ရခိုင်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အခြေပြုပြီး OIC နိုင်ငံတွေနဲ့
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးဆိုင်ရာ တားဆီးမှုတွေ၊
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှုမရှိအောင် နည်းမျိုးစုံနဲ့
ဖိအားပေးမှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဖိအားတွေကို
ကျော်လွန်နိုင်ဖို့ လုံးဝကို မလွယ်ကူတဲ့ အခြေအနေပါ။
ရခိုင်အရေးကို
ဖြေရှင်းပြီး အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံကို
အချိန်တိုအတွင်း အများအပြားဝင်လာရေးဟာ နတ်သိကြားတွေ ဖန်ဆင်းမှရနိုင်မယ့်
အခြေအနေဖြစ်နေပြီး လက်ရှိ အခြေအနေမှာတော့ နယ်မြေလိုချင်တဲ့ AA၊ ARSA
အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပဋိပက္ခဟာ ဘယ်လိုမှ ပြေငြိမ်းမယ့်
အခြေအနေမှာ မရှိပါဘူး။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ
အရင်စစ်အာဏာရှင်တွေခေတ်ကလို တရုတ်နိုင်ငံကိုပဲ မှီခို အားထားနေရတယ်ဆိုတဲ့
အခြေအနေပြန်ဖြစ်လာပြီး ဒီအခြေအနေကိုလည်း ကျော်လွန်ဖို့ လိုအပ်လာပါတယ်။
အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေဟာ လူ့အခွင့်အရေးကို ဗန်းပြပြီး
ရခိုင်ပြည်နယ်မှာ ARSA ခြေကုပ်ယူဖို့အတွက် လုပ်ဆောင်ပေးနေတာကို မြင်နေရသလို
တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတွေ ရဲ့ ဖိအားကို ကြံ့ကြံ့ခံပေးနေတဲ့
ဗီတိုအာဏာရ နိုင်ငံတစ်ခုအဖြစ် မြန်မာကို ကယ်တင်ရှင်လုပ်ပေးနေချိန်မှာ
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ တစ်ခုတည်းကိုပဲ အားထားနေရတဲ့ အခြေအနေကနေ
မဟာဗျုဟာမြောက် ဖောက်ထွက်ဖို့ စဉ်းစားရမှာပါ။
အဲဒီလို
မဟာဗျုဟာမြောက် စဉ်းစားလာမယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံလိုပဲ
လူဦးရေများပြီး တရုတ်နိုင်ငံလိုပဲ ရခိုင်ပြည်နယ်မှာ စီမံကိန်းကြီးရှိနေတဲ့
အိန္ဒိယနိုင်ငံကို မဟာဗျုဟာမြောက်နိုင်ငံ တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့
တရုတ်နိုင်ငံကို မြန်မာနိုင်ငံအနေနဲ့ ချိန်ညှိမယ်ဆိုရင် အနောက်အုပ်စုရဲ့
အင်အားကို သုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့တာမို့ အိန္ဒိယ၊ ဂျပန်၊
ကိုရီးယားနဲ့ အာဆီယံ နိုင်ငံတွေစတဲ့ အရှေ့တိုင်းနိုင်ငံတွေရဲ့
အင်အားကိုလည်း မြန်မာနိုင်ငံဟာ ယူငင်အားထားနိုင်ဖို့ လိုအပ်ပါတယ်။
အနီးစပ်ဆုံး အနေနဲ့ဆိုရင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယကို မြန်မာနိုင်ငံဟာ
မဟာဗျုဟာမြောက် ပေါင်းကူးပေးနိုင်မယ့် လမ်းကြောင်းတွေလည်း ရှိနေပြီး
ဒီလိုပေါင်းကူးပေးမယ့် လမ်းကြောင်းတွေသာ အောင်မြင်မယ်ဆိုရင် အိန္ဒိယနဲ့
တရုတ်အတွက်လည်း လူသန်းထောင်ချီရှိတဲ့ ဈေးကွက်ကြီးတွေကို
အပြန်အလှန်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်လည်း ဒီလို ချိတ်ဆက်မှုကပဲ AA နဲ့
