Sunday, May 5, 2019

ရန်ကုန် ဒုမြို့တော်ဝန်သစ် ဦးစိုးလွင်ကိုပြိုင်ဘက်ကရွေးကောက်ပွဲကန့်ကွက်လွှာသွင်း

ပြီးခဲ့တဲ့ရက်ပိုင်းက ရာထူးယူခဲ့တဲ့ ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ပတ်သက်ပြီး ပြိုင်ဘက် ဇောတိက ဦးခင်လှိုင် က ရွေးကောက်ပွဲကန့်ကွက်လွှာသွင်းထားတယ်လို့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ခိုင်က ဘီဘီစီကိုပြောပါတယ်။
အဲဒီကန့်ကွက်မှုကလည်း တရားရုံးတခုက ပြစ်ဒဏ်ချမှတ်ခံဖူးတာရယ်၊ အခြားဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေတွေနဲ့ စပ်လျဉ်းပြီး စွပ်စွဲချက်နဲ့ ကန့်ကွက်လာတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွေနဲ့ ကိုးကားပြီးပြောထားတော့ စည်ပင်ရွေးကောက်ပွဲဥပဒေနဲ့ နဲနဲလေးကျော်နေတယ်လေ၊ ဒါကြောင့်တိုင်းဥပဒေချုပ်စီကို ဥပဒေအကြံတောင်း ထားတုန်းပဲရှိသေးတယ်" လို့ ဦးအောင်ခိုင်ကပြောပါတယ်။
ဒါပေမဲ့ ဒီကန့်ကွက်မှုက တိုင်းဥပဒေချုပ်ထံက ဥပဒေအကြံပြုချက်ရရှိမှသာ ကန့်ကွက်လွှာနဲ့ပက်သက်ပြီး ထပ်မံဆောင်ရွက်နိုင်မယ် လို့လည်း သူကပြောပါတယ်။
ဒုတိယမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးလွင်က ကော်မတီဝင်အမှတ် ၃ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။ အဲဒီမဲဆန္ဒနယ်ထဲမှာ လူငယ်ကိုယ်စားလှယ် ကိုအောင်ခန့်၊ မော်ဒယ် သရုပ်ဆောင် ထက်ထက်ထွန်း၊ အရင်ကော်မတီဝင်ဟောင်းအဖြစ် ရွေးချယ်ခံရဖူးသူ ဦးခင်လှိုင် တို့အပါအဝင် ၁၀ ဦးအထိဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဦးစိုးလွင်ကိုတော့ ဦးခင်လှိုင်က ဧပြီလ ၅ရက်နေ့ကတည်းက စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာပေးပို့ထားတာဖြစ်ပါတယ်။
ဦးခင်လှိုင်က ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပထမအကြိမ်စည်ပင်သာယာ ရွေးကောက်ပွဲမှာလည်း ကော်မတီဝင်အဆင့်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ဖူးပါတယ်။ သူက ဇောတိကသင်္က္န်း တွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ဦးစိုးလွင်ပြီးရင် မဲအများဆုံးရရှိခဲ့တဲ့ ကိုအောင်ခန့်ကတော့ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားထားတာမရှိသေးပဲ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုဘယ်ပုံ လုပ်ကိုင်ဆောင်ရွက်ဖို့ ရှိလဲ ဆိုတာကို စောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်းကတော့ အမှုဖြစ်စဉ်ကို ဦးစိုးလွင်မဲအနိုင်ရပြီးမှ သိရှိခဲ့ တာဖြစ်ပေမယ့်လည်း ကန့်ကွက်လွှာတင်တာတွေဆက်မလုပ်တော့ဘူးလို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ရဲ့ အမည်ကိုကြေငြာ သည့်အချိန်ကစပြီး ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပါတယ်။
"အမှုကိစ္စကသေးသေးလေးပါ။ ကျန်တာကျွန်တော်ပြောထားတဲ့ဟာတွေက ဒီထက်ပိုကြီးတာတွေပါတယ်။ အပြင်ကလူတွေသိပ်မသိကြပါဘူး။ တော်တော်ရှင်းရခက်တဲ့ကိစ္စတွေပါ။ ဒါပေမယ့်ဒီလိုပဲလွှတ်ထားလို့တော့ မရပါဘူး။ အခုတော့ပြောပြလို့မရသေးပါဘူး" လို့ ကန့်ကွက်လွှာပို့ထားသူ ဦးခင်လှိုင်က ဘီဘီစီကိုပြောပါ တယ်။
ဦးစိုးလွင်က ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်နေ့တုန်းက စမ်းချောင်းမြို့နယ်တရားရုံးကနေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ညစ်ညမ်းသောပြုလုပ်မှုများနဲ့ ညစ်ညစ်သောသီချင်းများ ခေါင်းစဉ်အောက်က ၂၉၄(ခ) နဲ့ ရာဇဝတ်မှုနဲ့မကင်းတဲ့ ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့နဲ့ ပြစ်မှုထင်ရှားတွေ့ရှိခဲ့လို့ ဒဏ်ငွေ တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်နဲ့ ဒဏ်ငွေ သုံးသောင်း သို့မဟုတ် ထောင်ဒဏ် ၃ လပြစ်ဒဏ်ချခံထားရဖူးပါတယ်။ အဲဒီလိုအမိန့်ချမှတ်ချက် တရားရုံးမှတ်တမ်းကိုလည်း ဘီဘီစီက ရရှိထားပါတယ်။
အဲဒီအမှုက ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ် လောင်းအရည်အချင်းသတ်မှတ်ချက်ကို ထိခိုက်မှု မရှိလို့ ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာလို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဌဦးအောင်ခိုင်က ဘီဘီစီကိုပြောပါတယ်။
"သူ့ပြစ်ဒဏ်ကအကျင့်စာရိတ္တနဲ့ပက်သက်မှုရှိမရှိ ရန်ကုန်တိုင်းဥပဒေချုပ်ကိုတရားဝင်မေးတဲ့အခါ ပြစ်ဒဏ်နဲ့ ပြစ်မှုက အကျင့်စာရိတ္တနဲ့ ပက်သက်တဲ့ဟာတွေမဟုတ်ဘူးလို့ အကြောင်းကြားလာလို့ ကိုယ်စားလှယ်လောင်း အဖြစ်သတ်မှတ်ပေးခဲ့တာ" လို့သူကဆိုပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကိုယ်စားလှယ်အရည်အချင်းများ စိစစ်ချိန်ကတည်းက လုပ်ခဲ့တာလို့လည်း ဦးအောင်ခိုင်ကပြောပါတယ်။
ရန်ကုန်စည်ပင်သာယာရေးရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၂၈(ဏ)က ကိုယ်ကျင့်တရားဆိုင်ရာ ပြစ်မှု ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသူ ဖြစ်ပါက ရွေးကောက်ခံပိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌဌာန်းထားပါတယ်။
ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကို ဘီဘီစီက ဖုန်းနဲ့ ၇ ကြိမ်အထိ နေ့ခင်း ၂နာရီခွဲကနေ ညနေ ၅နာရီခွဲအကြား ဆက်သွယ်ခဲ့ပါတယ်။ အဲဒီအကြိမ် ရေတွေထဲက ၃ကြိမ်မှာ ဦးစိုးလွင်ရဲ့ မိသားစုဝင်တချို့က ဦးစိုးလွင် အပြင်ထွက်သွားလို့ ည ၇နာရီခွဲလောက် မှသာ ပြန်ရောက်နိုင်တယ်လို့ဖြေကြားပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၆၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့ပါတယ်။ အဲဒီထဲမှာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက၂၂ ဦး ပါရှိပေမယ့် အနိုင်ရရှိသူ မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ကိုယ်စားလှယ် ၉၀ ဝင်ရောက် ယှဉ်ပြိုင်ပြီး ၈၉ ဦး အနိုင်ရရှိခဲ့တယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
Credit - BBC Burmese



