ကရင် ပြည်နယ် မြဝတီမြို့တွင် တရုတ်စာတန်း ဦးစားပေးရေးသားထားသော စားသောက်ဆိုင်၊ စတိုးဆိုင်၊ အလှပြင်ဆိုင်များမှ ကြော်ငြာဆိုင်းဘုတ်များကို မြို့စည်ပင်ကော်မတီက စက်တင်ဘာ ၁၈ ရက်ညက လိုက်လံဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြဝတီမြို့  စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေ ဦးဆောင်ပြီး စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးရောဘတ်ထူးနှင့် ဝန်ထမ်းများက အမှတ (၄) ရပ်ကွက် သုမာလာလမ်းထောင့်နေရာတွင် တရုတ်စာတန်းဖြင့် အလျားသုံးပေ၊ အနံနှစ်ပေရှိ ကြော်ငြာဆိုင်းဘုတ်များ၊ အောင်သုခလမ်းရှိ တရုတ်စာတန်း ပါဆိုင်းဘုတ်များကို လိုက်လံဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားများ တရားမဝင် အိမ်ငှားနေထိုင်ပြီး ဈေးဆိုင်ဖွင့်လှစ်ရောင်းချမှုများလာခြင်း၊ မူးယစ်ရမ်းကားမှုများကြောင့် မြဝတီဒေသခံများက တွေ့ဆုံပွဲပြုလုပ်ပြီး တရုတ်စာတန်းပါ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။
မြို့စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့က လိုက်လံစစ်ဆေးရာ ဆိုင်းဘုတ်များကို ခွင့်ပြုချက်မဲ့ ပြုလုပ်ထားခြင်းဖြစ်သလို တရုတ်ဘာသာစကားဖြင့် ရေးသားထားခြင်းကြောင့် ဖြုတ်သိမ်းရခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့အတူ စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မယူဘဲ စည်းကမ်းချက်နှင့်မညီညွတ်သည့် တရုတ်စာတန်းသာရေးသားထားသော ဆိုင်းဘုတ်များကို စက်တင်ဘာ ၁၉ ရက်တွင် စည်ပင်အဖွဲ့များမှ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့်လိုက်လံသိမ်းဆည်းပြီး စက်တင်ဘာ ၂၀ ရက်တွင် စည်ပင်နှင့်အတူ အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။
Credit - Eleven
No comments:
Post a Comment