ARSA ရဲ့ တိုက်ခိုက်မှုတွေကို ထိန်းကျောင်းနိုင်တဲ့ အခြေအနေ
ဖြစ်လာပါလိမ့်မယ်။
■ ဘာလဲ၊ ဘယ်လဲ AA ၊ ARSA
KIA ရဲ့
မွေးထုတ်မှုနဲ့ အချိန်တိုအတွင်းမှာ ကြီးထွားလာခဲ့တဲ့ ရခိုင့်တပ်မတော် AA ဟာ
လိုင်ဇာမှာ အခြေစိုက်စခန်းတည်ပြီး ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်းနဲ့
ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်မျဉ်းအပေါ်မှာ လှုပ်ရှားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း
ဖြစ်ပွားခဲ့တဲ့ ထိတွေ့စစ်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ချင်းပြည်နယ်၊
ပလက်ဝဘက်မှာ ဖြစ်ပွားမှုများပြီး ချင်းပြည်သူတွေဟာ တိုက်ပွဲတွေအကြားမှာ
စစ်ရှောင်နေရတဲ့ ဒုက္ခကို ဖြစ်စေခဲ့သလို အဲဒီစစ်ပွဲတွေဟာ အိန္ဒိယ-မြန်မာရဲ့
ကုလားတန် စီမံကိန်းလမ်းကြောင်းပေါ်မှာ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ AA ဟာ
ဘာလို့ကုလားတန်စီမံကိန်းအပေါ်မှာ အခြေစိုက်ပြီး စီမံကိန်းပျက်စီးအောင်၊
နှောင့်နှေးကြန့်ကြာအောင် တိုက်ပွဲတွေ ဖန်တီးနေလဲဆိုတာ
မေးခွန်းထုတ်စရာဖြစ်လာသလို ဒီလို စီမံကိန်းပျက်စီးနှောင့်နှေးအောင်
တိုက်ပွဲတွေ ဖန်တီးဖို့ ဘယ်သူက ငွေကြေးထောက်ပံ့နေလဲဆိုတာ မေးခွန်းထုတ်စရာ
ဖြစ်လာပါတယ် ။
၂၀၀၉ ခုနှစ်မှာမှ စတင်ခဲ့တဲ့ AA ကို
ရခိုင်ပြည်သူအချို့က ထောက်ခံတယ်ဆိုပေမဲ့ အချိန်တိုအတွင်းမှာ
လူအင်အားအများအပြားနဲ့ လက်နက်လူသူ စစ်အင်အား စုဆောင်းနိုင်ဖို့
ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ငွေကြေးတွေ ဘယ်ကရနေလဲ။ ဘယ်သူက
ထောက်ပံ့နေလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
တစ်ဖက်မှာဆိုလည်း
ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ARSA နဲ့ AA ဟာ နယ်စပ်မျဉ်းအပေါ်မှာ လှုပ်ရှားနေတာကို
ထိတွေ့တိုက်ပွဲ မဖြစ်ကြတာဟာ မေးခွန်းထုတ်စရာဖြစ်လာပြီး
နယ်မြေအုပ်စိုးမှုဆိုင်ရာ ညှိနှိုင်းမှုတွေရယူပြီး တပ်မတော်နဲ့တိုက်ပွဲတွေ
ဖန်တီးမှုဖြစ်လာသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒါကြောင့်လည်း AA ဟာ အကြမ်းဖက်အဖွဲ့ ARSA နဲ့ စစ်ရေးအရ မဟာမိတ်ပြုပြီး
ဇန်န၀ါရီ ၄ ရက်မှာ အကြမ်းဖက်လုပ်ရပ်ကို ဆောင်ရွက်ခဲ့တာလို့ ပထမအကြိမ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က MCN TV NEWS မှာ
ဝေဖန်ထောက်ပြခဲ့တာကို တွေ့ရပါတယ်။
အစွန်းရောက်ဘင်္ဂါလီ ARSA
အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ရဲကင်းစခန်းသုံးခုနဲ့ ၂၀၁၇
ခုနှစ် သြဂုတ်မှာ ရဲကင်းစခန်း ၃၀၊ တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့်
ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ရာနဲ့ချီ သေဆုံးမှုဖြစ်စဉ်တွေကြောင့် ARSA ဟာ
အကြမ်းဖက်အဖွဲ့အစည်းလို့ မြန်မာအစိုးရက သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒီလို
အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့သာ AA ဟာ စစ်ရေးအရ သဘောတူညီမှုယူပြီး