မန္တလေးလျှပ်စစ်မီးပြတ်တောက်မှု လျှပ်စစ်ဝန်ကြီး တောင်းပန်

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေမှုအတွက် ပြည်သူကို တောင်းပန်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။
“ကျနော်တို့က သာမန်ပြည်သူတွေပဲ။ အဲဒီတော့ ပြောချင်တာက ရာသီဥတု ပူပြင်းတဲ့ဒဏ်ကို ခံထားရတော့ ပြည်သူတွေအတွက် ဓာတ်အားကို လုံလုံလောက်လောက်ဖြစ် အောင် တတ်နိုင်သလောက် ကျနော်တို့ ကြိုးစားပါ့မယ်။ ဒီနှစ်မှာကြုံနေရတဲ့ ဓာတ်အားပြတ်တောင်မှု မလုံလောက်တာတွေအတွက် ပြည်သူလူထုကို ကျနော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။”
ဒီနှစ် နွေရာသီ အပူချိန်ပိုမြင့်မားတဲ့အတွက် လျှပ်စစ်သုံးစွဲတဲ့ ပမဏလည်း ပိုများပေမယ့် ဓာတ်အားလိုအပ်ချက်ကတော့ ရှိနေပါတယ်။
၂၀၁၈ ခုနှစ် နွေရာသီနဲ့ နှိုင်းယှဉ်ပါက မြန်မာတနိုင်ငံလုံးရှိ ဆည်ကြီးတွေမှာ ရေအမှတ် ၁၄ ပေ လောက် လျော့ကျနေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ မိုးရာသီ မုတ်သုန်ဝင်လာမယ့် အချိန်ထိ ရေကိုချွေတာ သုံးစွဲနေရတဲ့အတွက် လျှပ်စစ်မီးမလုံလောက်တာဖြစ်ပြီး ရန်ကုန်မှာ မေလ ၁၅ ရက်နေ့ မုတ်သုန်ဝင်မှာ ဖြစ်ပေမယ့် တနိုင်ငံလုံး အနေအထားနဲ့ကတော့ မုတ်သုန်ဝင်ချိန်ဟာ ဇွန် ၁၅ ရက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။
Credit - DVB


ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ဖို့ ရုပ်ရှင်ဒါရိုက်တာတွေ တောင်းဆို

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို နယ်သာလန် အခြေစိုက် မှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့ နှစ်ခုက ဦးဆောင်စီစဉ်နေပါတယ်။
အမ်စတာဒမ် အခြေစိုက် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့နဲ့ ရော့တာဒမ် အခြေစိုက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို စုစည်းနေတာဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်စတဲ့ ဥရောပနိုင်ငံတွေအပါအဝင် အာရှနိုင်ငံတွေက ရုပ်ရှင်ဒါရိုက်တာတွေပါ ပါဝင်လက်မှတ်ရေးထိုးပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။
အလားတူ မြန်မာနိုင်ငံက ဒါရိုက်တာတွေလည်း ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုထားပြီး မေလ ၂ ရက်နေ့အထိ ဒါရိုက်တာ စုစုပေါင်း ကိုးရာခန့်က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ပေးဖို့ ပါဝင်တောင်းဆိုထားပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားချက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့လည်း တပ်မတော်က ထပ်မံ တရားစွဲထားပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့အမှုကို အင်းစိန်မြို့နယ် တရားရုံးက အာမခံ မပေးဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဧပြီလ ၁၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီအမှုကို လာမယ့် မတ်လ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းခေါ်ယူထားပါတယ်။

Credit - RFA Burmese


မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးထားသူ ၂၇ ဦးတွင် အေအေတပ်ဖွဲ့ဝင် ၁၈ ဦးပါဝင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးထားသည့် ၂၇ ဦးတွင် အေအေ တပ်ဖွဲ့ဝင် ၁၈ ဦး ပါဝင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
"ကျွန်တော်တို့ ပဏာမ စစ်ကြောချက်အရ ၁၈ ဦးဟာ အေအေတပ်ဖွဲ့ဝင်များဖြစ်ပါတယ်။ ၁၈ ဦးဟာ အမှတ်(၃၁)မြောက်ဦးမှာရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူများဖြစ်ပါတယ်။ ငါးဦးဟာ အမာခံများ ဖြစ်ပါ တယ်။ ကျန်တဲ့လေးဦးဟာ သံသယစာရင်းဖြစ်ပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဖော်ထုတ်ရရှိတာဖြစ်ပါတယ်ဓဟု ၎င်းက ပြောဆိုသည်။
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် မေ ၃ ရက်မွန်းလွဲပိုင်းက ပြုလုပ်သည့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ၏ ဥပဒေချိုးဖောက်မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင်ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ၂၇ ဦးကို လက်ရှိတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်ပြီး စစ်တွေရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ၎င်းက ပြောဆိုသည်။
"ဒါတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုက ရဲလက်ထဲအပ်ထားပြီးကျွန်တော်တို့ စစ်ကြောချက်တွေ၊ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်တွေကိုလည်း အမှုဖွင့်တဲ့အခါ တရားရုံးကို ပေးပြီး တရားရုံးကလည်း အမှုစွဲချက်အတိုင်း ရင်ဆိုင်မယ်။တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းသွားမှာဖြစ်ပါတယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုသည်။
ဧပြီ ၁၀ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်း(၃၁) ကို ဝင်ရောက်တိုက်ခိုက် ထွက်ပြေးသွားသည့် အေအေအဖွဲ့ကို တပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီး၌ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ မြောက်ဒဂုံတွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လူထုထောက်ခံပွဲကို ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ် (၃၆)ရပ်ကွက် ဘောလုံးအားကစား ကွင်း၌ မေ ၅ ရက် ညနေ ၄နာရီတွင် ပြုလုပ်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးထောက်ခံပွဲကို မြို့နယ်နေ ပြည်သူ အင်အား ၁၀၀၀ ကျော်ဖြင့် ထောက်ခံခဲ့ ကြပြီး ပန်းရဲ့လမ်းတေးဂီတအဖွဲ့၏ ဖျော် ဖြေမှုများ၊ စာရေးဆရာထင်လင်းဦး၊ စာရေးဆရာ သဲအောင်၊ စာရေးဆရာ မာန်(တောင်လုံးပြန်)၊ဥပဒေပညာရှင် ဒေါင်းမာန်ဟုန်တို့က ဟောပြောခဲ့ကြသည်။
အဆိုပါထောက်ခံပွဲတွင် စာရေးဆရာ ထင်လင်းဦးက''ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပြင်ဖို့ အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ ဒီလိုမျိုးတွေမဖြစ်ရအောင် မကြာခင်မှာဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဟောဒီနိုင်ငံက ဟောဒီမြို့နယ်က သူတွေ ပြည်သူလူထုနဲ့အတူ နေပူရုံမက မီးပုံထဲဖြတ်လျှောက်ရမယ်ဆိုလည်း ဖြတ်လျှောက်ဖို့ သတ္တိမွေးထားကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားသည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ''နိုင်ငံအနာဂတ်လှပရေး ၂၀၀၈ ခြေ/ဥ ပြင်ဆင်ပေး''၊ ''၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပေး''ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။
''အခြေခံဥပဒေပြင်ဆင်ရေးသည် ကျွန်မတို့ နိုင်ငံသားအားလုံးရဲ့ အထူးလိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ လိုလားတောင့်တမှုအရ ကျွန်မတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက်လိုက်တဲ့ ကျွန်မတို့ရဲ့ NLD အစိုးရကနေပြီးတော့ ပြည်သူ့အစိုးရအနေနဲ့ ရောက်ရှိလာခဲ့တာသုံးနှစ်ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ကျွန်မ တို့ပြည်သူတွေရဲ့ လိုလားချက်အရ လွှတ်တော်တွင်းမှာ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာ သုံးနှစ်အတွင်းမှာ လက်တွေ့မြင်နေရပြီဖြစ်တယ်။ ကျွန်မတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းမှာလုပ်နေတဲ့ ထောက်ခံပွဲတိုင်းဟာ မည်သူရဲ့ ဖိအားပေးမှုကြောင့် လုပ်နေခြင်း မဟုတ်ဖူး။ ပြည်သူတွေရဲ့ ပြည်သူ့ဆန္ဒကို အစစ်အမှန်ထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကြောင့် ယနေ့လိုမျိုး အခမ်းအနားတွေ ပြုလုပ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြည်သူတွေနဲ့ အတူ ပြောခြင်းဖြစ်ပါတယ်။ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် သူတို့ဘက်က ကြိုးစားလာတယ်။ ကြိုးစားလာတဲ့အပေါ်မှာ ကျွန်မတို့က သူတို့ရဲ့ ကြိုးစားမှုကိုထောက်ခံဖို့အတွက် ပြည်သူတွေရဲ့ အင်အားနဲ့ ဒီလိုပွဲတွေကို စဉ်ဆက်မပြတ် ထုတ်ဖော်သွားဦးမှာပါ''ဟုထောက်ခံပွဲတွင် ပါဝင်သူ မခင်စုစုလှိုင်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲများကို ရန်ကုန်တိုင်းဒေသကြီးအပါအ၀င်ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ညွန့်ပေါင်းတပ်လေကြောင်းတိုက်ခိုက်မှု IS စစ်သွေးကြွ ၅၀ ခန့်သေဆုံး


