၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လူထုထောက်ခံပွဲကို ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ် (၃၆)ရပ်ကွက် ဘောလုံးအားကစား ကွင်း၌ မေ ၅ ရက် ညနေ ၄နာရီတွင် ပြုလုပ်ခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးထောက်ခံပွဲကို မြို့နယ်နေ ပြည်သူ အင်အား ၁၀၀၀ ကျော်ဖြင့် ထောက်ခံခဲ့ ကြပြီး ပန်းရဲ့လမ်းတေးဂီတအဖွဲ့၏ ဖျော် ဖြေမှုများ၊ စာရေးဆရာထင်လင်းဦး၊ စာရေးဆရာ သဲအောင်၊ စာရေးဆရာ မာန်(တောင်လုံးပြန်)၊ဥပဒေပညာရှင် ဒေါင်းမာန်ဟုန်တို့က ဟောပြောခဲ့ကြသည်။
အဆိုပါထောက်ခံပွဲတွင် စာရေးဆရာ ထင်လင်းဦးက''ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပြင်ဖို့ အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ ဒီလိုမျိုးတွေမဖြစ်ရအောင် မကြာခင်မှာဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဟောဒီနိုင်ငံက ဟောဒီမြို့နယ်က သူတွေ ပြည်သူလူထုနဲ့အတူ နေပူရုံမက မီးပုံထဲဖြတ်လျှောက်ရမယ်ဆိုလည်း ဖြတ်လျှောက်ဖို့ သတ္တိမွေးထားကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်''ဟု ပြောကြားသည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ''နိုင်ငံအနာဂတ်လှပရေး ၂၀၀၈ ခြေ/ဥ ပြင်ဆင်ပေး''၊ ''၂၀၀၈ အခြေခံဥပဒေပြင်ဆင်ပေး''ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။
''အခြေခံဥပဒေပြင်ဆင်ရေးသည် ကျွန်မတို့ နိုင်ငံသားအားလုံးရဲ့ အထူးလိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ လိုလားတောင့်တမှုအရ ကျွန်မတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက်လိုက်တဲ့ ကျွန်မတို့ရဲ့ NLD အစိုးရကနေပြီးတော့ ပြည်သူ့အစိုးရအနေနဲ့ ရောက်ရှိလာခဲ့တာသုံးနှစ်ကာလကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ကျွန်မ တို့ပြည်သူတွေရဲ့ လိုလားချက်အရ လွှတ်တော်တွင်းမှာ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာ သုံးနှစ်အတွင်းမှာ လက်တွေ့မြင်နေရပြီဖြစ်တယ်။ ကျွန်မတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းမှာလုပ်နေတဲ့ ထောက်ခံပွဲတိုင်းဟာ မည်သူရဲ့ ဖိအားပေးမှုကြောင့် လုပ်နေခြင်း မဟုတ်ဖူး။ ပြည်သူတွေရဲ့ ပြည်သူ့ဆန္ဒကို အစစ်အမှန်ထုတ်ဖော်တဲ့ ရည်ရွယ်ချက်ကြောင့် ယနေ့လိုမျိုး အခမ်းအနားတွေ ပြုလုပ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြည်သူတွေနဲ့ အတူ ပြောခြင်းဖြစ်ပါတယ်။ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် သူတို့ဘက်က ကြိုးစားလာတယ်။ ကြိုးစားလာတဲ့အပေါ်မှာ ကျွန်မတို့က သူတို့ရဲ့ ကြိုးစားမှုကိုထောက်ခံဖို့အတွက် ပြည်သူတွေရဲ့ အင်အားနဲ့ ဒီလိုပွဲတွေကို စဉ်ဆက်မပြတ် ထုတ်ဖော်သွားဦးမှာပါ''ဟုထောက်ခံပွဲတွင် ပါဝင်သူ မခင်စုစုလှိုင်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲများကို ရန်ကုန်တိုင်းဒေသကြီးအပါအ၀င်ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးတွင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment