ပည်သူတဦးအနေနဲ့ ပဲ ပြောပါရစေ ။
၂.၁.၂၀၁၉ နေ့က ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးတင့်စိုးနဲ့ ဆယ်ဇင်းကျေးရွာ ရှမ်းနီ နှစ်သစ်ကူးပွဲကို လိုက်သွားခဲ့တယ် ။
တာမခံနဲ့ ဆယ်ဇင်းကြားမှာ ပြည်နယ် အစိုးရ ဘတ်ဂျက်နဲ့ လမ်းခင်းနေတဲ့
ကုမ္မဏီနှစ်ခုကိုတွေ့ခဲ့ရတယ် ။ အခုမိုးရွာအခုပျက်မဲ့ ကျောက်ချောလမ်းတွေကို
ဖုန်တထောင်းထောင်းနဲ့ ခင်းနေတာ တွေ့ရတယ် ။အစိုးရက တမိုင်ကို
သိန်းနှစ်ထောင်ကျော်ပေးထားတာပါ ။ ခင်ရမှာက ကျောက်ချောလမ်းတဲ့ ။
တကယ့်ဘုရားစူးလမ်းပါဗျာ ။ မယုံရင် ကိုယ်တိုင်သွားကြည့်ကြပါ ။ စာချုပ်ပါ
စည်းကမ်းချက်တွေကိုတော့ စာရှည်မှာစိုးလို့ ရေးမပြတော့ပါဘူး ။
လမ်းခင်းထာတဲ့ ပုံစံက ကချင်ပြည်နယ်အစိုးရရဲ့လမ်းပန်းဆက်သွယ်ရေးနဲ့
ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အတော်ပိုင်ပုံရတယ် ။ ငါတို့ခင်းချင်သလို
ခင်းမယ် ဘယ်ကောင် ဘာလုပ်ရဲလဲ ဆိုတဲ့ အချိုးမျိုး ဖြစ်နေတာကို တွေ့ရတယ် ။
တကယ်ကို ဘယ်သူ့မှ ဂရုမစိုက်တဲ့ အထာနဲ့ ခင်းထားသလိုပဲ ဗျာ ။ လမ်းရဲ့
ကွာလတီဘယ်လောက်ကောင်းသလဲဆိုရင်ပုဆိုးတထည် စိုရုံလောက် မိုးရွာတာနဲ့
ပျက်ပြီသာမှတ်ပါ ။ အဲလောက်ထိ ကွာလတီကောင်းတာပါ။ ကျနော်ပြောတာ မဟုတ်ဘူး
။အဲဒီက ဒေသခံတွေ ပြောတာပါ ။
လမ်းတာဝန် ယူထားတဲ့
ကုမ္မဏီတွေကိုတော့ မပြောတော့ပါဘူး ။ကချင်ပြည်နယ် လမ်းပန်းဝန်ကြီးက ဒီလို
လမ်း ကန်ထရိုက်တွေနဲ့ ဘယ်လို ပတ်သက်နေလို့ အရေးမယူတာလဲ ။ ဒါမှမဟုတ်
တဖက်လှည့်နဲ့ သူ့ဆွေမျိုးသားချင်း ၊ ပါ့တနာတွေ ထောင်ထားတဲ့ သူ့ကုမ္မဏီတွေလား
၊ ကချင်ပြည်နယ် လမ်းပန်းဝန်ကြီးရဲ့ လမ်းတံတားတွေနဲ့ပတ်သက်တဲ့ တင်ဒါကိစ္စက
တခုခုတော့ လွဲနေတယ်လို့ မြင်မိပါသည် ။ နောက်ပြီး ဒီလမ်းတံတားနဲ့
ဆောက်လုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အစိုးရဟာ
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခံထားရတယ်လို့
ကြားရပါတယ် ။
ဘယ်လောက်ထိ အကျည်းတန် ရုပ်ဆိုးသလဲဆိုရင်
လမ်းကန်ထရိုက်ပေးလိုက်တဲ့ ကုမ္မဏီ နှစ်ခုမှာလည်း မျှတမှု မရှိပဲ
