Tuesday, January 8, 2019

ကြွေးကြော်သံတွေနဲ့ ရခိုင်ပြည်ရဲ့ ပြဿနာ (အပိုင်း - ၁)



ရခိုင်ပြည်ရဲ့ စီးပွားရေး အကြပ်အတည်းလာခြင်း
--------------------------------
မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ အထွက်ဆုံးပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်သည် လက်ရှိပကတိတွင် အဆင်းရဲဆုံးနဲ့ မူးယစ်ဆေးဝါး အထွန်းကားဆုံးပြည်နယ်ဖြစ်နေသည်။ ထို့အပြင် ကျောက်ဖြူမြို့၏ ရေပိုင်နက်ကို ကမ္ဘာ့ရေနက်ဆိပ်ကမ်းအဖြစ် တရုတ်ကို ရောင်းထားသလို စစ်တွေမြို့၏ ရေပိုင်နက်ကို အိန္ဒိယကို ရောင်းစားထားကာ လူသူမသိဘဲ တောင်ကုတ် နေပူတောင်ကို ဗီယက်နမ်သို့ မြန်မာအစိုးရအနေဖြင့် ရောင်းစားထားပါသည်။
နဝတ၊ နအဖ စစ်အာဏာရှင်တလျှောက်လုံးလည်း ရခိုင်ပြည်မှ မြေပေါ် မြေအောက် သယံဇာတများကို နိုင်ငံခြားကို တင်ပို့ရောင်းချပြီး တတိုင်းပြည်လုံးကို ဓားမိုးအုပ်ချုပ်ခဲ့သည်။ ယခုဒီမိုကရေစီ အစိုးရဆိုသော်ငြားလည်း ရခိုင်ပြည်မှ ထွက်သမျှ သယံဇာတများကို ရခိုင်ပြည်သူ၊ ပြည်သားများ လက်ဖြင့် ကိုင်တွယ်သုံးစွဲခွင့် မရှိသည့်အပြင် ရခိုင်ပြည်သူ၊ ပြည်သားများအနေဖြင့် စီးပွားရေး မပြေလည်မှုကြောင့် နိုင်ငံခြားကို အလုပ်ထွက်လုပ်ရသည့် အကျိုးဆက်သည် ပိုမိုများပြားလာခဲ့သည်။
တဖက်တွင်လည်း မူးယစ်ဆေးဝါး အထွန်းကားဆုံးပြည်နယ်ဖြစ်လာသည့် အကျိုးဆက်ကြောင့် ကျောင်းသားလူငယ်တော်တော်များများသည် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဖြစ်လာကြသည်။ ထိုအကျိုးဆက်ကြောင့် လူသတ်မှု၊ ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာသည်။ ပြည်ထောင်စုဟုခေါ်သော ဗဟိုမှ အရာရာထိန်းချုပ်ထားသော စီးပွားရေး မတိုးတက်မှု နောက်ကွယ်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာ နောက်ကျလာသည့်အပြင် အုပ်ချူပ်သူများဘက်မှ လူမျိုးရေး ပဋိပက္ခအသွင်ဆောင်ကာ ပြဿနာကို ဖြေရှင်းလာကြသည်။ လက်ရှိအစိုးရအနေနဲ့ အခြေခံကျသည့် ပြဿနာများကို မဖြေရှင်းသရွေ့ ဘေးထွက် ဆိုးကျိုးများကို ရခိုင်ပြည်သူပြည်သားအနေဖြင့် ခါးစီးကာ ခံစားရမည်မှာ မြေကြီးလက်ခက် မလွဲပေ။
ရခိုင်ပြည်တွင်းရဲ့ လက်ရှိအခြေအနေ
-----------------------
ရခိုင်လူမျိုးသည် သမိုင်းအစဉ်အလာကြီးမားသည့် လူမျိုးတစ်မျိုးဖြစ်သလို ရိုးသားပွင့်လင်းကာ အမျိုးသားရေးအပေါ်အခြေခံသည့် မျိုးချစ်စိတ်ဓာတ်လည်း ရှိတတ်ကြသည်။ နှစ်ပေါင်းထောင်နဲ့ချီကာ ကိုယ့်ထီး ကိုယ့်နန်းနှင့် ထည်ထည်ဝါ၀ါ ခမ်းနားကြီးကျယ်စွာ နေထိုင်လာသည့် လူမျိုး တစ်မျိုးလည်းဖြစ်သည်။ သို့ပေမယ့် ကံအကြောင်းမလှပ၍ အမျိုးသားစည်းလုံးညီညွတ်မှု ပျက်ပြားသွားပြီး ထီးကျိုးစည်ပေါက် ဘ၀နဲ့ အဖိနှိပ်ခံဘ၀ကို ရောက်မှန်းမသိ ကျရောက်ခဲ့ရသည်။