ဗွီအိုအေ (မြန်မာပိုင်း)
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တခုမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ ၅၀ ထိ သေဆုံးခဲ့ကြောင်း အာဖဂန် အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုပါတယ်။
အာဖဂန် အနောက်ပိုင်း စီရင်စု တခုမှာတော့ တာလီဘန် သူပုန်ရဲ့ လက်ချက်နဲ့ အစိုးရ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ရပါတယ်။ အာဖဂန် ခြေလျင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအဖွဲ့တွေက ညအချိန် လေကြောင်းကနေ တိုက်ခိုက်မှု အတွင်း Kunar ပြည်နယ်က Cahpa Darah စီရင်စုက IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေး စခန်းတွေကို ထိမှန်ခဲ့တာလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သွေးကြွတွေထဲမှာ ဥဇဘက္ကစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံသားတွေ အပါအ၀င် နိုင်ငံခြားသားတွေလည်း ပါတယ်လို့ အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။ သေဆုံးသူတွေထဲမှာ အရေးပါတဲ့ ဥဇဘက် အနွယ် IS တပ်မှူး တဦးလည်း ပါတယ်လို့ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Gul Mohammad Baidar က ဗွီအိုအေကို ပြောပါတယ်။
ပြည်နယ်တွင်းမှာ တာလီဘန် သူပုန်တွေ၊ IS စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေကတော့ လျော့နည်းမသွားဘူးလို့လည်း သူက အတည်ပြုပါတယ်။ Chapa Darah က တိုက်ပွဲတွေကြောင့် ဒီသီတင်းပတ်တွေ အတွင်း ထောင်နဲ့ချီတဲ့ အာဖဂန် မိသားစုတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြ ရတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာရုံးက ပြောဆိုထားပါတယ်။
နောက်ထပ် သီးခြား ဖြစ်ရပ် တခုကတော့ အာဖဂန် အနောက်ပိုင်း Badghis ပြည်နယ်မှာ တာလီဘန်တို့က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေကို ညအချိန် ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ဂါဇနီပြည်နယ် အာဏာပိုင်တို့ကတော့ အာဖဂန်တပ်ဖွဲ့တွေနဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ သောကြာည လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၈ ဦး သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုကို စစ်ဆေးနေကြောင်း ပြောဆိုထားပါတယ်။


