Thursday, April 4, 2019

ရေပန်းစားနေသည့် သင်္ကြန်တွင်းခရီးစဉ်များ


မကြာမီ ရောက်ရှိလာ တော့မည့် မြန်မာ့ရိုးရာ နှစ်ကူးကာလ ရုံးပိတ်ရက်များသည် မြန်မာနိုင်ငံသားအားလုံး အပန်းဖြေအနားယူ ရာ ကာလတစ်ခုဖြစ်ပြီး ရိုးရာအတာရေသဘင်ပွဲတော် ဆင်နွှဲခြင်းများ ရှိသလို အားလပ်ရက်များကို အသုံးချကာ နိုင်ငံတစ်ဝန်းရှိ ခရီး သွားဒေသများသို့ သွားရောက် လည်ပတ်ခြင်းသည်လည်း ပုံမှန် အလေ့အထဖြစ်လာသည်။
၂၀၁၉ ၏ သင်္ကြန်ပိတ်ရက် များအတွင်း ပြည်တွင်းခရီးသွား များ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသည့် ဒေသများအ နက် ရာသီဥတုမျှတသည့် မြန်မာ ပြည်အထက်ပိုင်း ခရီးစဉ်များနှင့် အောက်ပိုင်းရှိ ကမ်းခြေခရီးစဉ် များသည် အဓိကနေရာတွင် ရှိနေ ပြီး ပူပြင်းသော ရာသီဥတုရှိသည့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ် များမှာ ခရီးသွားများစိတ်ဝင်စား မူ လျော့ကျခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။
‘‘မြန်မာပြည်အထက်ပိုင်းမှာ ဆိုရင် ကချင်ပြည်နယ်က မြစ်ကြီးနား၊ အင်းတော်ကြီးအိုင်၊ မြစ်ဆုံနဲ့တရုတ်ပြည်က မှန်တံတားခရီးစဉ် တွေကိုသွားတဲ့ လူတွေ တော်တော်များတယ်’’ဟု ပြည်တွင်းဘုရားဖူး နှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ထူးခြားမူအနေဖြင့် ယခုနှစ် တွင် စစ်ကိုင်းတိုင်းရှိ ဇလုံတောင် ခရီးစဉ်နှင့် မန္တလေးတိုင်းရှိ မိုးကုတ်ခရီးစဉ်တို့သည် ပြည်တွင်းခရီး သွားများအကြား စိတ်ဝင်စားမူ မြင့်တက်နေသည့် ခရီးစဉ်များ ဖြစ်လာပြီး သွားရောက်လည်ပတ်မူ ပိုများလာကြောင်း ၎င်းက ပြော သည်။
ခရီးသွားများ စိတ်ဝင်စားသည့် အခြားခရီးစဉ်များသည် ရှမ်း ပြည်နယ် တောင်ပိုင်းရှိတောင် ကြီး၊ အင်းလေးခရီးစဉ်များဖြစ်ပြီး အင်းလေး၌ ယခုနှစ်တွင် ပထမအကြိမ် ရေပေါ်သင်္ကြန်ပွဲတော်ပြု လုပ်၍ ပြည်တွင်း၊ ပြည်ပခရီး သွားများကို ဆွဲဆောင်နိုင်ရန် ပြင်ဆင်ထားသည်။ သို့ဖြစ်ရာ အင်းလေးသို့ သင်္ကြန်ကာလအတွင်း ခရီးသွားငါးသိန်းအထိ ၀င်ရောက် ရန် ခန့်မှန်းထားကြောင်း Miss Innlay Organization စီမံခန့်ခွဲမှု ဒါရိုက်တာ ကိုကျော်ဇင်သန့်က ပြောသည်။
တောင်ကြီး၊ အင်းလေးခရီး စဉ်နှင့်အတူ ကယားပြည်နယ် လွိုင်ကော်ခရီးစဉ်သည်လည်းတစ်ဆက်တည်း သွားရောက် လည်ပတ်နိုင်သဖြင့် ခရီးသွားလုပ် ငန်းများက ခရီးစဉ်ဆွဲကာ ပို့ ဆောင်မှုများရှိလာသည်။