လက်နက်လူသူအင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာဟာဆိုရင် AA
ဟာလည်း ARSA နဲ့ မခြားနားတဲ့ အဖွဲ့အစည်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်ဘက်မှာ မူးယစ်ဆေးဖမ်းမိမှုတွေဟာ
ပြီးခဲ့တဲ့နှစ်ထဲမှာ တစ်ဟုန်ထိုးများပြားလာတဲ့ အချက်ပါ။ တစ်ရှိန်ထိုး
အင်အားကြီးလာတဲ့ AA၊ ရခိုင်ပြည်နယ်မှာ မူးယစ် ဆေးများပြားလာမှု၊
အိန္ဒိယနိုင်ငံရဲ့ ကုလားတန်စီမံကိန်း ထိခိုက်ပျက်စီးအောင် Proxy War တွေ
ဖန်တီး လာတဲ့သဘောသက်ရောက်နေတဲ့ အနေအထား၊ AA တပ်ဖွဲ့အတွက်
လက်နက်လူသူစုဆောင်းဖို့ ဒေါ်လာသန်းပေါင်း ရာနဲ့ချီသုံးစွဲလာ နေတဲ့အခြေအနေ
ဒါတွေအားလုံးကို ပြည်သူတွေ မြင်နိုင်ဖို့လိုသလို ဒီလိုရနေတဲ့
ငွေဝင်စီးကြောင်းတွေဟာ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဖြစ်နိုင်လဲဆိုတာတွေကို
ပြည်သူတွေ တွေးမြင်နိုင်ဖို့ လိုအပ်ပါတယ်။
■ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနဲ့ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအောက်က မြန်မာ
ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ကနေ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အိန္ဒိယ
အရှေ့မြောက်ဘက် ပြည်နယ်တွေကို ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံးစီမံကိန်း (Kaladan Multi modal Transit Transport Project) ဟာ
အိန္ဒိယနိုင်ငံက ဒေါ် လာသန်း ၄၅၀ လောက်မြှုပ်နှံထားပါတယ်။ ဒီစီမံကိန်းဟာ
အိန္ဒိယနိုင်ငံအတွက် ပြည်ပနိုင်ငံတွေကို မြှုပ်နှံတဲ့
အကြီးဆုံးစီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ စစ်တွေဆိပ်ကမ်း၊
ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းတွေနဲ့ ကုန်းလမ်း၊ ရေလမ်းစီမံကိန်းဟာ ၂၀၀၈
ခုနှစ် က စတင်ခဲ့ပေမဲ့ နှောင့်နှေးကြန့် ကြာမှုများစွာဖြစ်ခဲ့ပြီး
အဲဒီအတွက်လည်း အိန္ဒိယဘက်ကနေ မြန်မာနိုင်ငံကို
ပြစ်တင်ပြောဆိုမှုတွေရှိခဲ့ပါတယ်။
လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့
ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့ မဟာဗျုဟာမြောက် နယ်မြေတစ်ခုဖြစ်သလို
တရုတ်အတွက်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့အတွက် အကျိုးစီးပွား
မြောက်မြားစွာရှိတဲ့နေရာပါ။
ရခိုင်ဒေသက စီမံကိန်းတွေကို
ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း
တစ်ခုပဲရှိတယ်ဆိုပေမယ့် ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားနဲ့
စစ်တွေမြို့ကို ချိတ်ဆက်ပေးမယ့် အပြင်ဘင်္ဂါလီ အရေးဖြေရှင်းနေတဲ့ တပ်မတော်ကို
AA က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ် ပလက်ဝ၊
ကလေးဝဘက်တွေကနေ ပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ဖြတ်သန်းသွားမယ့်
ကုန်းလမ်းရေလမ်း လမ်းနှစ်သွယ်စီမံကိန်းပါ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ OBOR