အွန်လိုင်းပေါ် အသုံးပြုနေသည့် ဒစ်ဂျစ်တယ် ငွေကြေးများ တရားမဝင်ဟု ဗဟိုဘဏ် ပြော

ကွန်ပျူတာ နည်းပညာများ အပေါ် အခြေခံပြီး အင်တာနက်ပေါ်၌ အရောင်းအဝယ် ပြုလုပ်ကြသော ငွေကြေး စနစ် တခု ဖြစ်သည့် ဒစ်ဂျစ်တယ် ငွေကြေး (Cryptocurrency) များသည် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ် ပြုထားခြင်း မရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook အကောင့်များနှင့် ဝဘ်ဆိုက် စာမျက်နှာများမှ တဆင့် ရောင်းဝယ်ခြင်း၊ လဲ လှယ် ခြင်း ဆောင်ရွက်နေကြသော Bitcoin (BTC)၊ Litecoin(LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) အစရှိသည့် ဒစ်ဂျစ်တယ် ငွေကြေးများသည် သုံးစွဲသူများ အတွက် ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ဗဟိုဘဏ်က ဆို သည်။
ဗဟိုဘဏ်မှ အကြီးတန်း အရာရှိ တဦးက“ကျမတို့က နိုင်ငံခြား သုံးငွေ လိုင်စင် မရှိဘဲနဲ့ အရောင်းအဝယ် လုပ်မယ် ဆိုရင် သူ့ကို နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အရ အရေးယူလို့ ရတယ်။ သို့သော်လည်း နိုင်ငံခြား သုံးငွေ အမျိုး အစား ထဲမှာ Cryptocurrency တွေ မပါတဲ့ အတွက် အရေးယူဖို့ ခက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“ဒါပေမယ့် အခု ဆိုရင် ကျမတို့ဆီ တိုင်ကြားမှုတွေ ရှိလာတဲ့ အတွက် ပြည်ထဲရေးဘက်ကို စိစစ် ခိုင်း ပြီး အများပြည်သူ အကျိုးစီးပွား တခုခု ဖြစ်ခဲ့တယ် ဆိုရင် ပြည်ထဲရေး ဘက်က တဆင့် အရေးယူမှုတွေ လုပ်သွား မယ်”ဟု ဆိုသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ယင်းသို့ ကိစ္စများကို တားဆီးခြင်း နှင့် အရေးယူမှုများ လုပ် ဆောင်နိုင်ရန် အတွက် ပြင်ဆင် ရေးဆွဲလျက် ရှိကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
လတ်တလောတွင် ဗဟိုဘဏ်သို့ တိုင်ကြားမှုများ၌ ငွေကြေး အမြောက်အမြား လိမ်လည်ခံထားရမှုများ မပါဝင်ကြောင်း နှင့် ပြည်တွင်း၌ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုများ လုပ်ကိုင်နေသော ကုမ္ပဏီများကို စောင့်ကြည့်မှု လုပ်ဆောင် နေ ကြောင်း ဗဟိုဘဏ်က ဆိုသည်။
စီးပွားရေး မူဝါဒ ရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက“Bitcoin တို့ဘာတို့ကတော့ မြန်မာနိုင်ငံနဲ့ မသင့်လျော် သေးပါဘူး။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ အတွေ့အကြုံတွေက အလွန် နည်းပါသေးတယ်။ ရှင်းရှင်း ပြောရရင် လက်မခံ သင့်သေးပါဘူး” ဟု ပြောသည်။
နိုင်ငံတကာတွင်လည်း အာမခံချက် အပြည့်အဝ မရှိသေးသည့် အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေး စနစ်နှင့် ပတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းများကို ဝေဖန်မှုများစွာ ရှိနေကြောင်း ၎င်းက ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အဆင့်မြင့် ကွန်ပျူတာ နည်းပညာ တခုဖြစ်သည့် BlockChain နည်း ပညာကို အခြေခံ၍ အသုံးပြုထားသော Cryptocurrency (ခေါ်) Digital Currency ဒစ်ဂျစ်တယ် ငွေကြေးကို ဂျပန် နိုင်ငံ အဖွဲ့တဖွဲ့က စတင် လုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး နယ်ပယ်တွင် ပြောင်းလဲ သုံးစွဲလာခဲ့ ကြ သည်။
အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေးသည် အစိုးရများ၏ ထိန်းချုပ်မှု အောက်တွင် မရှိဘဲ ယင်းစနစ်ကို သဘောကျ လက်ခံ သည့် လူပုဂ္ဂိုလ် အချင်းချင်းသာ သုံးစွဲနေကြပြီး နိုင်ငံ အများစုတွင် ယင်းငွေကြေး စနစ် အသုံးပြုခြင်းကို တားမြစ်ခြင်း ပိတ်ပင် ထားခြင်းများ ပြုလုပ်ထားသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ငွေကြေး စနစ်ကို ရင်းနှီးမြှုပ်နှံမှု တခုပြုလုပ်ပြီး အကျိုးအမြတ်များများ ရရှိနိုင်မည်ဟု မက်လုံး ပေး ဆွဲဆောင်ခြင်း၊ လောင်းကစား ဆန်ဆန်၊ စတော့ ရှယ်ယာ ဆန်ဆန် ပြောဆိုကာ အများပြည်သူများထံသို့ ထိုးဖောက် ဝင် ရောက်လျက် ရှိသည်။
နိုင်ငံခြားသား ပါဝင်သည့် ပြည်ပနိုင်ငံ အခြေစိုက် ကုမ္ပဏီများသည် နည်းပညာ နားလည်သူများထက် ဗဟုသုတနည်း ပါးသော သူများကို အဓိက ပစ်မှတ်ထားကာ ဟောပြောပွဲများ၊ မက်လုံးပေး စည်းရုံးမှုများ လုပ်ဆောင်ပြီး အဆိုပါ ဒစ်ဂျစ်တယ် ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။
အစိုးရ နှင့် မည့်သည့် အဖွဲ့အစည်းများကမှ ကျောထောက် နောက်ခံမရှိဘဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကို ပြုလုပ်မည် ဆိုပါ က စနစ်တကျ လေ့လာကာ စဉ်းစား ဆင်ခြင်သင့်ကြောင်း ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။
ပြည်တွင်းတွင် ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုများကို လုပ်ကိုင်နေသော ကုမ္ပဏီ ၅ ခု ဝန်းကျင် ရှိနေကြောင်း သိရ သည်။
Credit - Irrawaddy


AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တပ်မတော်မှတပ်ကြပ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူအား သတ်ဖြတ်

နေပြည်တော်၊ မေ - ၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝ(ရခိုင်)ကျေးရွာတွင် နေထိုင်သည့် တပ်မတော်မှ တပ်ကြပ် ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူ ဦးစိန်ကုလား အား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မေ ၁ ရက် တွင် ဓားဖြင့်ခုတ်၍သတ်ဖြတ် ခဲ့ကြောင်းသိရှိရသည်။ 

ဖြစ်စဉ်မှာ ပီကောက်ဝ(ရခိုင်)ကျေးရွာနေ တပ်ကြပ်ကြီး(အငြိမ်းစား) ဦးစိန်ကုလား (ဘ) ဦးထွန်းစိန်သည် ဇနီးဖြစ်သူနှင့်အတူ ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် ယင်းနေ့ ည ၁၂ နာရီခွဲခန့်တွင် AA အကြမ်းဖက်ေ သာင်းကျန်းသူအဖွဲ့မှ တုတ်/ဓား ကိုယ်စီ ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သော ကြောင့် တပ်ကြပ်ကြီး(အငြိမ်းစား) ဦးစိန်ကုလားတွင် ဓားဒဏ်ရာအများအပြားဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာ နဖူးဒဏ်ရာတစ်ချက်ဖြင့် သတိလစ်မေ့မျောလျက်ရှိသဖြင့် အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ 

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ပီကောက်ဝ(ရခိုင်)ကျေးရွာနေသူများအား စုံစမ်းချက်များအရ သေဆုံးသူ တပ်ကြပ်ကြီး (အငြိမ်းစား) ဦးစိန်ကုလားသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပက်သက်ဆက်နွယ်သူ မဟုတ် ကြောင်းနှင့် မိသားစုနှင့်သာ အေးအေးချမ်းချမ်း နေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုမရှိစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပြီး အပြစ်မဲ့ဒေသခံ ပြည်သူများသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်စာပေးပို့ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ယနေ့အချိန်အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အပြစ်မဲ့ဒေသခံပြည်သူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။




မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ် ပြန်ပြီ

ကင်ဂျုံအွန်းဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲ ပျက်ပြီး နောက်ပိုင်း ရုရှားကို မကြာသေးခင်က ခရီးထွက်ခဲ့
မေလ ၄ ရက်နေ့ စနေနေ့ အစောပိုင်းမှာ မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည် တချို့ စမ်းသပ် ပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။
မြောက်ကိုရီးယား အရှေ့ခြမ်း ဟိုဒို ကျွန်းဆွယ်ကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က ပြောပါတယ်။
ဒီသတင်းသာ အတည်ပြုနိုင်ခဲ့ရင် ဒါဟာ ၂၀၁၇ နိုဝင်ဘာ တုန်းက တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် မြောက်ကိုရီးယားဟာ ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
"နည်းဗျူဟာကျ ထိန်းချုပ်နိုင်တဲ့ လက်နက်" အသစ် တစ်ခုကို စမ်းသပ်ခဲ့တယ်လို့ အရင်လတုန်းကတော့ ပြုံယမ်းအစိုးရ က ပြောထားပါတယ်။
အခု သတင်းတွေ ထွက်နေတဲ့ လက်နက်စမ်းသပ်မှုဟာ ၂၀၁၉ ဖေဖော်ဝါရီ လတုန်းက ကျင်းပခဲ့ပြီး သဘောတူညီမှု တစ်စုံတစ်ရာ မရဘဲ အဆုံးသတ်ခဲ့ရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အပြီး ပထမဆုံး အကြိမ် အနေနဲ့ မြောက်ကိုရီးယား ဘက်က လက်နက် စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အပြောအရတော့ ကင်ဂျုံအွန်းရဲ့ ကမ်းလှမ်းချက်တွေက လက်ခံနိုင်စရာ မရှိလို့ ဟနွိုင်း ထိပ်သီးပွဲကနေ ထွက်ခဲ့ရတာလို့ ဆိုပါတယ်။
ဒုံးလွှတ်တင်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေသလား
တောင်ကိုရီးယားနဲ့ ပူးတွဲညှိနှိုင်းရေး ကေဆွန်းရုံးကနေ မြောက်ကိုရီးယား ရုတ်တရက် နုတ်ထွက်
မြောက်ကိုရီးယား ဘက်က ရပ်တည်ချက် ပြောင်းလဲဖို့မရှိ
တာတိုပစ်ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်မှုဟာ မြောက်ကိုရီးယားက အာမခံထားတဲ့ တာဝေးနဲ့ နျူကလီးယား ဒုံးကျည်တွေ စမ်းသပ်မှု မလုပ်ဘူး ဆိုတဲ့ ကတိကဝတ်ကိုတော့ ချိုးဖောက်ရာ မရောက်ပါဘူး။
မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူကလီးယား စီမံကိန်း အစီအစဉ် တွေကို အလုံးစုံ ဖျက်သိမ်းပြီးမှသာ ဝါရှင်တန် အစိုးရက စီးပွားရေး ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်းမယ် ဆိုပြီး အတင်းအကျပ် တောင်းဆိုနေတာကို မစ္စတာ ကင် အနေနဲ့ သည်းခံနိုင်မှု စွမ်းရည် ကုန်လာတဲ့ သဘောလို့တော့ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာ က သုံးသပ်ပါတယ်။
မြောက်ကိုရီးယား ဘက်က အခု ပြန်လည် လှုပ်ရှားလာတဲ့ ဒုံးကျည် စမ်းသပ်မှုကို အမေရိကန်ဘက်က သိရှိပြီး လိုအပ်ရင် လိုအပ်သလို စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဆန်းဒါ့စ် က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဒေသစံတော်ချိန် ဝ၉:ဝ၆ (ဝ၀:ဝ၆ ဂရင်းနစ် စံတော်ချိန်) မှာ ဟိုဒို ကျွန်းဆွယ် အရှေ့ ကမ်းခြေ မြို့ ဝန်ဆန် အနီးကနေ အရှေ့မြောက်ဘက်ကို ဦးတည်ပြီးတော့ တာတိုပစ် ဒုံးကျည် အကြိမ်အရေအတွက် တချို့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒုံးကျည်တွေဟာ ၄၅ မိုင်ကနေ ၁၂၅ မိုင် ကြား အထိ ရောက်ရှိခဲ့ပြီး ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အရင်တုန်းကလည်း ဟိုဒိုမှာ ခရုစ်ဒုံးကျည်နဲ့ တာဝေးပစ် လက်နက်တွေ စမ်းသပ်ခဲ့ဖူးပါတယ်။
မြောက်ကိုရီးယား အစိုးရ သတင်းဌာန မြောက်ကိုရီးယား သတင်း အေဂျင်စီ (KCNA) ရဲ့ ကြေညာချက် အရ ဧပြီလတုန်းက စမ်းသပ်ခဲ့တဲ့ "နည်းဗျူဟာကျ ထိန်းချုပ်နိုင်တဲ့ လက်နက်" အသစ်ကိုတော့ ခေါင်းဆောင် မစ္စတာ ကင် ကိုယ်တိုင် ကြီးကြပ် စစ်ဆေး ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလက်နက် အသစ်က မတူကွဲပြားတဲ့ ပစ်မှတ်တွေကို နည်းလမ်း ပုံစံမျိုးစုံနဲ့ ပစ်ခတ် နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
ဒါက အဲဒီလက်နက်ကို မြေပြင်၊ ရေပြင်နဲ့ ဝေဟင် နေရာမျိုးစုံကနေ ပစ်လွှတ်နိုင်တာကို ဆိုလိုတာလို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။
အဲဒီလက်နက်က ဒုံးကျည် ဖြစ်မလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမယ် ဒါဟာ တာတိုပစ် လက်နက် တစ်ခု ဖြစ်နိုင်တယ်လို့တော့ လေ့လာသူတွေက သဘောတူထားကြပါတယ်။
မနှစ်တုန်းကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက နျူကလီးယား စမ်းသပ်မှု တွေကို ရပ်တန့်မယ်၊ တိုက်ချင်းပစ် ဒုံးပျံတွေလည်း ထပ်လွှတ်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် နျူကလီးယား စမ်းသပ်တဲ့ လှုပ်ရှားမှု တွေကတော့ မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား စခန်း တစ်ခုမှာ ဆက်ရှိနေတာကို အရင်လက ဖမ်းယူ ရရှိခဲ့တဲ့ ကောင်းကင် ဓာတ်ပုံတွေ အရ တွေ့ရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားဟာ ရေဒီယို သတ္ထုကြွ လုပ်ငန်းစဉ်တွေ ပြန်လည် စတင်နေပြီ နျူကလီးယားဗုံး စမ်းသပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ထင်မြင် ယူဆချက်တွေ ပြန် ဖြစ်ပေါ်လာခဲ့ပါတယ်။
တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် အရွယ် ပမာဏ သေးငယ်တဲ့ နျူကလီးယား ဗုံး တစ်ခု စမ်းသပ်နေတယ်လို့ မြောက်ကိုရီးယားက အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန်ပိုင်နက် အထိ ရောက်ရှိ စွမ်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေလည်း တည်ဆောက်နေတယ်လို့ ဆိုထားပါတယ်။



