• စစ်ပွဲတွေ
စာပို့ခတွေ ဈေးကြီးလာတယ်။ လေယာဉ်ခတွေ ဈေးကြီးလာတယ်။ ဘတ်စ်ကားခတွေ ဈေးကြီးလာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ကျုံ့ဝင်နေတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာကြတယ်။ ဒီလို နီးကပ်လာတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး ပိုပြီး ပါဝင်ပတ်သက်မှုတွေ များလာတယ်။
တချိန်က ပိုးလမ်းမကြီးကနေ တရုတ်ကို ကုန်သွယ်ကြတယ်။ ကိုလံဘတ်က အမေရိကန်ပြည်ထောင်စုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ပဲရီကိုမိုက ရေကြောင်းကနေ ဂျပန်ကို ကုန်သွယ်ခဲ့တယ်။ ဥရောပကတော့ အိန္ဒိယကို ဟင်းခတ်အမွှေးအကြိုင်ရဖို့ ကိုလိုနီပြုကြတယ်။
ဒီလိုနဲါ ကမ္ဘာ့လူသားတွေဟာ ကူးလူးဆက်ဆံမှုတွေ များလာရာက ပထမကမ္ဘာစစ်ဖြစ်တယ်။ နောက်တော့ ဒုတိယကမ္ဘာစစ်ဖြစ်တာပေါ့။ ပထမ၊ ဒုတိယ၊ တတိယလို့ ဆိုပေမယ့် တတိယကမ္ဘာစစ် မဖြစ်သေးသော်လည်း တစ်ကမ္ဘာလုံးမှာ စစ်ပွဲတွေ အများကြီးဖြစ်နေပါတယ်။
• အကြမ်းဖက်တာတွေ
ကျွန်တော်တို့ကမ္ဘာမှာ စစ်မဖြစ်တဲ့နေရာ သိပ်တော့မရှိဘူး။ ဒါပေမဲ့ စစ်မဖြစ်တဲ့နေရာတွေမှာ အကြမ်းဖက်မှုတွေတော့ ရှိတယ်။ အသေခံဗုံးတွေခွဲတယ်။ ဘုရားကျောင်းတွေမှာ ဘုရားရှိခိုးနေတဲ့သူတွေကို ဗုံးခွဲကာသတ်တယ်။ ကျောင်းတွေမှာ သေနတ်တွေနဲ့ပစ်တယ်။ လမ်းသွားလမ်းလာတွေကို သေနတ်နဲ့ပစ်တယ်။ မကြာသေးမီကဆို ဂျပန်တစ်ယောက်ဟာ ပန်းခြံထဲကရှိသမျှလူတွေကို ဓားနဲ့ ခုတ်တာတောင်ရှိတယ်။ ဒီလို အကြမ်းဖက်မှုတွေနဲ့အတူ ကုန်သွယ်ရေးစစ်ပွဲတွေ စလာတယ်။
ကုန်သွယ်ရေးစစ်ပွဲကို ကြားဖူးကြမှာပါ။ အင်္ဂလိပ်လို Trade War လို့ခေါ်ပါတယ်။ ယနေ့ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ဖြစ်နေတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်ပထမ (American First) ဆိုတဲ့ ပေါ်လစီအရ ထရန့်ဟာ တရုတ်သွင်းကုန်တွေကို အကောက်ခွန် ၂၅% တိုးမြှင့်ကောက်ခံလိုက်တယ်။ ဒီအဆင့်ဟာ ကမ္ဘာမှာ အတော်များပါတယ်။