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး အလုပ်မလုပ်ဘူးဆိုတာ အထင်းအရှားတွေ့ရတယ် ။
မြေပြင်အခြေအနေကို ဘာမှ သိပုံမပေါ်ပါဘူး ။ ဒါဟာ ကျုပ်တို့တိုင်းပြည်အတွက်
လပြည့်ကျော် ခုနှစ်ရက် ဒီထက်ခက်အုံးမဲ့ အရိပ်လက္ခဏာပါ ။ ကုမ္မဏီတခုကို
ပြင်ဘို့မလိုအပ်တဲ့ လမ်းပိုင်းကို ချပေးပြီး ၊ နောက်ကုမ္မဏီတခုကိုကျတော့
တံတားဆောက်ရမဲ့ နေရာတွေ ၊ ရေမြောင်းလုပ်ရမဲ့နေရာတွေ ၊ မိုးတွင်းမှာ
ဗွက်တန်းရှည် ဖြစ်နေတဲ့ နေရာတွေ ၊ တောင်တက်တောင်ဆင်းများတဲ့ နေရာတွေကို
ချပေးထားပေးတယ် ။ချပေးတဲ့ဘတ်ဂျက်ကျတော့ အတူတူဖြစ်နေတယ် ။ လမ်းကောင်းနေရာကို
ရတဲ့ ကုမ္မဏီကလည်း အကြံအဖန်တွေ များလွန်းတော့ နဂိုရှိပြီးသား လမ်းတောင်
ပျက်မဲ့အနေအထား ။ မကောင်းတဲ့ လမ်းပိုင်းကို ရတဲ့ ကုမ္မဏီကလည်း ရတဲ့
ဘတ်ဂျက်နဲ့ လောက်အောင် လုပ်တော့ ဘာတခုမှ ကွာလတီမမှီ ။ တော်တော်အကျည်းတန်
ရုပ်ဆိုးလွန်းတဲ့ မြင်ကွင်းပါ ။
အဲတော့
အားမနာတမ်းပြောရရင် ခင်ဗျားတို့ ကျုပ်တို့ ပြည်သူအပေါ်မှာ လူပါးဝတာ
များသွားပြီလို့ ခံစားရတယ် ။ ကချင်ပြည်နယ် တခွင်လုံးမှာ ချပေးခဲ့တဲ့
လမ်းတံတားဆောက်လုပ်ရေးတွေမှာ လူပြောသူပြောလဲ များခဲ့ပြီ ။ ခုချိန်ထိလဲ
မဆင်မခြင် လက်လွတ်စပါယ် လုပ်နေတုံးပဲ ။ ဒါကဘာသဘောလဲ ။ ငါတို့အစိုးရဖြစ်ပြီ
ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပြီ ။ ကျုပ်တို့ ပြည်သူက
ပြောင်းလဲချင်လို့ NLD ကို မဲပေးခဲ့တာပါ ။ အရှက်နဲတဲ့မျက်နှာနဲ့
ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်နေတဲ့ လူတွေကို မောင်းထုတ်ချင်လို့ NLD ကို
မဲပေးခဲ့တာပါ ။ ခင်ဗျားတို့ တာဝန်ရှိသူတွေ စဉ်းစားပါ ။ ကိုယ့်ရဲ့
စီမံခန့်ခွဲမှုက ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိသွားနိုင်သလဲ ၊ ပြည်သူတွေက
ဘယ်လိုထင်မြင်ယူဆသွားနိုင်သလဲ ။ မတတ်လို့ စီမံခန့်ခွဲမှုတခါမှာတာ
လက်ခံလို့ရပေမဲ့ လုပ်တိုင်းလွဲနေသလို ဖြစ်နေတာကြီးက သွေးရိုးသားရိုးမှ
ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာပါ ။ တိုးတက်တဲ့ IT ခေတ်ကြီးမှာ ခင်ဗျားတို့
ကြိုက်သလို လျှို့ဝှက်လို့ရတယ် ။ ဒါပေမဲ့ Google မှာ Enter တချက်ခေါက်တာနဲ့
ခင်ဗျားတို့ ဘာတွေ လုပ်ထားသလဲ ၊ ဘယ်လိုတွေ ပတ်သက်နေသလဲ ဆိုတာတွေကို
ရှာဖွေလို့ ရတဲ့ ခေတ်ကြီးဆိုတာ မမေ့စေချင်ပါ ။ကိုယ့်နိုင်ငံရေး သိက္ခာကို
ကိုယ်တိုင် ကာကွယ်ထိန်းသိမ်းစေချင်ပါတယ် ။ နိုင်ငံရေး
ဆက်လုပ်အုံးမယ်ဆိုရင်ပေါ့ ။
မတတ်ရင် မတတ်ဘူးလို့
ဝန်ခံလိုက်ပါ ။ပြည်သူ့ဘဏ္ဍာဟာ လူကြီးမင်းတို့ မြေစမ်း ခရမ်းပျိုးပြီး
လက်သင့်ရာ စားတော်ချရမဲ့ ပစ္စည်းမဟုတ်ပါဘူး ။ ဗန်းမော် လမ်းပိုင်း ကိစ္စ ၊
ပူတာအို လမ်းပိုင်းကိစ္စ ၊အခု ဆယ်ဇင်း လမ်းပိုင်းကိစ္စ လူကြီးမင်းတို့
ဖြေရှင်းပါ ။ တာဝန်မကျေတဲ့ ကုမ္မဏီတွေကို Black List သွင်းယုံလောက်နဲ့
ပြည်သူက ကျေနပ်ရမှာလား ။ ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာကို သိက္ခာရှိရှိ
ဘယ်လို ဖြေရှင်းပေးမှာလဲ ။အရေးမယူဘူးဆိုရင် ဒါဟာ တိုင်းပြည်ဘဏ္ဍာကို
တင်ဒါအောင်တဲ့ ကုမ္မဏီနဲ့ ပေါင်းပြီး အကြံအဖန်ထုတယ်လို့ပဲ ယူဆတယ် ။ဒီကိစ္စတွေ
မဖြေရှင်းရင် ၁၀ .၁.၂၀၁၉ ရက်နေ့မနောပွဲကို ရောက်လာမဲ့
နိုင်ငံတော်အတိုင်ပင်ခံကို တရားဝင် မေးရပါလိမ့်မယ် ။ ပြည်သူ့ဘဏ္ဍာကို
ယခုလို လုပ်တာဟာ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ် ။
ကချင်ပြည်နယ် အစိုးရရဲ့ ပုံရိပ်ဟာ မျက်နှာပြစရာမရှိအောင်ကို ဖြစ်နေပါပြီ ။
၂၀၂၀ မှာ မဲထည့်ချင်စိတ်တောင် မရှိလောက်အောင်ပါပဲ ။
စိုင်ကော်လို့ ချုံပေါ်ရောက်တာကို အဟုတ်ကြီးထင်ပြီး ဘဝင်မမြင့်ကြပါနဲ့ ။
မတတ်လို့ မလုပ်ပဲနေရင် မတိုးတက်ပေမဲ့ မဆုံးရှုံးပါဘူး ။ သိသလိုလို
တတ်သလိုလို လုပ်တာဟာ ပိုပြီးသိက္ခာကျယုံမျှမက အစိုးရရဲ့ ပုံရိပ်ကိုပါ
ထိခိုက်ပါတယ် ။ ပြည်သူ့လွှတ်တော်အမတ်ဦးတင့်စိုးဆိုရင် ခင်းထားတဲ့ လမ်းကို
ကြည့်ပြီး စိတ်ဆိုးနေတာများ သနားဘို့ပင်ကောင်းပါတယ် ။ “ ဒါအကြံအဖန်