သီရိလင်္ကာမှာ ဓားနဲ့လက်နက်တွေ နှစ်ရက်အတွင်း လာအပ်ကြဖို့ နှိုးဆော်



ဗုံးခွဲတိုက်ခိုက်မှုတွေ ထပ်ရှိလာမယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတွေ တင်းကျပ်ထား
သီရိလင်္ကာနိုင်ငံမှာ တရားမဝင် ဓားတို၊ ဓားရှည်တွေကို လာမယ့် နှစ်ရက်အတွင်း အာဏာပိုင်တွေထံ လာရောက် အပ်နှံကြဖို့ လူထုကို နှိုးဆော်ထားပါတယ်။
လူ ၂၅၀ ကျော် သေဆုံးခဲ့ရတဲ့ အီစတာ တနဂင်္နွေနေ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး စီးနင်းရှာဖွေမှုတွေအတွင်း အန္တရာယ်ပေးနိုင်တဲ့ ဓား ရာပေါင်းများစွာ သိမ်းဆည်းမိခဲ့ပါတယ်။
ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက်ပိုင်း နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ ပေါ်ထွက်နေချိန်မှာ ရဲတွေကို အားဖြည့်ပေးဖို့ စစ်မှုထမ်း ထောင်ပေါင်းများစွာ စေလွှတ်ထားပါတယ်။
စာသင်နှစ်အစ ကျောင်းတွေ ပြန်ဖွင့်တော့မယ့် လာမယ့် တနင်္လာနေ့မတိုင်ခင် စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ ချထားဖို့ အကြီးအကျယ် ဆောင်ရွက်နေပြီး ကျောင်းတွေနားမှာ ကားတွေ ရပ်မထားကြဖို့ လူထုကို ရဲက မေတ္တာ ရပ်ခံထားပါတယ်။
ဟိုတယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်
တခါ အီစတာပွဲတော်နေ့တုန်းကလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ကက်သလစ် ခရစ်ယာန် အသင်းတော်က တနဂင်္နွေနေ့မှာ ခါတိုင်း ပုံမှန် ဝတ်ပြုစည်းဝေးတာမျိုးကို ထပ်မံ ဆိုင်းငံ့ထားလိုက်ပြီး သီးသန့် ဝတ်ပြုစည်းဝေးမှုတစ်ခုကိုပဲ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
အခုသီတင်းပတ်ကုန် ရက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို ယုံကြည်စိတ်ချရတဲ့ နိုင်ငံခြား သတင်းရပ်ကွက်တစ်ခုက သူ့ကို လှမ်းသတိပေးထားတယ်လို့ သီရိလင်္က࿿ာ ရိုမန် ကက်သလစ် ခရစ်ယာန် အသင်းတော် အကြီးအကဲ ကာဒီနယ် ဘုန်းတော်ကြီး မာလ်ကမ်း ရန်ဂျစ်က ပြောပါတယ်။
နာမည်ကြီး ခရစ်ယာန် ဘုရားကျောင်း တစ်ခု ဒါမှမဟုတ် ကက်သလစ် ခရစ်ယာန်အဖွဲ့ကြီးတစ်ခုကို တိုက်ခိုက်ဖို့ ကြံစည်နေတယ် ဆိုတာကို ယုံကြည်စိတ်ချရတဲ့ နိုင်ငံခြား သတင်းရပ်ကွက်ကနေ သိထားရတယ်လို့ သူက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို အီစတာပွဲတော်နေ့ မတိုင်ခင် အိန္ဒိယ ထောက်လှမ်းရေး အဖွဲ့ထံက သတိပေးချက်တွေကို သီရိလင်္က࿿ာ အာဏာပိုင်တွေ ရခဲ့ကြပေမဲ့ ရဲနဲ့ လုံခြုံရေး အဖွဲ့တွေက အရေးယူတာမျိုး မလုပ်ခဲ့ကြပါဘူး။
ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား ခဲ့တဲ့ အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ၂၅၇ ဦးထဲမှာ နိုင်ငံခြားသား ၄၂ ဦး ပါဝင်ပါတယ်။
အခုအခါ သီရိလင်္က࿿ာနိုင်ငံ တဝန်းမှာ ဟိုတယ်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုရားစေတီတွေနဲ့ မွတ်ဆလင် ဗလီကျောင်းတွေ အပြင်ဖက်မှာ လက်နက်ကိုင် အစောင့်တွေ ချထားပါတယ်။
အီစတာပွဲတော်နေ့ တိုက်ခိုက်မှုမှာ အဓိက ပါဝင်ခဲ့သူ အများစုကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်သလို တချို့လည်း သေဆုံးခဲ့ပြီ ဖြစ်ပေမယ့် ပူးပေါင်း ကြံစည်သူတချို့ လွတ်နေဆဲပဲလို့ သီရိလင်္က࿿ာ ဝန်ကြီးချုပ် ရာနီလ် ဝီကရီမာဆင်ဂါက ပြောပါတယ်။
ကိုလမ်ဘိုမြို့မှာ ရှိတဲ့ တံတား အတော်များများနဲ့ မိုးပျံတံတားတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်တဲ့အတွက် လုံခြုရေးတွေ တိုးမြှင့်ချထားပါတယ်။


နောက်ဆုံးပို့ဆောင်ဖို့
လာကြိုသည့်သူနှင့်အတူ..
မိန်းကလေးတစ်ယောက်
သေဆုံးသွားသည်။
သူ ... ဒါကို သတိထားမိတဲ့အချိန်
သေမင်းဟုယူဆရသည့်
ဝတ်ရုံနက်ခြုံထားသောလူကြီးက
သူ့ဘေးရောက်နှင့်နေပြီ။
လက်ထဲမှာလည်း
တစ်ဖက်က သူကိုင်နေကျ
တူရွှင်းအရှည်ကြီးနှင့်။
နောက်တစ်ဖက်မှာ
လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။
သေမင်းက ...ထိုမိန်းကလေးကို
ပြောသည်၊
"လာ ... ကလေးမလေး သွားဖို့
အချိန်တန်ပြီ"
မိန်းကလေး -
"ဟင် ... မြန်လိုက်တာ ...
သမီးမှာ လုပ်စရာ အစီအစဉ်တွေ
အများကြီးကျန်သေးတယ်"
သေမင်း -
"တကယ်စိတ်မကောင်းပါဘူး။
အချိန်မရှိတော့လို့ပါ ..."
မိန်းကလေး -
"ဦးလက်ထဲက သေတ္တာထဲမှာ ...
ဘာတွေထည့်ထားတာလဲ?"
သေမင်း -
"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"
မိန်းကလေး -
"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ?
ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊
ရွှေတွေ ငွေတွေကိုလား ..."
သေမင်း -
"အဲဒီဥစ္စာတွေက
မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ...
အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"
သေမင်း -
"မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ ပညာလား"
သေမင်း -
"ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"
သေမင်း -
"မဟုတ်ဘူး... မိတ်ဆွေတွေက
မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့
ဧည့်သည်တွေ"
မိန်းကလေး -
"ဒါဆို သမီးရဲ့ ချစ်သူ လား"
သေမင်း -
"မဟုတ်ဘူး ... သူက
မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ"
မိန်းကလေး -
"ဒါဆို ကျိန်းသေပြီ၊
အထဲထဲမှာ သမီးရဲ့
ခန္ဓာကိုယ်ပဲဖြစ်ရမယ်"
သေမင်း -
"ဟင့်အင်း ...
ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ"
မိန်းကလေး -
"ဒါဆို နောက်ဆုံးဖြစ်တဲ့
သမီးရဲ့ဝိညဉ်လား"
သေမင်း -
"သနားစရာကောင်းတဲ့
မိန်းကလေးရယ် ...
မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"
မိန်းကလေး မျက်နှာမှာ
အကြောက်တရားတွေနဲ့
ပြည့်လာနေခဲ့ပြီး
ဇောချွေးပြန်လာသည်။
သူ မစောင့်နိုင်တော့ဘဲ
သေမင်းလက်ထဲက သေတ္တာလေးကို
ဆွဲယူဖွင့်လိုက်သည်။
အထဲမှာ ဘာမှ မပါ၊
ဗလာနတ္တိဖြစ်နေသည်။
သူ အသည်းကွဲသွားသည်။
မျက်ရည်အပြည့်နဲ့
သေမင်းကို မေးလိုက်သည်။
မိန်းကလေး -
"သမီး ဘယ်တုန်းကမှ ...
ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ
ဟုတ်သလား ..."
သေမင်း -
"ဟုတ်တယ် ...
မင်း ဘယ်တုန်းကမှ
ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"
မိန်းကလေး -
"ဒါဆို ဘယ်အရာက ...
သမီးနဲ့ ဆိုင်ခဲ့သလဲ ..."
သေမင်း -
"မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊
မင်း အသက်ရှိစဉ်အခါက
မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
မင်းပိုင်ဆိုင်ခဲ့တယ်၊
လူဘဝဆိုတာ
မျက်တောင် တစ်ချက်ခတ်တိုင်းမှာ
ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။
မှတ်ချက် ။ ။
သေမင်းသည် သင်တို့ထင်ခဲ့သလို
ကြောက်မက်ဖွယ်ရာ
ကောင်းသောသူမဟုတ်ပါ၊
သင့်ရဲ့ နောက်ဆုံးခရီးကို
လိုက်လံပို့ဆောင်ဖို့
လာကြိုသည့် သူသာပင်။
သင့်ရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
ကောင်းကောင်း တန်ဖိုးထားပါ။
အသက်ကို တန်ဖိုးထားပါ။
အသက်မှာ ပျော်ရွှင်ပါ။
အသက်ကို ရှင်သန်ပါ။
သေမင်းသေတ္တာထဲမှာ
ထည့်သွားနိုင်တဲ့ ...
ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။
Credit
လေးစားစွာဖြင့်…………
ဇော်လှိုင်းထက်{တကောင်းသား}