(တကယ်တော့ ကျွန်တော်တို့ မြန်မာပညာတော်သင်ကျောင်းသားတွေနဲ့ သင်္ဘောသားတွေ မော်တော်ကားသွင်းတဲ့အခါ မြန်မာအစိုးရက အခွန် ၂၀၀% ကောက်တယ်။ ကျန်တဲ့ကုန်သွယ်ခွန်တွေက အပိုဆောင်းသေးတယ်... စကားချပ်)
ဒီတော့ တရုတ်လည်း အမေရိကန်ကုန်တွေကို အခွန်တိုးမြှင့်ကောက်တယ်။ ဒီလိုဖြစ်တာကို Trade War လို့ ခေါ်တာပါပဲ။ Trade War ဟာ စီးပွားရေးနဲ့ဆိုင်တယ်။ စီးပွားရေးဟာ နိုင်ငံရေးနဲ့ဆိုင်သလို ပညာရေးနဲ့လည်း ဆိုင်ပြန်တယ်။
• တိုးတက်လာတဲ့တရုတ်
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တရုတ်ဟာ ဆင်းရဲနေတယ်လို့ ပြောနိုင်တယ်။ လူဦးရေများပြီး လာဘ်စားတာကြောင့် သူတို့ဆင်းရဲတယ်လို့ ပြောကြသလို ဆင်းရဲတဲ့အတွက်လည်း လာဘ်စားတယ်လို့ ပြောပြန်တယ်။
ဒီသံသရာကို ဘယ်လိုဖြတ်မလဲ။
တစ်ချိန်က အနောက်တိုင်းနဲ့ ကုန်သွယ်ရင်း ဘိန်းကို တရုတ်တွေထံ သွင်းခဲ့တယ်။ ဒါဟာ တရုတ်တစ်ပြည်လုံးကို ပျက်စီးစေခြင်းဖြစ်တယ်။ တကယ်တော့ မူးယစ်ဆေးဝါး တစ်ကမ္ဘာလုံးပျံ့နှံ့တဲ့အကြောင်းရင်းခံက အနောက်တိုင်း(အထူးသဖြင့် အင်္ဂလိပ်)ရဲ့ လောဘကြောင့် ဖြစ်ကြောင်း ထင်ရှားပါတယ်။ ခေတ်သစ်အကူးအပြောင်းမှာ တရုတ်တို့ဟာ ဘိန်းကိုလည်း တွန်းလှန်နိုင်ခဲ့တယ်။ လာဘ်စားမှုကိုလည်း တိုက်ဖျက်နိုင်ခဲ့တယ်။
တစ်ချိန်တည်း ကမ္ဘာကြီးမှာ ခေတ်မီတိုးတက်တဲ့နည်းပညာတေပေါ်ပေါက်လာတော့တယ်။ တရုတ်တို့ရဲ့ အားသာချက်ကတော့ ကမ္ဘာ့နေရာအနှံ့ကို ရောက်ရှိနေခြင်းဖြစ်တယ်။ ဘယ်နေရာကိုရောက်ရောက် တရုတ်တန်းရှိတယ်လို့ ပြောစမှတ်ကို သတိရမိတယ်။ ဒါကြောင့် ပြည်မရှိ တရုတ်အစိုးရဟာ နိုင်ငံခြားရောက်နေတဲ့ တရုတ်တွေရဲ့ အကူအညီနဲ့ တက္ကနိုလိုဂျီတွေကို အသုံးချနိုင်ခဲ့တယ်။ ခေတ်မီတိုးတက်တဲ့ နည်းပညာနဲ့ တရုတ်တို့ရဲ့ စီးပွားရေးကုန်သွယ်မှုစွမ်းရည်ကြောင့် တရုတ်နိုင်ငံဟာ ကြောက်ခမန်းလိလိ တစ်ဟုန်ထိုး တိုးတက်လာတော့တယ်။ တရုတ်တို့ဟာ တဖြည်းဖြည်း ဆင်းရဲတွင်းက လွတ်ခဲ့တယ်။