လုပ်ထားတာပဲ ၊ ဒီပုံစံ လုံးဝ လက်မခံနိုင်ဘူး" တဲ့ ။ လမ်းပမ်းဝန်ကြီးက
လေးလေးတို့ NLD ကပဲ မဟုတ်လား ။ နဲနဲပါးပါးလဲ ထိန်း ကြပါ့အုံးမျာလို့ပဲ
ပြောလိုက်ပါတယ် ။ ဒီအချိုးအတိုင်း ဆက်သွားလို့ကတော့ ၂၀၂၀ မှာ NLD ဆိုရင် No
ပါဆိုတဲ့ မဲဆန္ဒရှင်တွေ အများကြီး ထွက်လာမှာ အသေအချာပါပဲ ။ပြည်သူတွေ
ယုံကြည်စေချင်ရင် တာဝန်မကျေတဲ့သက်ဆိုင်ရာ ဌာနက ဝန်ကြီးတွေကို လူစားလဲပါ ။
ဒါမှမဟုတ်ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာအတွက် တာဝန်ယူပေးပါ ။NLD ပါတီကို
သမိုင်းသေအောင် လုပ်မှာက ပြည်သူမဟုတ်ဘူး ၊ မီဒီယာမဟုတ်ဘူး
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိသူတွေရဲ့လုပ်ရပ်ကြောင့် ဆိုတာ
မမေ့ကြပါနဲ့ ။ ငါ့အစိုးရ လက်ထက်မှာ ငါပါတီက လူတွေကို အရေးယူရင်
ပါတီပုံရိပ်ကျလိမ့်မယ် ၊ ၂၀၂၀ မှာ မဲမရပဲ နေလိမ့်မယ်ဆိုပြီ
ဦးနှောက်လေဖြတ်နေတဲ့ အတွေးအခေါ်နဲ့ ဒီပုံစံအတိုင်းသွားနေရင်တော့ ၂၀၂၀
အတွက် ၂၀၁၅ အစိုးရ သက်တမ်းကာလ ကချင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ လွဲချော်မှုတွေ
၊ ဆုံးရှုံးခဲ့တဲ့ ပြည်သူ့ဘဏ္ဍာတွေအကြောင်း ၊ အဖတ်မတင်တဲ့
လုပ်ငန်းတွေအကြောင်း ပြည်သူသိအောင် ပြောပြရတော့မှာ ဖြစ်ပါတယ်
။ကြားဖြတ်ရွေးကောက်ပွဲက သင်ခန်းစာဆိုတာ မမေ့ပါနဲ့ ။
အောက်ခြေက နယ်မြေခံလွှတ်တော်မတ်တွေခမျာ(ဦးတင့်စိုး ၊ ဦးဒါရှီလဆိုင်း )
ပြည်သူတွေရဲ့ အဆဲခံ ၊ အအော်ခံ အတင်းပြောခံပြီး လုပ်နေပေမဲ့ အဲယားကွန်းထဲက
ဝန်ကြီးများက အမြီးအမှောက်မတည့်တဲ့ စီမံခန့်ခွဲမှုတွေလုပ်နေပြီး ယခုလို
သဲထဲကို ပြည်သူ့ဘဏ္ဍာတွေ သွန်နေအုံးမယ်ဆိုရင်တော့ “ အစိုးရဆိုတာ အစပဲရိုးတာ "
ဆိုတဲ့ ဆရာကြီး ဦးအောင်သင်းစကားနဲ့ပဲ ကောက်ချက် ချလိုက်ပါရစေဗျာ ။
ဆက်ရေးပါ့အုံးမယ် ...
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကိုလည်း ဒီအကြောင်းတွေကို အိတ်ဖွင့်ပေးစာ ရေးပါ့အုံးမယ် ။
ဓါတ်ပုံ-ပြည်သူ့လွှတ်တော်အမတ်ကြီး ဦးတင့်စိုးနဲ့အတူ ကိုယ်တိုင်ရိုက်ထားပါသည် ။
No comments:
Post a Comment