စီမံကိန်းကို Power Balance လုပ်ဖို့အတွက် ချိန်ညှိနိုင်တဲ့ အခွင့်အရေးလည်း
အိန္ဒိယနိုင်ငံမှာ ရှိနေပါတယ်။
ေ
သးကွေးတဲ့နယ်မြေနဲ့ လူဦးရေ
ပေါက်ကွဲမှုကို ကြုံနေရလို့ Great Bengal အိပ်မက်နဲ့ အိမ်နီးချင်း
နိုင်ငံတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ
ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံကို မှီခိုနေရသလို တရုတ်ပြည်ဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်
အအုံပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေမှာ မြှုပ်နှံပြီး နည်းပညာအကူ
အညီတွေလည်း ထောက်ပံ့ပေးလာ ခဲ့ပါတယ်။ အိန္ဒိယကို ပြန်လည်ထိန်းချုပ်ဖို့
လုပ်ဆောင်တဲ့ ဒီစီမံကိန်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား
ကုန်စည်ကူးသန်းရောင်းဝယ်မှု အတွက် ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့
လိုအပ်လာပါတယ်။ ဒီလို လိုအပ်နေတဲ့ လမ်းတွေက မြန်မာနိုင်ငံကို
ဖြတ်သန်းပြီးတော့မှ ဖောက်လုပ်ရမှာပါ။ ဒီအတွက်တော့
ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိက မြန်မာ လေးနိုင်ငံ BCIM စင်္ကြံကတော့
ရှိနေပြီးသားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့
နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ARSA အဖွဲ့သာ နယ်စပ်မျဉ်းမှာ
ခြေကုပ်ရသွားပြီး အစ္စလာမ္မစ် လွတ်မြောက်နယ်မြေတစ်ခုသာ မြန်မာ-
ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းမှာ ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့
ချောမွေ့စွာ ကုန်သွယ်ရေးအိပ်မက်ဟာ လန့်နိုးရပါလိမ့်မယ်။ ဒါကြောင့်မို့
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း AA နဲ့ ARSA အဖွဲ့ကို ထောက်ခံအားပေးတဲ့
အပြုအမူမျိုးထက် လက်မခံတဲ့ အပြုအမူမျိုး ပြသဖို့လိုအပ်ပါတယ်။
BCIM
စင်္ကြံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကျိုးစီးပွားကြည့်ပေးထားသလို
မြန်မာနိုင်ငံအတွက်ပဲ မဟာဗျုဟာမြောက် စဉ်းစားမယ်ဆို
အခြားလမ်းကြောင်းတစ်ခုကလည်း ရှိနေပါတယ်။ အဲဒီလမ်းကြောင်းဟာ တရုတ်နဲ့
အိန္ဒိယကို တိုက်ရိုက်ချိတ်ဆက်ပေးမယ့် လီဒိုလမ်းမကြီးပါ။
၁၉၄၂ ခုနှစ်မှာ
မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ လမ်းကြောင်းတွေကို ဂျပန်တပ်မတော်က
သိမ်းပိုက်လိုက်တာကြောင့် မြန်မာဘက်က လမ်းကြောင်း ပြတ်တောက်သွားပြီး
တရုတ်နိုင်ငံဆီ ထောက်ပံ့ ရေးပစ္စည်းတွေ အမေရိကန် တင်ပို့နိုင်မှု
မရှိတော့တာကြောင့် အရေးတကြီး ဖောက်လုပ်ခဲ့တဲ့ လီဒိုလမ်းမ ကြီးဟာ
လက်ရှိအချိန်မှာ တရုတ်နဲ့ အိန္ဒိယအတွက် သန်းပေါင်းထောင်ချီတဲ့
ဈေးကွက်တွေကို အပြန်အလှန် ရှာဖွေနိုင်တဲ့ လမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
တရုတ်နိုင်ငံအတွက်ဆို အမေရိကန်ကြောင့် ပြိုကျသွားတဲ့ အနောက်နိုင်ငံတွေရဲ့