ယနေ့ တရုတ်လူမျိုး သန်း ၁၃၀၀ ကျော်အနက် ထက်ဝက်ကျော်ဟာ ချမ်းသာနေကြတယ်။ နှစ်စဉ် ခြောက်သန်းကျော်ဟာ ဆင်းရဲတွင်းကနေ ထွက်လာနေကြတယ်။ အဓိကကတော့ တရုတ်တို့ဟာ ကုန်ပစ္စည်းများများထုတ်လုပ်ကာ ဈေးပေါပေါနဲ့ ရောင်းချပြီး ဈေးကွက်ကိုလွှမ်းမိုးလာတာပဲဖြစ်တယ်။ ဒါကြောင့် ဥရောပနိုင်ငံတစ်နိုင်ငံမှာ God create the World, but everything is made in China လို့ ရေးထိုးထားတာကို တွေ့ရတယ်။ အဓိပ္ပါယ်ကတော့ ဘုရားသခင်က ကမ္ဘာကြီး ဖန်တီးခဲ့ပေမယ့် ပစ္စည်းတွေအားလုံးကိုတော့ တရုတ်တွေကလုပ်တယ်လို့ပါပဲ။
• ထရန့်ရဲ့ ကုန်သွယ်ရေးအမြင်
ဒါဟာ အင်မတန် အရေးပါတယ်။ စီးပွားရေးတိုးတက်မှုဆိုတာ ဒိုမီနို(Domini)သက်ရောက်မှုနဲ့ဆိုင်တယ်။ ဆင်းရဲတဲ့လူတစ်ယောက် ပိုက်ဆံမရှိလို့ ချေးယူရတယ်ဆိုရင် သူဟာ အတိုးတွေပေးရတယ်။ တစ်နေ့တစ်ခြား ကြွေးတွေပိကာ ဆင်းရဲတွင်းက မတတ်နိုင်ဘူး။ ချမ်းသာတဲ့သူတွေကျတော့ သူ့မှာပိုက်ဆံပိုတယ်။ ဒါကို ချေးပေးလိုက်ရင် သူ့ရဲ့ ငွေဟာ တစ်နေ့တခြား တိုးပွားလာတယ်။ ဆင်းရဲတဲ့လူဟာ မစားရက်မသောက်ရက်ငွေစုတယ်။
ဥပမာ - ကျွန်တော့်အဖေ အသက်အာမခံထားတယ်။ ၁၉၅၀ ပြည့်နှစ်လောက်က စတယ်။ ငွေစုဘဏ်မှာလည်း ငွေစုတယ်။ တစ်နှစ်မှာ ကျပ် ၃၀၀ စုတယ်။ နှစ် ၃၀ ကြာတော့ ငွေကျပ်တစ်သောင်းလောက်ရတယ်။ သူငွေစစုစဉ်က ရွှေတစ်ကျပ်သား ကျပ် ၂၀၀ ဖြစ်တယ်။ သူငွေထုတ်တော့ ရွှေတစ်ကျပ်သား ၄၀၀၀၀ ဖြစ်နေပြီ။
တကယ်တော့ သူတစ်နှစ်ကို ရွှေနှစ်ကျပ်သား စုနိုင်တယ်။ ဒါပေမဲ့ သူက အသက်အာမခံထားတယ်။ ငွေစုတယ်။ ဒါတွေဟာ ဆင်းရဲသူတွေအတွက် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းတဲ့ ပုံစံပါပဲ။
ကျွန်တော်ဆိုလိုတာက ဆင်းရဲတွင်းက တက်ဖို့မလွယ်ဘူး။ အင်မတန်ခက်တယ်။ တစ်ဖက်က ချမ်းသာတဲ့သူတွေအတွက်ဆိုရင် ချမ်းသာဖို့ ပိုပိုပြီး လွယ်လာတယ်။ တရုတ်က ဒီလိုပုံစံတွေကို သဘောပေါက်ဟန်တူတယ်။ ဒါကြောင့် ငွေဝင်ဖို့ ပစ္စည်းတွေ တွန်းထုတ်တယ်။ တွန်းရောင်းတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် တစ်ကမ္ဘာလုံးမှာ တရုတ်ပစ္စည်းတွေ ဖောခြင်းသောခြင်းဖြစ်လာတယ်။ ဒါပေမဲ့ တစ်ဖက်ကိုကြည့်ရင်တော့ မူလဈေးကွက်မှာ ရှိနေတဲ့သူတွေဟာ ဈေးကွက်ထဲကနေ ထွက်သွားရတယ်။ သူတို့ဟာ တရုတ်ကို အစစအရာရာ မယှဉ်နိုင်တော့ဘူး။
