ကျူးဘားရှိကနေဒါသံရုံးမှ နောက်ထပ်ဝန်ထမ်းတစ်ဦး ထူးဆန်းစွာဖျားနာလာပြန်သောကြောင့် သံရုံးဝန်ထမ်းထက်ဝက်ကို ပြန်လည်ခေါ်ယူထားပြီဖြစ်ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်ကြေညာသည်။
၂၀၁၇ နှစ်ဆန်းပိုင်းက စတင်ကာ ကျူးဘားမြို့တော် ဟာဗားနားရှိကနေဒါသံရုံးမှ ဝန်ထမ်း ၁၄ ဦးထိ အကြောင်းရင်းရှာမရဘဲ ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပွားခဲ့သည်။ ဟာဗားနားရှိ အမေရိကန်သံရုံးမှလည်းဝန်ထမ်း ၂၆ ဦးထိအလားတူထူးဆန်းစွာနာမကျန်းဖြစ်ခဲ့ရသဖြင့် ဝန်ထမ်းများ ပြန်လည်ခေါ်ယူခြင်း၊ အကြောင်းရင်းစုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နာမကျန်းသူများထဲတွင် ဦးနှောက်ထိခိုက်သူများပါ ပါဝင်ကြောင်းသိရသည်။
ကနေဒါဆိုင်ရာ ကျူးဘားသံအမတ် ဟိုဆေးဖီနာဗီဒယ်ကမူကနေဒါအစိုးရ၏ အပြုအမူကိုနားမလည်နိုင်ကြောင်း၊ ကျူးဘားအနေဖြင့် ကနေဒါနှင့် သံတမန်ဆက်ဆံရေးကောင်းတည်မြဲနေအောင် ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ၁၃ ဦးမြောက် သံရုံးဝန်ထမ်းထူးဆန်းစွာ နာမကျန်းဖြစ်ပြီးနောက် တုံ့ပြန်ရန် နည်းလမ်းမျိုးစုံစဉ်းစားကြံဆခဲ့ကြောင်း ကနေဒါအစိုးရက ပြောသည်။
ဟာဗားနားရှိ ကနေဒါသံရုံးတွင် ကနေဒါနိုင်ငံသား သံဝန်ထမ်းရာထူး ၁၆ နေရာအနက် ၈ နေရာကိုလျှော့ချလိုက်ကြောင်းကနေဒါကထုတ်ပြန်ထားသည်။
ကနေဒါသံအမတ်သည် ကျူးဘားတွင် ဆက်လက်ရုံးထိုင်မည်ဖြစ်ပြီး ကနေဒါနိုင်ငံသားများအတွက် သံရုံးဝန်ဆောင်မှု အပြည့်ရရှိနေမည်ဖြစ်ကြောင်း သိရသည်။ ကျူးဘားသည် ကနေဒါနိုင်ငံသားများ သွားရောက်လည်ပတ်မှုများပြားသည့်နိုင်ငံဖြစ်သည်။ သံရုံးဝန်ထမ်းများထူးဆန်းစွာ နာမကျန်းမှုများရှိသော်လည်း ကနေဒါ နိုင်ငံသားခရီးသွားများထဲ၌ ထိုသို့ ဖြစ်ပွားသူမရှိကြောင်းလည်း သိရသည်။
Credit - Myanmar Times
No comments:
Post a Comment