ဈေးကွက်နဲ့ အမေရိကန်ဈေးကွက်အစား အိန္ဒိယနိုင်ငံဆီကို
ဈေးကွက်သစ်ချဲ့ထွင်နိုင် မှာဖြစ်သလို အိန္ဒိယနိုင်ငံအတွက်ဆို
သန်းပေါင်းထောင်ချီတဲ့ တရုတ်ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် အခြေ အနေပါ။
မြန်မာနိုင်ငံအနေနဲ့ဆိုရင်လည်း တရုတ်နဲ့ အိန္ဒိယဆိုတဲ့ ကမ္ဘာ့လူဦးရေရဲ့
ရာခိုင်နှုန်း ၄၀ လောက်ရှိတဲ့ နိုင်ငံကြီးနှစ်ခုကို ဈေးကွက်တိုးချဲ့ဖို့
မျှော်မှန်းပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒ
(India Act East Policy) အရ မြန်မာနိုင်ငံဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ
ဒေသနှစ်ခုစလုံးအတွက် တံခါးပေါက်ဖြစ်သလို တရုတ်နိုင်ငံကိုလည်း
သူမြှုပ်နှံထားတဲ့ ကုလားတန် စီမံကိန်းကြောင့် Power Balance လုပ်နိုင်တဲ့
အားသာချက် ရလာမှာဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို
ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်
ငွေကြေးကူညီမှုပြုနေသလို စစ်လက်နက်အချို့ ထောက်ပံ့နေတာကိုလည်း
တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံကလည်း
သူ့စီမံကိန်းရှိနေတဲ့ နေရာတွေဘက်မှာ တိုက်ပွဲဖြစ်မှု မလိုလားတာနဲ့
စီမံကိန်းလုံခြုံရေးအတွက် မြန်မာအစိုးရနဲ့ တပ်မတော်က လုပ်ဆောင်ပေးဖို့
ထောက်ခံတာကို မြင်ရမှာပါ။
■ AA ဟာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို မလိုလားသူလား
တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို
မြန်မာအစိုးရက ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိသလို အိန္ဒိယနိုင်ငံရဲ့
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း ကာကွယ်ပေးဖို့
တာဝန်ရှိပါတယ်။ တရုတ်၊ အိန္ဒိယတင်မဟုတ်ဘဲ ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊
ဗြိတိန်၊ ပြင်သစ် စတဲ့ မြန်မာနိုင်ငံဆီကို လာရောက်မြှုပ်နှံတဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးကိုလည်း ကာကွယ်ပေးဖို့
မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကို
ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ မြန်မာအစိုးရကိုယ်စား တပ်မတော် က
လုံခြုံရေးယူပေးရတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ AA
နဲ့ တပ်မတော်အကြား ထိတွေ့မှုဖြစ်ပွားချိန်တွေမှာ မြန်မာ၊ အိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ် မျဉ်းအနီး ဆောင်ရွက်နေသည့်
ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးစီမံကိန်း အား နှောင့်ယှက်ဖျက်ဆီးလိုခြင်း၊
နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းလုပ်ဆောင်မှုများကို နှောင့်
ယှက်ဖျက်ဆီးလိုခြင်းနှင့် သုံးနိုင်ငံ နယ်စပ်ဒေသမတည်ငြိမ်အောင် စသည့်
ရည်ရွယ်ချက်များဖြင့် AA လက် နက်ကိုင်အဖွဲ့က မကြာခဏ နှောင့်ယှက်