ဒီအတွက် စပြီး ဆန့်ကျင်တာက အမေရိကန်ပါပဲ။ ဒေါ်နယ်ထရန့်ဟာ တရုတ်ကို ကုန်သွယ်မှုခွန်တွေ တိုးကောက်တယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းရောင်းသူ Huawei ကို ဈေးကွက်ကနေ ပိတ်ပစ်လိုက်တယ်။ တရုတ်ကလည်း အမေရိကန်ပစ္စည်းတွေကို ၂၅% တိုးကောက်တဲ့အပြင် အမေရိကန်ပစ္စည်းဖြစ်တဲ့ iPhone ကို ဆန့်ကျင်ဖို့ ကြိုးစားတော့တာပဲ။
• ကြားညပ်သည့်နိုင်ငံတွေ
ဒီလိုကုန်သွယ်ရေးစစ်ပွဲကနေ ဘယ်လိုနိုင်ငံတွေက အကျိုးရှိမလဲ။ မိမိတို့ အတွေ့အကြုံလေးကို သုံးသပ်ကြည့် ရအောင် ....
စစ်ပွဲဆိုလို့ ဒုတိယကမ္ဘာစစ်ဖြစ်တော့ မြန်မာပြည် ဘာဖြစ်သွားသလဲ။ တကယ်တော့ ဂျပန်နဲ့ ဗြိတိသျှ၊ ဂျပန်နဲ့ အမေရိကန်တို့ဖြစ်တဲ့စစ်ပါ။ မဟာမိတ်တွေနဲ့ ဂျပန်တို့ ဆင်နွှဲတဲ့စစ်ပါ။
မြန်မာနိုင်ငံဟာ စစ်ထဲမှာ ပါရတာကတော့ လွတ်လပ်ရေးကို ရယူလိုလို့ပါပဲ။ ဂျပန်ဟာ One Asia ပေါ်လစီနဲ့ မြန်မာကို စည်းရုံးတယ်။ သူ့ကို မြန်မာက ကူတယ်။ ဒါကြောင့် အင်္ဂလိပ်ကို အလွယ်တကူတိုက်ထုတ်နိုင်ခဲ့တယ်။
သို့သော် အင်္ဂလိပ်တွေက တစ်ကျော့ပြန် မြန်မာပြည်ကို ဝင်လာတယ်။ ဒီတော့ မြန်မာတွေက ရိပ်မိသွားတယ်။ ဂျပန်ဟာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးပဲ။ ဒီတော့ အင်္ဂလိပ်နဲ့ ပြန်ပေါင်းပြီး ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့တယ်။
အင်္ဂလိပ်တွေက မြန်မာအကူအညီနဲ့ စစ်ကို အလွယ်တကူအောင်နိုင်ခဲ့တယ်။ ဒီတော့ မြန်မာပြည်ဘာတွေဖြစ်ခဲ့လဲ။ စစ်မြေပြင် နှစ်ကြိမ် ဖြစ်ခဲ့တယ်။ စစ်ပွဲကြောင့် ပြာပုံဘဝကျရောက်ခဲ့တယ်။ စစ်ပွဲကြောင့် ပြာပုံဘဝ ကျရောက်ခဲ့တယ်။ ပြန်လည်ထူထောင်စဉ်မှာပဲ လွတ်လပ်ရေး ရယူနိုင်ခဲ့တယ်။ တစ်ချိန်က အာရှမှာ ထိပ်တန်းရောက်နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားရတယ်။