ယခုနှစ် သင်္ကြန်ကာလအ တွင်း ကမ်းခြေခရီးစဉ်များအနက် ငပလီကမ်းခြေသည် လူစိတ်ဝင် စားမှုအများဆုံးခရီးစဉ်အဖြစ် ရပ်တည်နေပြီး ဟိုတယ်အားလုံးနီးပါး တွင် ပြည်တွင်း၊ ပြည်ပခရီးသွား များ ဘွတ်ကင်ရယူထားပြီး တည်းခိုခန်းများနှင့် ဧည့်ရိပ်သာများအ ပြင် လုံးချင်းအိမ်များ ငှားရမ်းနေ သည်အထိရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (သံတွဲရုံးခွဲ) ညွှန်ကြားရေးမှူး ဦးရဲ အောင်မိုးက ပြောသည်။
‘‘သင်္ကြန်ကာလအတွက် ဟိုတယ်တွေမှာ အခန်း Bookingတင်မယ်ဆိုရင် အကုန်အပြည့်ပါ ပဲ။ အခန်းလွတ်မရှိတော့ဘူး Guest House တွေတောင် အပြည့်ပဲ။ ဒါတောင် လုံးချင်းအိမ်တွေကို အပြတ်ငှားပြီးတော့ နေကြတာ တွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေလည်း တော်တော်များ များ ငှားပြီးသွားပြီ’’ဟု ဦးရဲအောင် မိုးက ပြောသည်။
ယခုနှစ်သင်္ကြန်တွင် ငပလီ ကမ်းခြေ၌ ဟိုတယ်လုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍ ရခိုင်ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် တစ်ခုဖော်ဆောင်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
ငလီကမ်းခြေနည်းတူ ငွေ ဆောင်ကမ်းခြေသည်လည်း ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှု များပြားသည့် ခရီးစဉ်အနေဖြင့် ရပ်တည်နေပြီး ယခုနှစ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာအား လုံးနီးပါး၌ ဧည့်သည်များ ပြည့်နေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ငွေဆောင် ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးစိုးဝင်း က ပြောသည်။
‘‘သင်္ကြန်ဆိုရင် ငွေဆောင်ကမ်းခြေကတော့ နှစ်စဉ်နှစ်တိုင်း များနေတာပဲ၊ တစ်နှစ်ထက်တစ် နှစ် များနေတာ၊ လျော့တယ်လို့ တော့ မရှိပါဘူး ။ ဒီနှစ်မှာတော့ ပြည်တွင်းရော ပြည်ပက ပါဝင် လာမယ်လို့ မျှော်လင့်ပါတယ်။ မနှစ်ကဆိုရင် ဟိုတယ်နဲ့ တည်းခို ရိပ်သာ အကုန်နီးပါးလောက် အ ပြည့်ရှိပါတယ်’’ဟု ဦးစိုးဝင်းက ဆိုသည်။
သို့သော် ချောင်းသာကမ်း ခြေကို ခရီးသွားများ စိတ်ဝင်စားမှု နည်းပါးပြီး ပုံမှန်အခြေအနေတွင် သာရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။