ပစ်ခတ်နေတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တာ တွေကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း တပ်မတော်ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊
အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနဲ့
တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာရှိတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေးဖို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ
အားလုံးကို လေးလကြာ ရပ်ဆိုင်းပေးမယ်လို့ ကြေညာထားပေမဲ့
ရခိုင်ပြည်နယ်ပါဝင်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကိုတော့ ARSA
အကြမ်းဖက်အဖွဲ့ ရှိနေတာကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းတဲ့အထဲ မပါတာလို့
ဖြေကြားထားပါတယ်။ ဒီလိုအချိန်မှာပဲ ပလက်ဝဘက် လှုပ်ရှားနေတဲ့ AA နဲ့
တပ်မတော်ဟာ ရခိုင်ပြည်နယ်ဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်လာပြီး
ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ရတဲ့ အခြေအနေဖြစ်လာသလို
အဆိုးဆုံးအခြေအနေက ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်သလိုမျိုး လက်နက်လူသူ
မမျှတဲ့အပြင် ရခိုင်ပြည်သူတွေကို ဘင်္ဂါလီအကြမ်းဖက် ARSA လုပ်
ကြံသတ်ဖြတ်မှုမခံရအောင် ကာကွယ်ပေးနေတဲ့ နယ်မြေရဲကင်းလေးခုကို AA က
ဝင်စီးနင်းတိုက် ခိုက်ခဲ့တာပါပဲ။
AA ဟာ ရခိုင်ပြည်သူတွေအတွက်
တိုက်ပွဲဝင်နေတယ်ဆိုရင် ကုလားတန်မြစ်ကြောင်း ဘက်စုံ သုံးစီမံကိန်းကို
ပျက်ပြားအောင် လုပ်နေဖို့မလိုသလို ရခိုင်ပြည်သူတွေကို ဘင်္ဂါလီအကြမ်းဖက် ARSA
လုပ်ကြံသတ်ဖြတ်မှုမခံရ အောင် ကာကွယ်ပေးနေတဲ့ နယ်မြေရဲကင်းတွေကို
ဝင်ပြီးတော့ တိုက်ခိုက်စရာလည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ AA ကတော့
ကုလားတန်စီမံကိန်း နှောင့်နှေးအောင် လုပ်နေသလို ရခိုင်ပြည်သူတွေကို
လုံခြုံမှုပေးနေတဲ့ ရဲကင်းတွေကို စီးနင်းပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံး၊
ကိုးဦးဒဏ်ရာရအောင် Proxy War တစ်ခု ဖန်တီးခဲ့ပါတယ်။ ဒီလို ဖန်တီးမှုမှာ
ဘယ်လိုနိုင်ငံတွေရဲ့ အားပေးထောက်ပံ့မှုတွေနဲ့
ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ ရှိနေလဲဆိုတာ
မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
AA က တိုက်ခိုက်တဲ့ ကာလကို
ကြည့်မယ်ဆိုရင်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မြန်မာနိုင်ငံဆီကို
အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်လာရောက်ပြီး မြန်မာနိုင်ငံရဲ့
ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းရေးဟာ အိန္ဒိယနိုင်ငံရဲ့
အကျိုးစီးပွားနဲ့ ထပ်တူကျနေပြီး ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံးစီမံကိန်းအတွက် စစ်တွေနဲ့ ပလက်ဝစီမံကိန်းတွေမှာ ဆိပ်ကမ်းလုပ်ငန်း
စီမံခန့်ခွဲရေး နိုင်ငံတကာကုမ္ပဏီ ခန့်အပ်ဖို့ MoU ထိုးပြီးချင်း၊