သမိုင်းအစဉ်အလာကြီးကျယ်ခမ်းနားကာ သယံဇာတ ပေါကြွယ်ဝသော လူမျိုးဘ၀မှနေ၍ အဆင်းရဲဆုံးဘ၀ကို ကျရောက်ခဲ့ရသည်။ လူမှုစီးပွားဘ၀ ဆိုးကျိုးနှင့် လူမျိုးရေးပြဿနာ၏ အကျိုးဆက်ဖြစ်သော ပြည်တွင်းစစ်သံသရာသည်လည်း တစ်စ တစ်စနှင့်ပင် ရခိုင်ပြည်တွင်းသို့ ရောက်ရှိလာသည်။
လူမျိုးရေးပြဿနာ အကျိုးဆက်စစ်ပွဲတွေ ချဉ်းကပ်ကြည့်လျှင် တဖက်နိုင်ငံမှ ခိုးဝင်ဘင်္ဂလီများကို ၀င်ရောက်မှုကို ခွင့်ပြုခဲ့သော ခေတ်အဆက်ဆက် အစိုးရများ၏ လာဘ်စားမှုများကြောင့် ဖြစ်ပေါ်လာသည်။ ထိုခိုးဝင်ဘင်္ဂလီတွေကို ဥပဒေမဲ့စွာ ရခိုင်ပြည်ကို ၀င်ရောက်ခွင့်ပြုကာ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကိုယ်စားပြုပါတီများအနေဖြင့် မဲနိုင်ရန် ခိုးဝင်ဘင်္ဂလီများသည် နိုင်ငံသားဖြစ်လာကြသည်။ လက်ရှိပြဿနာသည်လည်း အစိုးရကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့ အတွက်ကြောင့် နိုင်ငံတကာမှ ဖိအားမျိုးစုံပေးလာကြောင့် နိုင်ငံတကာဖိအားပေးမှုများကို စစ်တပ်နဲ့ အစိုးရက ပြေလည်စေကြောင်း အကြောင်းပြုကာ တဖက်နိုင်ငံမှ ခိုးဝင်ဘင်္ဂလီတွေကို ရခိုင်ပြည်တွင်းတွင် နေရာထိုင်ခင်းများ ပေး၍ ခေါ်ယူရန် ဆောင်ရွက်နေကြသည်။
ခိုးဝင်ဘင်္ဂလီများကို ရခိုင်ပြည်မှ တခြားမည်သည့်နေရာကိုမှ မသွားရဆိုကာ ကန့်သတ်ထားတယ်။ ဒီလိုမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ မြင်ပါသည်။ အဘယ်ကြောင့်ဆိုလျှင် ခိုးဝင်ဘင်္ဂလီများကို ပြန်ခေါ်နေသည်မှာ နိုင်ငံတကာ၏ ဖိအားကြောင့်ဖြစ်သည့်အတွက် အစိုးရနှင့် စစ်တပ်မှာ တာဝန်အပြည့်အ၀ရှိသည့်အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဖြစ်သည်။ “ လင်တော့လိုချင်တယ် အပျိုရည်ပျက်မှာကိုလည်း ကြောက်တယ်” ဆိုသလို နိုင်ငံတကာဖိအားကိုလည်း ကြောက်သလို ခိုးဝင်ဘင်္ဂလီတွေကို တတိုင်းပြည်လုံး အနှံ့ကို သွားခွင့်မပေးဘဲ ရခိုင်ပြည်မှာ သိုလှောင်ထားကြောင့် ဖြစ်လာမယ့် နောက်အကျိုးဆက်တွေကို ရခိုင်ပြည်သူတွေပဲခါးစီးခံစားနေရသည်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကို ကြောက်၍ ခိုးဝင်ဘင်္ဂလီတွေကို ပြန်ခေါ်တယ်ဆိုတာ မဖြစ်သင့်ပါ။ ယခုဆိုရင် မောင်တော၊ ဘူးသီးတောင်မြို့ပေါ်မှာ ဘယ်က ဘင်္ဂလီတွေမှန်းမသိ နေရာစုံမှာ ပြည့်နှံ့နေပြီး ယခုကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အစိုးရကလည်း တာဝန်ပျက်ကွက်နေတာကို တွေ့ရပါသည်။ မောင်တော၊ ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဆေးရန် အဘယ်ကြာင့် တာဝန်ရှိသူတွေ မျက်ကွယ်ပြုထားရသလဲဆိုတာကို လက်ရှိအစိုးရအနေနဲ့ စစ်ဆေးမေးမြန်းဖို့ လိုအပ်သလို အရေးယူဖို့လည်း လိုအပ်ပါသည်။