အိန္ဒိယအရှေ့မြောက်ပိုင်းသည် မြန်မာနှင့် ဘင်္ဂ္လားဒေ့ရှ်ကြား မူးယစ်မှောင်ခိုလမ်းကြောင်းဖြစ်လာ


မြန်မာနိုင်ငံတွင် ချက်လုပ်ဖော်စပ်သော မူးယစ်ဆေးဝါးများသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ဘင်္ဂ္လားဒေ့ရှ်သို့ ပိုမိုဝင်ရောက်လာခြင်းအတွက် ဘင်္ဂ္လားဒေ့ရှ်တွင် သတိပေးချက်များ ထွက်ပေါ်ခဲ့သည်။
မြန်မာပြည်မှ ရောက်လာသော ယာဘ မူးယစ်ဆေးဝါးများ ဆယ်ဟတ် မြို့တွင် ဖမ်းမိကာ၊ အဆိုပါ ဆေးဝါးများသည် အိန္ဒိယကို ဖြတ်ကာ ရောက်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး အာမက်ယူဆွတ်ဂျမေးလ်က ဧပြီလအတွင်းက မီဒီယာများကို ဘင်္ဂ္လားဒေ့ရှ်တွင် ပြောကြားခဲ့သည်။
ဘင်္ဂ္လားဒေ့ရှ်သို့ ပို့မည့် ယာဘများ အိန္ဒိယတွင် ကြိုကြားကြိုကြား ဖမ်းမိလာခဲ့ပြီးနောက် အိန္ဒိယပြည်နယ်များ ဖြစ်သော ထရီပူရ၊ အာသံ နှင့် မီဂါလာယာ တို့တွင် ဝင်ပေါက်များ ရှိနေကြောင်း ပြသနေသည်။
ယာဘ ဟုခေါ်သော အရောင်တောက် ဓါတုဆေးပြားသည် မီသာဖက်တမင်း နှင့် ကဖိန်း တို့ကို ရောစပ်ထားခြင်း ဖြစ်ကာ ဂျပန်တွင် အကီရာအိုဂါတာ ဟု အမည်ရသော ဂျပန်ဓါတုဗေဒသမားတစ်ဦးက ၁၉၁၈ ခုနှစ်တွင် အမြောက်အများ စတင် ထုတ်လုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဘက်တွင် ယာဘထုပ်လုပ်စခန်းများသည် တရုတ်နယ်စပ် ရှမ်းပြည်နယ်တွင် ရှိပြီး ဝပြည်တပ်မတော် (UWSA) က ထိန်းချုပ်နယ်မြေဖြစ်ကာ အဆိုပါ လက်နက်ကိုင်အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခဲ့သည်။
ယာဘချက်သည့် စခန်းများသည် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းများတွင်ပါ ပေါ်ပေါက်လာခဲ့သည်ဟု သတင်းအချက်အလက်များက ဖော်ပြထားသည်။
အိန္ဒိယအရှေ့မြောက်ပိုင်းသည် ဘင်္ဂ္လားဒေ့ရှ်နှင့် ၁၈၈၀ ကီလိုမီတာ ရှည်လျားသော နယ်စပ်ရှိကာ တောင်ကုန်းတောင်တန်းများ၊ လွင်ပြင်များ၊ မြစ်များ ရှိပေရာ လုံခြုံရေး စစ်ဆေးရသည်မှာ နှစ်ဖက်လုံးအတွက် အလွန်အမင်း ခက်ခဲပေသည်။
ပြီးခဲ့သည့် ၃နှစ်အတွင်းက မူးယစ်ဆေးဝါးများသိမ်းဆည်းရမိချက်အရ အိန္ဒိယအရှေ့မြောက်ပိုင်းမှ လမ်းကြောင်းနှစ်ခုဖြင့် မြန်မာမှသည် ဘင်္ဂ္လားဒေ့ရှ်သို့ ပို့နေကြောင်း သိရှိနိုင်သည်။
မီဇိုရမ် ပြည်နယ်ကို ချန်ဖိုင်မြို့ကို ဖြတ်ကာ အိန္ဒိယ- ဘင်္ဂ္လားဒေ့ရှ်နယ်စပ်သို့ လာနေသည့် လမ်းကြောင်းက သယ်ပို့မှု ပိုမိုများသည်ဟု ဆိုထားသည်။
“ချန်ဖိုင်မြို့ဟာ တီးတိန်၊ မန္တလေး စတဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေနဲ့ အချိတ်အဆက်ရှိပါတယ်။ ဘင်္ဂ္လားဒေ့ရှ်ကို ဒီမူးယစ်ဆေးဝါးတွေ ရောက်လာနိုင်ချေကို ထည့်မတွက်ဘဲနေလို့ မရပါဘူး” ဟု ရဲမင်းကြီး တီဆေလိုက ပြောကြားသည်။
နောက်လမ်းကြောင်း တစ်ခုဖြစ်သော မဏိပူရ ပြည်နယ်လမ်းကြောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဆက်စပ်လျက်ရှိသည်။
မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ထိန်းချုပ်ရန် ဆောင်ရွက်နေသော်လည်း မြန်မာဘက်က လာနေသည့် လမ်းများကို မပိတ်ဆို့နိုင်ပေ။ ဘင်္ဂ္လားဒေ့ရှ် ကောက်ဘဇားဒေသတွင် လမ်းကြောင်းများစွာ ပွင့်နေဆဲဖြစ်ပြီး သောင်းပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်များ ရှိနေရာ ဒေသဖြစ်၏။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်မှာလား အပါအဝင် တပ်က ရှင်းတဲ့ စိတ်ဝင်စားဖွယ် ၄ ချက်