ရခိုင်နဲ့ အိန္ဒိယကို ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ကနေသွားဖို့
သဘောတူပြီးချိန်မှ တိုက်ပွဲတွေဖြစ်လာတာကို တွေ့ရပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံးစီမံကိန်းဟာ ဆင်းရဲ နွမ်းပါးတဲ့ ရခိုင်ပြည်နယ်နဲ့
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ စီမံကိန်းဖြစ်သလို
ဒီဒေသတွေ ဖွံ့ဖြိုးရေးလုပ်ဆောင်နေမှုကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ AA နဲ့
တပ်မတော်ဟာ ထိတွေ့တိုက်ပွဲတွေ စဉ်ဆက်မပြတ် ဖြစ်နေဦးမှာပါ။
ကုလားတန်စီမံကိန်း မအောင်မြင်အောင် AA ဟာ သူ့ကိုထောက်ပံ့ပေးနေတဲ့
နိုင်ငံတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မျက်နှာချည်း ကြည့်ဖို့မလိုဘဲ
ချင်းနဲ့ ရခိုင်ပြည်သူတွေရဲ့ မျက် နှာကိုကြည့်ပြီး
ကုလားတန်စီမံကိန်းပျက်စီးဖို့ကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ရှုမြင်ထားရင်
ဒီရှုမြင်နေမှုကို ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။
တစ်ဖက်မှာလည်း
အမေရိကန်နဲ့ OIC နိုင်ငံတွေရဲ့ ဖိအားကြောင့် တရုတ်ကို မှီခိုပြီး
ရပ်တည်နေရတဲ့ မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံတစ်ခုကိုပဲ အားထားနေရမယ့်အစား
ဂျပန်၊ ကိုရီးယား၊ အာ ဆီယံနိုင်ငံတွေအပြင် အိန္ဒိယနိုင်ငံနဲ့ လည်း
မဟာဗျုဟာမြောက် ဆက်ဆံရေးတစ်ခုချမှတ်ပြီး ရခိုင်ပြည်နယ်နဲ့
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက တရုတ်ရဲ့ကြီးစိုးမှုကို ပါ
ထိန်းချုပ်နိုင်အောင် နိုင်ငံရေး ဆိုင်ရာထီးရိပ်တစ်ခုကို အိန္ဒိယဆီကနေရ
ယူနိုင်မယ့် မဟာဗျုဟာ မြောက်စီမံကိန်းတစ်ခုကိုလည်း မြန်မာအစိုးရကချမှတ်ဖို့
လိုအပ်ပါ တယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်သလို
တရုတ် နိုင်ငံရဲ့ ပင်လယ်နှစ်စင်းထွက်ပေါက်၊ BRI (Belt and Road Initiative)
ရဲ့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်ကိုချိန်ညှိဖို့
စောင့်ကြည့်နေတဲ့ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်အပေါ် အုပ်စီးလာမယ့်
တရုတ်ခြေလှမ်းကို စောင့်ကြည့်ချင်တဲ့ အိန္ဒိယနိုင်ငံ ၊
နယ်မြေခွဲထွက်ခွင့်အတွက် လှုပ်ရှားနေတဲ့ OIC နိုင်ငံ တွေနဲ့ ARSA
ရှိနေပါတယ်။ ဒီလို ရှိနေတဲ့ ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံဟာ
ဘင်္ဂလားဒေ့ရှ်အပေါ် သြဇာရှိတဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ မဟာဗျူဟာမြောက်
ဆက်ဆံရေးထူထောင်နိုင်ဖို့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့
လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံ့အနာဂတ်စီမံကိန်းတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ
AA နဲ့ ARSA ဟာ ခြေကုပ်ယူ တိုက်ပွဲတွေဖန်တီးနေတာဟာ လုံးဝ လက်ခံလို့မရတဲ့
အခြေအနေဆိုတာ ပြည်သူအားလုံးသိဖို့ လိုအပ်ပါတယ်။
No comments:
Post a Comment