နိုင်ငံတကာအနောက်အုပ်စုအနေဖြင့် ဖိအားပေးနေပါသော်လည်း ပြည်တွင်းရေးပြဿနာကို အဖြေရှာရာတွင် ပြည်သူလူထု၏ အသံ ကို နားထောင်ရန် လိုအပ်ပါသည်။ စာရေးသူရဲ့ အမြင်အရ (ICC ညီမျှခြင်း OIC) လို့ မြင်သလို ICC သည်သာလျှင် ခိုးဝင်ဘင်္ဂလီတွေကို နိုင်ငံသားအဖြစ်ရရှိရေးကို စောင်းပေးနေသည့် နောက်ကွယ်တွင် OIC ပါလာတာကို တွေ့ရသည်။
တရုတ်လက်အောက်ကျရောက်ခြင်း
---------------------------
မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်သည် တရုတ်အစိုးရရဲ့ သြဇာနဲ့ အသက်ရှင်ရပ်တည်လာခဲ့တယ်ဆိုရင် မမှားပါ။ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတည်မှုသည်လည်း တရုတ်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၌ တရုတ်က အသာစီးယူပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးမှန်သမျှကို တရုတ်အစိုးရက လက်ဝါးကြီးအုပ်အမြတ်ထုတ်ယူနေတာဖြစ်ပါသည်။
ရခိုင်ပြည်ကို ကြည့်လျှင်လည်း ရခိုင်ပြည်ရဲ့ အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သားငါးပုဇွန်တွေ တရုတ်နိုင်ငံသို့ တင်သွင်းနေတာဖြစ်ပါသည်။ ကျောက်ဖြူရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်သို့ ရောင်းချထားကာ ရရှိငွေပမာဏကို တရုတ်အစိုးရမှ (၈၀%) ရှစ်ဆယ်ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက (၂၀%) နှစ်ဆယ်ရာခိုင်နှုန်းစသည်ဖြင့် ဝေငှရယူနေသည်ကို တွေ့ရပါသည်။ ရခိုင်လူထုနှင့် ရခိုင်ပြည်သူအနေဖြင့် ရခိုင်ပြည်မှ မြေပေါ် မြေအောက် သဘာဝသယံဇာတ ရောင်းလို့ ရတဲ့ အကျိုးအမြတ်တွေကို မခံစားရသည့်အပြင် တရုတ်တွေရဲ့ အနိုင်ကျင့်မှုတွေကို ခံစားနေရသည်။
ဤဖြစ်စဉ်များသည် အစိုးရရဲ့ တရုတ်အပေါ် သြဇာသက်ရောက်မှု မရှိကြောင်းကို ပြသရာ ရောက်နေသည်ဟု မေးခွန်းထုတ်စရာ လိုမယ်မထင်ပါ။ နောက်တစ်ခုအနေဖြင့် စိန်ခေါ်မှုအသစ်ဖြင့် တရုတ်၏ ကစားကွက်က အစိုးရနဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် ကစားကွက်သဖွယ် ကစားလာတာကို တော်တော်များများ သိနိုင်မယ်လို့ ထင်ပါသည်။
တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ကို မဖြစ်မနေ ဖန်တီးယူပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်အပေါ် လက်တလုံးခြား လုပ်ဆောင်လာတာဖြစ်သလို ပြည်တွင်းစစ်မီး တောက်လောင်အောင် ဖန်တီးပေးကာ မီးမွှေးသည့်အပြင် ပြည်တွင်းစစ်သက်ဆုံးရှည်မှုရဲ့ အဓိက တရားခံသည် တရုတ်ဟု ရှုမြင်မိသည်။ တဖက်မှာ မီး၊ တဖက်မှာ ရေ ကစားကွက်တွေဖြင့် “မီးစတဖက် ရေတဖက်” ကိုင်ကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရစစ်တပ်ကို ရန်တိုက်ပေးနေသည်။ စာရေးသူအမြင်မှာတော့ တချို့တိုင်းရင်းသားနက်ကိုင်တွေဟာ “ အစိုးရမွေးတဲ့ သူပုန် (သို့) တရုတ်မွေးတဲ့ သူပုန်” ဖြစ်နေသည်ဟုလို့ ရှုမြင်မိသည်။
