မြန်မာနိုင်ငံသည် မေတ္တာကို အခြေခံ၍ ဖွံဖြိုးမှုရှိသည့် လူ့အသိုင်းအဝိုင်းထူထောင်နိုင်မှသာလျှင် ကမ္ဘာကြီးနှင့် အခြားနိုင်ငံများထက် ပိုသာလွန်နိုင်မည်ဖြစ်ေကြာင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဇန်နဝါရီလ ၈ ရက်နေ့ ကချင်ပြည်နယ် နောင်မွန်မြို့နယ် မဂွေဇ – ဆန်းလွတ်ချက်တောင်ထိပ် (၃၃ မိုင် ၆ ဖာလုံ) လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ရဲ့နိုင်ငံမှာ မေတ္တာကို အခြေခံပြီးတော့ ဖွံ့ဖြိုးမှုရရှိ အောင်လုပ်နိုင်မယ့် လူ့အသိုင်းအဝိုင်း ထူထောင်နိုင်မယ်ဆိုရင် ကျမတို့ဟာ ဒီတစ် ကမ္ဘာကြီးနဲ့ အခြားနိုင်ငံတွေထက် ပိုပြီးတော့ သာလွန်တဲ့ ချမ်းသာမှုကို ကျမတို့ ရနိုင် မှာပါ။ စိတ်၏ချမ်းသာမှု၊ ကိုယ်၏ချမ်းသာမှု နှစ်မျိုးရှိပါတယ်။ ကိုယ်၏ချမ်းသာမှုဟာ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာချမ်းသာမှု လိုအပ်ချက်တွေဟာ ဒီလောက်များတာ မဟုတ်ပါဘူး။ စိတ်ကမကျေနပ်လို့သာ များများ များများလာတာပါ။ လူ့ရဲ့စိတ်ဆိုတာ ကျမတို့ ဆိုရိုးစကားရှိပါတယ်။ လူ့အလို နတ်မဖြည့်နိုင်ဘူးဆိုတာ လူတွေက တစ်ခုပြီး တစ်ခု လိုနေတဲ့အခါကျတော့ နတ်များတောင်မှ မဖြည့်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်ပဲ လိုအပ်သလားဆိုတော့ တကယ်တော့ လိုအပ်တာမဟုတ်ပါဘူး။ စိတ်က လိုအပ်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်အောင် လည်းလုပ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ဒီနှစ်ခုကိုတွဲပြီးမှ ကျမမတို့နိုင်ငံကြီးကို တိုးတက်သာယာအောင် လုပ်ဆောင်နိုင်မှာဖြစ် ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံသူနိုင်ငံသားများသည် မိမိတို့၏ အခွင့်အရေး ကာကွယ်ရမည့်အပြင် တာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်သတ်ပဲ ကြည့်၍ မရနိုင်ဟုလည်း ဆိုသည်။
“နိုင်ငံသူနိုင်ငံသားများ အားလုံးဟာ ကိုယ့်ရဲ့အခွင့်အရေးတွေကို ကာကွယ်ရမယ်။ စောင့်ရှောက်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့တာဝန်တွေကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမယ်။ တစ်ဖက် သတ်ပဲကြည့်လို့မရပါဘူး။ ထိုနည်း၎င်းပဲ အစိုးရများဆိုတာလည်း ပြည်သူလူထု ရဲ့အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့နည်းတူ ပြည်သူလူထုကနေပြီးတော့ ယုံယုံ ကြည်ကြည်နဲ့ ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုစုပေါင်းပြီးတော့ တာဝန်သိစိတ်နဲ့လုပ်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော ကချင်ပြည်နယ်တွင် ရောက်ရှိနေပြီး ကချင်ပြည်နယ် မနောပွဲသို့လည်း တက်ရောက်ရန်ရှိကြောင်း သိရှိရသည်။
credit- Khit Thit Media
credit- Khit Thit Media
photo myanmar state counsellor office