ကိုယ်ပိုင်ဂြိုဟ်တု (EOS) လွှတ်တင်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံတက္ကသိုလ်တို့ ဆွေးနွေးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် စတင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေ
ကိုယ်ပိုင်ဂြိုဟ်တု Earth Observation Satellite (EOS) လွှတ်တင်နိုင်ရန်အတွက် ဂျပန် ဟော်ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ ပူးပေါင်း ဆွေးနွေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်တွင် စတင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောကြားသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ မေ ၁၃ ရက်က နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာ ဂြိုဟ်တုစနစ်၏ တတိယအဆင့်ဖြစ်တဲ့ ကိုယ်ပိုင်ဂြိုလ်တု Earth Observation Satellite (EOS) လွှတ်တင်ရေးကိုလည်း ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ လာမယ့် ၂၀၁၉ -၂၀၂၀ လောက်ဆိုရင်တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်”ဟု ဦးဝင်းခန့်က ပြောကြားသည်။
မြန်မာဂြိုဟ်တုစနစ် တည်ထောင်ရေး ပထမအဆင့် Condosat စနစ်အတွက် MyanmarSat 1 Condosat ဂြိုဟ်တုကို Intelsat Satellite Operator ထံမှ ဂြိုဟ်တုချန်နယ် ၃၆၀ မဂ္ဂါဟတ်ဇ်ကို ၂၇-၅-၂၀၁၆ ရက်မှစ၍ ငါးနှစ်စာချုပ် ချုပ်ဆို ငှားရမ်းခဲ့ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ဒုတိယအဆင့် အချိုးကျ ပိုင်ဆိုင်မှုစနစ် ဆောင်ရွက်ရန်အတွက် Intelsat Satellite Operator မှ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် လွှတ်တင်မည့် ဂြိုဟ်တု၌ IRU (Indefeasible Right of Use) ရင်းနှီးမြုပ်နှံမှု ထည့်ဝင်၍ Myanmar Sat 2 အဖြစ် ပါဝင်ကာ ဂြိုဟ်တုချန်နယ် ၈၆၄ မဂ္ဂါဟတ်ဇ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာမှစ၍ ဂြိုဟ်တုသက်တမ်း ကုန်သည်အထိ ၁၅ နှစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ တတိယအဆင့် ဖြစ်သည့် ကိုယ်ပိုင်ဂြိုလ်တု Earth Observation Satellite (EOS) လွှတ်တင်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
ဦးဝင်းခန့်က “ဆက်သွယ်ရေးကဏ္ဍဍ အနေနဲ့ကတော့ ၂၀၁၄ ခုနှစ်က စပြီးတော့မှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာခဲ့ပြီးတော့မှ ၂၀၁၆ ခုနှစ်မှာ လူဦးရေ ၅၁ ဒသမ ၄၈ သန်းလောက်မှာ တယ်လီဖုန်း သိပ်သည်းဆ ၈၆ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ အခုအခါမှာ ၅၄ ဒသမ ဝ၇၄ သန်းမှာ တယ်လီဖုန်း သိပ်သည်းဆ ၉၉ ဒသမ ၅၇ ရာခိုင်နှုန်း ထိအောင် တိုးတက်လာပါပြီ။ ကျွန်တော်တို့ လူဦးရေအရ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုအနေဖြင့် မြန်မာလူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၆ ခုနှစ်မှာ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၀ဝ၀ဝ လောက် ရှိခဲ့ပါတယ်။ အခုဆိုလို့ရှိရင် ၂၀၉၆၄ ဆိုတာ နှစ်ဆကျော်လောက် တိုးချဲ့ပြီးတော့မှ တာဝါတိုင်တွေ တည်ဆောက်နိုင်ခဲ့ပါတယ်”ဟု ပြောကြားသည်။
အင်တာနက် သုံးစွဲသူ အနေဖြင့် ၂၀၁၆ ခုနှစ်က လူဦးရေ၏ ၅၅ ဒသမ ၄၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ လက်ရှိတွင် ၈၂ ဒသမ ၅၆ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ Fiber Cable ချခင်း ဆောင်ရွက်မှုအနေဖြင့် ဖိုင်ဘာလမ်းကြောင်း ၆၈၁၃၀ ကီလိုမီတာ ခွင့်ပြုထားပြီး ၄၉၄၅၂ ကီလိုမီတာ ဆောင်ရွက်ထားကြောင်း၊ အပြည်ပြည်ဆိုင်ရာ Band-width ချိတ်ဆက် ဆောင်ရွက်မှုအနေဖြင့် ယခင်က ၅၅ Gbps ရှိခဲ့ရာမှ လက်ရှိတွင် စုစုပေါင်း ၆၁၄ ဒသမ ၃၀ Gbps ရှိပြီဖြစ်ကြောင်း သိရသည်။