ရခိုင်ပြည်တွင်းသို့ စစ်ပွဲများ ရောက်လာခြင်း
--------------------------
လက်ရှိရခိုင်ပြည်၏ ပြည်တွင်းစစ်မီးကို ကြည့်ရမည်ဆိုလျှင် အမျိုးသားအကျိုးအတွက် တစ်ခုမျှ အကျိုးသက်ရောက်မှု မရှိသလို တွေ့မြင်မိသည်။ အဘယ်ကြောင့်ဆိုရလျှင် ရခိုင်ပြည်သူ အကြားတွင် အမျိုးသားလွတ်မြောက်ရေး ရခိုင့်နိုင်ငံထူထောင်ရေးဆိုပြီး ကြွေးကြော်သံများနှင့်အတူ လက်ရှိစစ်ပွဲတွေကို အားပေးလာကြသည်ကိုတွေ့ရသည်။ အကျိုးဆက်မှာ ရခိုင်ပြည်ပြဿနာသည် ကိုင်တွယ်ရခက်ခဲသည့်အပြင် အမျိုးမျိုးသော ပြဿနာများ ဖြစ်ပွားနေချိန် တိုက်ပွဲများဖြစ်ပေါ်လာခြင်းသည် တဖက်စောင်းကာ အပြစ်ပုံချရန် လမ်းကြောင်းပေါ်သို့ ရောက်သွားသည်ဟု မြင်မိသည်။
တရုတ်၏ ဖိအားကြောင့် ဖြစ်ပေါ်လာသည့် တိုက်ပွဲသဏ္ဍာန်အသွင်ဆောင်လာသည်ဆိုသည်မှာ ပြေးမလွတ်ပါ။ အဘယ်ကြာင့် ယခုလို သုံးသပ်ရသလဲ ဆိုလျှင် ကျောက်ဖြူမဒေးကျွန်း ဆိပ်ကမ်းကို နိုင်ငံတကာ ပင်လယ်ကူးဆိပ်ကမ်းအဖြစ် တရုတ်ကို ရောင်းထားသောကြောင့် ရခိုင်ပြည်သူများက မကျေနပ်မှုအပေါ် ဆန္ဒပြဖို့ လူစုလာသည်။ ယင်းအပေါ် ကြိုမြင်လာသည့် အစိုးရစစ်တပ်သည် တဖက်လှည့်ဖြင့် တိုက်ပွဲအသွင်ကူးပြောင်းလိုက်သည်။ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲတွင် တရုတ်မပါဝင်ဘူးလို့ မည်သူမှ ပြောရမည်မထင်ပါ။
လက်နက်ကိုင်တွေဖက်မှာလည်း တရုတ်က ရပ်တည်ပေးနေသလို၊ စစ်တပ်ဖက်မှာလည်း တရုတ်က ရပ်တည်ပေးလာတာကို တွေ့နိုင်သည်။ တရုတ်၏ စီးပွားရေးကစားကွက်သည် စစ်အစိုးရ အဆက်ဆက် ကိုင်တွယ် ကစားလာသလို နှစ်ဖက် အကျိုးစီးပွားကြောင့် ဖြစ်လာတဲ့ ယခုအခါ တိုက်ပွဲဖြစ်လာသည်။ တိုက်ပွဲကြောင့် ဆိုးကျိုးရဲ့ အကျိုးဆက်များကို ရခိုင်ပြည်သူများက ခံစားရသည်ဟု မြင်မိသည်။ ယခုအချက်များကို ကြိုမမြင်နိုင်သည့် ရခိုင်ပြည်သူများအနေဖြင့် တဖက်က ပြောသလို အယုံလွယ်ပြီး ရခိုင့်နိုင်ငံထူထောင်ရေး ရခိုင်ပြည်လွတ်လပ်ရေးဆိုသည့် စကားလုံး၏ အောက်မှာ စီးမျှောလိုက်ပါရင်း တိုက်ပွဲကြောင့် ရခိုင်ပြည်တစ်ခုလုံး အကြပ်အတည်းဖြစ်ပေါ်လာတာကို တွေ့ရသလို၊ ကျေးလက်နေ ပြည်သူများ၏ ဒုက္ခဆင်းရဲ အသက်လုထွက်ပြေးနေကြရသည်မှာ တိုက်ပွဲကြောင့် ပြည်တွင်း စစ်မီးကြောင့်ဆိုသည်မှာ ပြောစရာပင်မလိုပါ။ တဖက်နဲ့ တဖက် အကျိုးစီးပွားကြောင့် ဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက် ဖြစ်စေ ရခိုင်ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ် အသုံးမချကြဖို့ တိုက်တွန်း သုံးသပ်ရင်း….
လင်းလက်ခိုင်(ဘူးသီးတောင်)
(အပိုင်း -၂ ) ကို ဆက်ရေးပါဦးမည်။

No comments:

Post a Comment