ယနေ့ ၂ နာရီ၊ နေပြည်တော်၌ တပ်မတော်က ကျင်းပသည့် သတင်းစာရှင်းလင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်မဝငအပါအဝင် စိတ်ဝင်စားဖွယ်ရာ ရှင်းလင်းချက်များကို Myanmar Now က ရွေးချယ် တင်ပြလိုက်ပါသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌဌ ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ သုံးဦးက ရှင်းလင်းခြင်း ဖြစ်သည်။
၁။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်မှာလား
ထို သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက် တစ်ဦးက တပ်မတော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ဝင်ပြိုင်မည်လားဟု မေးမြန်းသည့်အပေါ် သတင်းစာရှင်းလင်းသူ တပ်မတော်အရာရှိမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ခုနှစ် ပုဒ်မ ၃၆၉ ဃ ပြဌာန်းချက်အရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် တင်သွင်းခွင့်ရှိကြောင်းနှင့် လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံနိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။
၂။ တပ်မတော်က ပြည်သူများ၊ မီဒီယာများကို တရားစွဲနေသည့်ကိစ္စ
နိုင်ငံသားများ အကျိုးဆောင်ရွက်နေသည့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းရန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အထင်အမြင် မှားအောင် ဆောင်ရွက်သည့် ကိစ္စများတွင် တပ်မတော်က နစ်နာသည်ဟု ယူဆသည့် မည်သူ မဆို နီးစပ်ရာ တရားဥပဒေ စိုးမိုးရေးဌာနများဖြစ်သည့် ရဲစခန်းတွင် တိုင်တန်းနိုင်သလို တရားရုံးများတွင် လျှောက်ထားနိုင်ကြောင်း သတင်းစာရှင်းလင်းသူများက ပြောကြားခဲ့သည်။ တရားသူကြီးက လက်ခံဆုံးဖြတ်ရန် လိုအပ်ကြောင်း ယူဆပါက လက်ခံလိမ့်မည် ဖြစ်ပြီး တရားစီရင်ရေးပိုင်းတွင် တပ်မတော်က ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု ဆိုသည်။ တရားသူကြီးက ဆင်ခြင်တုံတရားနှင့် အမှုစီရင်ဆုံး ဖြတ်မည်ဟု ဆိုသည်။
၃။ ပြင်ဦးလွင်မှာ တပ်က ခြံခတ်သည့် ကိစ္စ
တပ်မတော်က နို့်စားမွေးမြူရေးဆောင်ရွက်ရန် မြင်းမူခရိုင် ဇီးပင်ကြီးမြို့နယ် ထုံးဖိုကြီးနေရာရှိ ဧက ၁၃၂.၈၂ ကျယ်ဝန်းသော မြေကို ထောက်ပံ့နှင့် သယ်ယူပို့ဆောင်ရေးတပ်ရင်းက ခြံစည်းရိုးခတ်ရာတွင်လည်း တောင်သူဆိုသူများမှ ဆန္ဒပြကာ ကိုယ်ထိလက်ရောက် ပြုမူဆောင်ရွက်ခြင်းများ ရှိကြောင်း လည်း သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ တကယ်တမ်းတွင် အဆိုပါမြေ၌ ကျူးကျော် နေထိုင်သူများသာ ရှိပြီး ပြဿနာဖြစ်အောင် မြောက်ပင့်ပေးနေသည့် မြေပွဲစားများနှင့် လက်ညှိုးထိုး ရောင်းစားနေသည့် သူများ ပါဝင်ကြောင်း ဆိုသည်။ ပိုင်ဆိုင်မှုများကို တရားဝင် စိစစ်ရာတွင် မဟုတ်ကြောင်းတွေ့ရသဖြင့် ကိုယ်ထိလက်ရောက် ဆောင်ရွက်သူများအပါအဝင် မမှန်မကန် စွပ်စွဲသူများကို တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ပြောသည်။
ယင်းမြေများကို တပ်မတော်က ပိုင်သည်ဟုဆိုကာ ၂၀၁၂ခုနှစ်မှစတင်ကာ တောင်သူများ ခတ်ထားသည့် ခြံစည်းရိုးများကို မြေကြီးတူးသည့်ယာဉ်များနှင့် အကြိမ်ကြိမ် လာရောက်ဖျက်စီးသဖြင့် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများကို တွေ့ဆုံတိုင်ကြားထားသော်လည်း ဧပြီလ ၂၉ ရက်တွင် ခြံစည်းရိုး လာခတ်ခြင်းခံရကြောင်း ဒေသခံတောင်သူများက Myanmar Now ကို ပြောကြားထားသည်။
တပ်၏ သတင်းစာရှင်းလင်းပွဲတွင်မူ ၁၉၉၃ ခုနစ်ကတည်းက ゞင်းတို့ ပိုင်ဆိုင်ကြောင်း ဆိုသည်။
၎။ ရခိုင်ပြည်နယ်အတွက် မှတ်ချက်
လတ်တလော ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာဖြစ်ပေါ်နေသည့် အရပ်သားများ ဖမ်းဆီးခံရမှု၊ သေဆုံမှုများနှင့် ပတ်သက်ပြီး တပ်မတော်က အဓိကထားဖြေရှင်းသွားသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားသည့် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ဖမ်းဆီးစစ်ဆေးမှုများ၊ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး အဆိုပါရွာသားများထဲတွင် ရက္ခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များပါဝင်ကြောင်းနှင့် ဧပြီလအတွင်းက မြောက်ဦးမြို့နယ် ရဲတပ်ရင်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်များတွင် ဖမ်းဆီးခံရသည့် လက္ကာရွာသား ၂၇ အယောက်၏ အကြောင်းကိုလည်း ရှင်းလင်းသွားသည်။ တပ်မတော်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲများတွင် အသုံးပြုနေကျစကားလုံးဖြစ်သော ရခိုင်ဒေသမှာ အဖြူရောင်ဒေသဖြစ်သည်ဆိုသည့် စကားကို ထပ်မံသုံးစွဲသွားပြီး ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွက် ရက္ခိုင့်တပ်တော် AA ကို အပြစ်တင်သည်။ ရက္ခိုင့်တော် AA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအရေအတွက်များနှင့် နေရာများကို ထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ လုံးဝစိတ်ချရသည့် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောဆိုသည်။


အမေရိကန် နိုင်ငံရေးသမားအချို့၏ အကောင့်များကို ဖေ့စ်ဘွတ်ခ် တားမြစ်

ဖေ့စ်ဘွတ်ခ်ကော်ပိုရေးရှင်းဟာ လက်ယာစွန်းဝါဒီ ရေဒီယိုအစီအစဉ် တင်ဆက်သူ အဲလက်စ်ဂျုံးစ်နဲ့ တခြား အမေရိကန် နိုင်ငံရေးသမားတချို့ရဲ့ အကောင့်တွေကို တားမြစ်ခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဖေ့စ်ဘွတ်ခ်အကောင့် ဖယ်ရှားခံရသူတွေထဲမှာ အစီအစဉ်တင်ဆက်သူတွေ ဖြစ်တဲ့ မိုင်လို ယင်နာပိုလစ်၊ လော်ရာ လွန်းနားနဲ့ ပေါလ် ဂျိုးဆက် ဝပ်ဆင်တို့ ပါဝင်ပြီး ဖေ့စ်ဘွတ်ခ်က သူတို့ဟာ “အန္တရာယ်ရှိ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများဆိုင်ရာ မူဝါဒတွေ” ကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ဟာ ၂၀၁၈ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ လူဖြူကြီးစိုးရေးဝါဒီ ပေါလ်နယ်လန်နဲ့ လူမည်းခွဲထွက်ရေးဝါဒ ဟောကြားသူ Nation of Islam ခေါင်းဆောင် လူးဝစ် ဖာရ်ခန်တို့ရဲ့ အကောင့်တွေကိုလည်း ဖယ်ရှားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ တားမြစ်လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပေ့ခ်ျတွေ၊ ဂရုပ်တွေနဲ့ events တွေကို သူ့ရဲ့ ပင်မ ဆိုရှယ်နက်ဝါ့ခ်နဲ့ အင်စတာဂရမ်မှာပါ ဖယ်ရှားမှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုနဲ့ အမုန်းတရား ပြန့်ပွားရေးလုပ်တဲ့ ဘယ်သုံးစွဲသူကိုမဆို တားမြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။
အဲဒီအကြမ်းဖက်မှုနဲ့ အမုန်းတရား ပြန့်ပွားရေး လုပ်တဲ့ အကောင့်တွေကို မဖယ်ရှားခင် ဖေ့စ်ဘွတ်ခ်က follower တွေ တခြား ဆိုရှယ်မီဒီယာကို ပြောင်းလဲအသုံးပြုဖို့ရာ အကောင့်ပိုင်ရှင်တွေကို အချိန်ပေးပြီးမှ တားမြစ်ချက်ကို ကြေညာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။