ကမ်းခြေခရီးစဉ်များနှင့် အ ပြိုင် မြန်မာပြည်အောက်ဖျားပိုင်း ရှိ ထားဝယ်နှင့် မြိတ်ကျွန်းစုခရီးစဉ်များကိုလည်း ခရီးသွားများ စိတ်ဝင်စားပြီး ကျွန်းများသို့ သွား ရောက်လည်ပတ်လိုသူ အများအ ပြားရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခရီးစဉ်များအနက် မန္တလေး၊ ပြင်ဦးလွင် အစရှိသည့် မြို့များ၌ ယခင်နှစ်များအတိုင်း ပုံမှန်လည်ပတ်သူ များရှိသော်လည်း ပုဂံဒေသတွင်မှု ဟိုတယ်အခန်း ဘွတ်ကင်ရရှိမူ နည်းပါးနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော် ၀ိတ်က ပြောသည်။
‘‘ပုဂံကတော့ နည်းပါတယ်။ ဟိုတယ် ဘွတ်ကင်တွေလည်း သိပ်မရှိဘူး။ ခရီးသွားလုပ်ငန်း တွေကလည်း သင်္ကြန်ကာလအ တွင်း ပုဂံကို သိပ်ပြီး မပို့ကြဘူး။ ပုဂံကနေ ပုပ္ပားကိုသွားတဲ့လမ်း မှာ ပိုက်ဆံတောင်းတဲ့လူတွေ အရမ်းပေါတယ်။ အဲဒီကာလအ တွင်းဆိုမပေးရင် ပြဿနာရှာတာ မျိုးတွေအထိ ရှိတဲ့အတွက် သိပ် မလာကြဘူး’’ဟု ဦးဇော်ဝိတ်က ဆိုသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန် ကာလတွင် လူသွားအများဆုံးခရီး စဉ်များအနက် တစ်ခုအပါအ၀င်ဖြစ်သည့် မကွေးတိုင်းအတွင်းရှိ ရွှေစက်တော် ခရီးစဉ်သည်လည်းယခုနှစ်တွင် စိတ်ဝင်စားမှု ကျဆင်းလာပြီး ခရီးသွားလုပ်ငန်းများ၌လက်မှတ်ဝယ်ယူမှုနှင့် ခရီးစဉ် စုံစမ်းမှုများ အနည်းငယ်လျော့ကျ လာကြောင်း ဘုရားဖူးဝန်ဆောင် မှု လုပ်ငန်းရှင်လည်းဖြစ်သည့် ဦးသန်းဌေးက ပြောသည်။
‘‘အရင်က သင်္ကြန်ဆို နှစ်တိုင်းသွားနေကျ အများဆုံးရွှေ စက်တော်တောင် သွားတဲ့လူနည်း နည်းကျလာပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ သွားလာတာကြ တာပါ၊ အိမ်စီးကားတွေနဲ့ သွားတာတော့ သူ့ဟာနဲ့ သူရှိကြပါ တယ်’’ဟု ဦးသန်းဌေးက ဆို သည်။
မြန်မာနိုင်ငံ၏ အဓိကခရီး သွားဒေသများတွင် တစ်ခုအပါ အ၀င်ဖြစ်သော မန္တလေးတွင် ယခုနှစ်သင်္ကြန်ပိတ်ရက်အတွင်း ခရီး သွားဝင်ရောက်မှု ပုံမှန်ရှိနေ ကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီး သွားဝင်ရောက်မှု နှစ်ခုပေါင်းပါက ဟိုတယ်အားလုံး၏ ၆၀ ရာခိုင်နူန်း အထိ ဘွတ်ကင်ရှိနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းသို့ သွားရောက်လည် ပတ်လိုသည့် ပြည်တွင်းခရီးသွား များအနေဖြင့် ခရီးသွားကုမ္မဏီ များနှင့် ချိတ်ဆက်ကာသွား ရောက်လည်ပတ်သည်ဖြစ်စေ၊ လက်မှတ်များ ၀ယ်ယူသည်ဖြစ် စေ အာမခံရှိသည် နေရာများသာ သေချာစိစစ်၍ ၀ယ်ယူရန်လိုအပ် ပြီး ခရီးသွားလုပ်ငန်းများနှင့် ကား ပိုင်ရှင်များအနေဖြင့်လည်း ခရီး သည်များအပေါ် တာဝန်ယူမှုအ ပြည့်ရှိရန် လိုအပ်ကြောင်း ဦးသန်းဌေးက အကြံပြုသည်။
Credit - 7 Day Daily


No comments:

Post a Comment