည့် ပညာရေး အကြောင်း တစ်စေ့တစ်စောင်း ပြန်လည် ဝေမျှလိုက်ရပါသည်။)

Credit : Daw Myo Pa Pa Win