မနေ့ကလုပ်တဲ့ Myanmar Offshore Summit မှာဆွေးနွေးကြတာတွေကို မျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၀ ၀န်းကျင် အင်ဒိုနီးရှားရေနံစာချုပ်တွေပေါ်အခြေခံခဲ့တဲ့ PSC ၊ ခေတ်ကာလအခြေအနေတွေ မတူတော့ သူတို့ပုံစံပြောင်းရပြီ။ ရှားပါးလာတဲ့ရေနံသိုက်၊ ကြီးမားလာတဲ့ရှာဖွေရေးစရိတ်၊ စွန့်စားရမှုများလာတဲ့ ရေနံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသူတွေဘက်ကို အခွင့်ရေးပေးလာရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြုပြင်သင့် တာတွေ ဆွေးနွေးခဲ့ပါတယ်။ ကိုယ့်စာချုပ်တွေကို လက်ရှိအခြေအနေနဲ့ကိုက်ညီဖို့ ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင် နိုင်ဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။ ဒါကိုဂရုမစိုက်ရင် ကိုယ့်ဆီမှာရင်းနှီးမြှုပ်နှံမှုကျဆင်းသွားမှာပါပဲ။
ရေနံရှာဖွေဖို့ခက်ခဲလာတဲ့အခါမှာ ဘယ်လိုနည်းစနစ်တွေနဲ့ ထုတ်လုပ်မှုစရိတ်အနည်းဆုံးဖြစ်မလဲ စဉ်းစားရ တယ်။ Marginal Field တွေမှာ ဘယ်လိုထုတ်နေတယ်ဆိုတာကို အိန္ဒိယရေနံကုမ္ပဏီကရှင်းပြသွားပါတယ်။ ကိုယ့်တိုင်းပြည်အတွက်အတုယူသင့်တဲ့ကိစ္စပါပဲ။
Local Content လို့ခေါ်တဲ့ ကိုယ့်ဆီကလူတွေကို ပူတွဲလေ့ကျင့်ပေးဖို့ကိစ္စ။ ရေရှည်မှာ ကိုယ်တိုင်သူများနဲ့ တန်းတူလုပ်နိုင်ကိုင်နိုင်ဖို့ ဆွေးနွေးပြသွားတဲ့ Spectrum က ဒါရိုက်တာရဲ့ တင်ပြချက်တွေက အလွန်အတုယူ လိုက်နာသင့်တာတွေပါပဲ။ ကိုယ့်တိုင်းပြည်က ပညာရှင်တွေအတွက် အချိန်တစ်ခုသတ်မှတ်ပြီး တိကျတဲ့ မူ တစ်ခု ချဖို့လိုနေတာကိုသတိပြုမိပါတယ်။ အမြဲသူများအားကိုးနေဖို့မဖြစ်နိုင်ပါ။ တကယ်အရေးကြုံလာမှ ဘယ်သူ့အားကိုးရမှန်းမသိတဲ့အဖြစ်မရောက်စေ့ချင်ပါဘူး။ တာဝန်ရှိသူတွေသတိပြုစေချင်ပါတယ်။
ရေနံဥပဒေရေးဆွဲခြင်းနဲ့ပတ်သက်ပြီး တကယ်ပြဌာန်းသင့်တာ၊ လက်တွေ့လုပ်ကိုင်ဖို့အဆင်ပြေနိုင်တာ၊ ဥပဒေ အနေနဲ့ထည့်မဆွဲသင့်တာ၊ လုပ်ငန်းသဘာဝကို သေသေချာချာနားလည်ပြီး ပြင်ဆင်ပြဌာန်းသင့်တာတွေ ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။ အခွန်အခနဲ့ပတ်သက်လို့လည်း ဖြစ်သင့်ခြင်းရှိမရှိ လုပ်ငန်းအလိုက်ပြုပြင် စဉ်းစား သင့်တာတွေကို ထောက်ပြကြပါတယ်။ ရေနံလုပ်ငန်းဆိုတာ စွန့်စားရမှုများတဲ့အလုပ်ပါ။