ခု ကျွန်တော်တို့နဲ့ အနီးဆုံးဖြစ်တဲ့ တရုတ်က စစ်ပွဲတွေ ဖြစ်နေတယ်။ ကုန်သွယ်ရေးစစ်ပွဲဆိုတာ တကယ်တမ်း သက်သာမှာလား။ ဆိုးမှာလား။
အတိအကျတော့ မပြောနိုင်ဘူး။ တစ်ချိန်က အင်္ဂလိပ်အခက် ဗမာ့အချက်လို့ ပြောခဲ့ဖူးတယ်။ ခု တရုတ်တွေ အခက်တွေ့နေပြီ။
မြန်မာက အမေရိကန်ပိတ်ထားတဲ့ တရုတ်ဖုန်း Huawei နဲ့ စာချုပ်တွေ ချုပ်တာ တွေ့လိုက်ရတယ်။ ဒီလို လုပ်တာ မှန်ကန်ပါသလား။ ဒါဟာ လုပ်သင့်တာလားလို့ တွေးမိတယ်။
ကျွန်တော်တို့ အနေနဲ့ ကုန်သွယ်ရေးစစ်ပွဲထဲမှာ ဘယ်ကဏ္ဍက ပါမလဲ❓
•နိဂုံး
ဒီခေတ်ကတော့ တကယ့်ထူးခြားတဲ့ခေတ်ပဲ။ ကမ္ဘာမှာ အကောင်းဆုံးသော တက္ကနိုလိုဂျီတွေကို တွေ့ပြီဖြစ်တယ်။ ကမ္ဘာတစ်ဖက်ခြမ်းကို အခြားကမ္ဘာတစ်ဖက်ခြမ်းကနေ ကြည့်လို့ရတယ်။ တစ်ဖက်ခြမ်းက သူငယ်ချင်းကို ဖုန်းနဲ့ ပြောလို့ရတယ်။ အရုပ်ရော ကြည့်လို့ရတဲ့ ဖုန်းတွေကိုလည်း အခမဲ့နီးပါး သုံးနိုင်တယ်။
ကမ္ဘာ့တစ်နေရာက ပညာရေးကို ဒီမှာ လိုချင်ရင် အင်တာနက်ကနေ မှတ်ပုံတင်ပြီး အတန်းကို တက်လို့ရတယ်။ ကွန်ပြူတာတို့ စမတ်ဖုန်းတို့ကို သုံးပြီး ပညာသင်နိုင်တဲ့ခေတ်ကို ရောက်ပြီပဲ။ စားစရာတွေအနေနဲ့ မပေါပေမဲ့ များတယ်။ ခုဆို ကင်တာကီတို့ လော့တာလီယာတို့ကို ရန်ကုန်မြို့မှာ ရနေပြီ။ အီတလီပီဇာကိုလည်း စားနိုင်တယ်။ မက္ကဆီကိုက ခေါက်ဆွဲကိုလည်း စားလို့ရတယ်။ ကိုရီးယားပဲကြာဇံကို စားမလား။ ဂျပန်က ထမင်းလိပ်ကို စားမလား။
အကောင်းဆုံး ပစ္စည်းတွေကို ဝယ်လို့ရတဲ့ခေတ်ပါ။ အကောင်းဆုံးအချိန်ပါ။
ဒါပေမဲ့ ကမ္ဘာကြီိးဟာ မငြိမ်းချမ်းဘူး။ ဘာတွေ ဘယ်တော့ဖြစ်မလဲဆိုတာကို ဘယ်သူမှ ပြောလို့ မရဘူး။ ကျွန်တော်တို့ကတော့ ကမ္ဘာကြီးမှာ ထွေးရောယှက်တင်ဖြစ်လာတာနဲ့အမျှ အင်အားချည့်နဲ့တဲ့နိုင်ငံတွေက လူမျိုး ဘာသာ သာသနာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ကုန်မှာကို စိုးရိမ်မိတယ်။ ကုန်သွယ်ရေးစစ်ပွဲကို သတိနဲ့ စောင့်ကြည့်ဖို့လိုတယ်။
Credit- ဒေါက်တာခင်မောင်ညို
၆.၆.၂၀၁၉ ကြာသပတေးနေ့ထုတ် စံတော်ချိန်နေ့စဉ်မှ
ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။