တကယ်တော့ ရေနံလုပ်ငန်းဟာ အပြင်လောကမှာ သိပ်ကိုပြောင်းလဲတိုးတက်နေခဲ့ပါပြီ။ ကုန်ကုန်ပြောရရင် MOGE တစ်နေ့ရေနံစည် ၆၀၀၀ ကျော်လောက်ထုတ်နေချိန်မှာ၊ အပြင်လက်ယက်တွင်းလုပ်ငန်းက တစ်နေ့ စည် ၁၀၀၀၀ လောက်ထွက်ပြီး ကုန်ကျစရိတ်လည်းအလွန်ကွာဟနေတယ်ဆိုတာ သတိပြုရမှာပါ။ ပုဂ္ဂလိက ရေနံကုမ္ပဏီတွေက ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုကိုအလေးထားပြီး ခေတ်မီနည်းစနစ်တွေ ပစ္စည်းကရိယာတွေ သုံးနေကြတဲ့အချိန်မှာ ကိုယ်က အဟောင်းအနွမ်းတွေနဲ့ စခန်းသွားနေရရင် ဘယ်လိုမှ ရှေ့ရောက်နိုင်မှာ မဟုတ် ပါဘူး။ မချိုးမညီတဲ့ ၀င်ငွေနဲ့ ရေနံလုပ်ငန်းလို ငွေကြေးအလွန်ကုန်ကျခက်ခဲတဲ့အလုပ်ကို လုပ်ဖို့မလွယ်ပါဘူး။
ငွေကြေးလည်းမတတ်နိုင်၊ လူတွေရဲ့ကျွမ်းကျင်မှုနဲ့ နည်းပညာလည်း မလိုက်နိုင်ဆိုရင် တဖြည်းဖြည်း အစိုးရ ရေနံလုပ်ငန်းက နောက်ကျကျန် နေခဲ့မှာပဲဖြစ်ပါတယ်။ တစ်ချိန်က ဘယ်လိုပဲ အရှိန်အ၀ါကြီးခဲ့တယ်ဆိုပေမယ့် အခုချိန်မှာ အလွန်နောက်ကျနေခဲ့ပါပြီ။ ဒါကိုအမြန်ပြန်ပြုပြင်နိုင်ဖို့ စဉ်းစားပေးကြရမှာပါ။ BOC, IBP, MOC ခေတ်အဆက်ဆက်မှာ ရေနံဆိုတာ ထိပ်ဆုံးမှာရှိနေခဲ့တာပါ။ အင်္ဂလိပ်ရဲ့ နည်းစနစ်တွေနဲ့ အလွန်စနစ်တကျ ရှိခဲ့တာပါ။ ကိုယ့်ခေတ်မှာ အောက်ဆုံးရောက်မသွားဖို့ ကျနော်တို့အားလုံးတာဝန်ယူကြရပါလိမ့်မယ်။
ကိုယ့် ဌာနထဲမှာတင် နေ့စဉ်အလုပ်တွေကြားမှာ မေ့မေ့လျော့လျော့အချိန်ကုန်မသွားစေ့ချင်ပါဘူး။ ကျနော်တို့ အပြင် လောကကို ထွက်ကြည့်ကြရပါလိမ့်မယ်။ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးရပါလိမ့်မယ်။ နားထောင်ကြ ရပါလိမ့်မယ်။ စိတ်ကောင်းစေတနာတွေနဲ့ ကိုယ့်ရေနံလုပ်ငန်းကို ပြန်လည်ဦးမော့်ဖို့ ကြိုးစားရပါလိမ့်မယ်။ ခိုင်းတာလုပ် ပေးတဲ့အမိန့်အတိုင်းတာဝန်ကျေရုံနဲ့ မဖြစ်နိုင်တော့ပါဘူး။
ဝန်ထမ်းဘ၀ကို ကိုယ်တိုင်လည်းကြုံခဲ့ရတာမို့ အခက်အခဲတွေရှိနိုင်ပါတယ်။ သို့ပေမယ့် ခေတ်ကာလတွေ တကယ်ပြောင်းနေပြီမို့ ကိုယ့်ဘက်ကလည်း အမှန်ပြုပြင်ပြောင်းလဲသင့်ပါပြီ။ ကျနော်တို့ ကိုယ့်ရေနံလုပ်ငန်း တိုးတက်စေ့ချင်တာအမှန်ဟုတ်မဟုတ် ကိုယ်တိုင်မေးကြည့်ရမှာပါ။ ပြောင်းလဲခြင်းဆိုတာနောက်ကျတယ် မရှိပါဘူး။ ပြောင်းချင်စိတ်ရှိဖို့သာအဓိကပါ။
လုပ်ငန်းတစ်ခုဆိုတာ ဘာအရွေ့မှမရှိရင် တိုးတက်တယ်မခေါ်နိုင်ပါဘူး။ အရွေ့တစ်ခုဖန်တီးကြစေချင်ပါပြီ။
ကျနော်တို့အားလုံး ကိုယ့်တိုင်းပြည်အတွက် ကိုယ်ရေနံလုပ်ငန်း အတွက် အမြန်ပြောင်းလဲကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
ကျနော်တို့အားလုံး ကိုယ့်တိုင်းပြည်အတွက် ကိုယ်ရေနံလုပ်ငန်း အတွက် အမြန်ပြောင်းလဲကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
Credit - UThan Tun