Thursday, April 4, 2019

ရွှေပြည်ကြီးမှာ ပြောင်းဖို့ဆို အရေးကြီးတာတွေချည်းပဲမို့ ဘယ်တော့မှဒီကိစ္စကိုထုတ်ပြောလေ့မရှိပါဘူး လူနည်းစုကိစ္စပါလေ ဆိုပြီးတော့ မြိုချထားပြီးနေပါတယ် ခနခနကြုံနေရသော်လည်းပေါ့လေ

ပြီးတော့ ဒီပို့စ်မှာ ပြောတာတွေဟာ မူကိုပဲရည်ရွယ်တာဖြစ်ပြီး လူကိုမရည်ရွယ်ဘူး ဆိုတာ အရင်ပြောထားချင်ပါတယ်
ပြောချင်တာတော့ နိုင်ငံဝန်ထမ်းတယောက် ပညာသင်သွားခြင်းကိစ္စပါပဲ နိုင်ငံခြားကို ခနသွားတာကိုမဆိုလိုဘဲ ကာလရှည် ပညာသင်သွားခြင်းကိုပြောချင်တာပါ ပညာသင်သွားတယ်ဆိုတဲ့နေရာမှာ အစိုးရချင်းချိတ်ပြီးအုပ်စုလိုက်သွားရတာ၊ ကိုယ့်ဌာနက သွားဖို့လူရွေးပေးတာ၊ အဲ့ဒါတွေမဟုတ်ဘဲ ကိုယ့်ဟာကို ရှည်ကြောပြီး အစိမ်းသက်သက်ပညာသင်ဆုတစ်ခုရမိပြီဆို တိုင်ပတ်တာပါပဲ
ပထမဆုံးအနေနဲ့ခွင့်ပြုမိန့်ရပြီး နိုင်ငံကူးလက်မှတ်ရဖို့ပါ အစိမ်းရောင်စာအုပ်ကလေးရဖို့အရေး စည်ကားကြပ်သိပ်နေတဲ့နေပြည်တော်တကြောမှာ ဟိုပြေးဒီပြေး ဟိုဌာနဒီဌာနတွေမှာ မျက်နှာအောက်ချ လုပ်ရပါတယ် သူများနိုင်ငံက ပညာသင်ဆုပေးချင်လောက်အောင် ဆွဲဆောင်နိုင်သော်လည်း ကိုယ့်တိုင်းပြည်မှာတော့ တခါဆိုဆိုသလောက် နှိပ်ခံရပါတယ် စာဆိုတာတင်လိုက်ရတာ ပြန်ကျမလာပါဘူး အမြဲကြာပါတယ် ကိုယ်တိုင်လိုက်မလုပ်လို့ မမီရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ တောင်းလိုက်တဲ့စာရွက်တွေဆိုတာ တခါတလေ ဟာခနဲ ဟင်ခနဲဖြစ်စေပါတယ် တိုင်းပြည်တပြည်နဲ့တပြည် စနစ်မတူပါဘူး ပြီးတော့ အရင်ကတည်းကရှိနေတဲ့ မူအတိုင်းတောင်းတာပါ ခေတ်ဆိုတာလည်းမတူတော့ပါဘူး ကိုယ်တို့ဆီမှာ အန်းတိတ် ဆိုတာ ပစ္စည်းပဲမထိန်းသိမ်းတာ မူတွေကတော့ ထိန်းသိမ်းထားပါတယ်လေ အဲ့မူတွေကြောင့် ရက်မမီလို့ မသွားလိုက်ရတဲ့ ပညာသင်တွေ ဘယ်နှစ်ယောက်ရှိနေပြီလဲ ဆိုတာ မရေနိုင်ပါဘူး😁
ဒါနဲ့ ပဲ ကံကောင်းထောက်မလို့ရလာတဲ့ အစိမ်းရောင်စာအုပ်ကလေးတွေဟာ သွားနိုင်တဲ့နိုင်ငံကျ ကံမကောင်းစွာ ကန့်သတ်ခံရပြန်ရော ကန့်သတ်တဲ့နေရာမှာလည်း အင်မတန်မှရီစရာကောင်းတာကတော့ တနိုင်ငံတည်းကိုသွားသူတွေဖြစ်ကြသော်လည်း ကန့်သတ်ချက်ကကွဲတတ်ပါတယ် အချို့နေရာမရွေးသွားနိုင်တာရပြီး တချို့ ကတော့ သွားတဲ့နိုင်ငံရယ် ထရန်စစ်ရယ် ကလွဲ ဘယ်မှမသွားနဲ့ပေါ့ ဘယ်လိုမူလဲတော့ ဘယ်သူသိနိုင်မလဲပေါ့ ဒါဟာအရင်ခေတ်လို ပိတ်ထားတဲ့ခေတ်မှာ မျက်စိမှိတ်ထားရပေမယ့် ခုလိုခေတ်မှာ ရီစရာမကောင်းဘူးလား
ခုခေတ်ကြီးမှာ ဘွဲ့လွန်တက်တယ်ဆိုတာ စာတမ်းဖတ်ပွဲ ဆွေးနွေးပွဲ မျိုးစုံဟာ နိုင်ငံတိုင်းမှာ ရှိတာမို့ သွားတက်ဖို့ရှိလာရင် ပြသနာတခါထပ်တက်ရပြန်တာပါပဲ အရင် မြန်မာပြည်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံမျိုးပဲ တခါထပ်လုပ်ရ စာရွက်တွေရှာ ခွင့်ပြုချက်တောင်းရ အချိန်နောက်ကျ ခွင့်ပြုချက်မလာ
အမြဲ သူများတွေထက် နောက်ကျနေအောင် ဘာလို့ ခေတ်မရှိတော့တဲ့ ကန့်သတ်ချက်တွေနဲ့ အလုပ်ရှုပ်အောင် လုပ်တာလဲဆိုတာ စဉ်းစားလို့မရဘူး အလုပ်ရှုပ်တယ်ဆိုတဲ့နေရာမှာ တင်တဲ့သူရော လုပ်ပေးရတဲ့ ဝန်ကြီးဌာနပါရှုပ်တာမို့ အရေးပါ အရာရောက်တဲ့ကိစ္စတွေနဲ့ပဲ ဝန်ကြီးဌာနကို အလုပ်များစေချင်ပါတယ်
နောက်တခုကကျတော့ ခုချိန်ဟာ မူဝါဒအပြောင်းအလဲအတွက် ပြောကြရမယ့် လုပ်ကြရမယ့်အချိန်ပါ သိအောင်ထုတ်ပြောသင့်တယ်ထင်လို့ ပြောရတာပါ အရင်လည်း ဒီလိုလိုအပ်ချက်တွေနဲ့ ပဲ တင်လာရတာ ရှေ့ကလူတွေ ဒီလိုပဲသွားတာဆိုပေမယ့် ခုနောက်ပိုင်းမြန်ဆန်လာတဲ့ ခေတ်ကြီးနဲ့ ပိုပြီးကွာဟမှုတွေများလာတော့မှာပါ နောက်လူတွေပိုနာပါလိမ့်မယ် ကိုယ့်ဝန်ထမ်းတွေကို နိုင်ငံ့ ပိုက်ဆံမကုန်ဘဲ အရည်အသွေးမြှင့်လို့ရသော်လည်း မလုပ်ရဘဲ တားဆီးထားသလိုပါပဲ
သေချာအောင်ပြန်ပြောပြချင်တာက နိုင်ငံ့ဝန်ထမ်းမို့ ခွင့်ပြုချက်အမြဲတင်ရတာ နားလည်လိုက်နာနိုင်ပေမယ့် ခေတ်နဲ့မညီတော့တဲ့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မူတွေ စာသွားစာလာတွေ ပြောင်းဖို့ပြင်ဖို့မလုပ်ရင် အခွင့်အလမ်းတွေ သိပ်ပေါတဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်ဝန်ထမ်းတွေ အရည်အသွေးမြှင့်ဖို့ အခွင့်အလမ်းတွေ လက်လွတ်ပါလိမ့်မယ် နိုင်ငံ့ဝန်ထမ်းလုပ်ဖို့အားပေးစကားပြောတာ တိုက်တွန်းတာထက် နိုင်ငံ့ ဝန်ထမ်းတယောက်ဖြစ်ခြင်းဟာအင်မတန်အခွင့်အလမ်းတွေပြည့်ဝပြီး စွမ်းရည်တွေကို ဘယ်လိုအသုံးချနိုင်မယ်ဆိုတာ ပြခြင်းက ပိုထိရောက်မယ်ထင်ပါတယ်
သူများတွေ လမ်းလျှောက်နေရင် ကိုယ်ကခုန်ပျံကျော်လွှားရမယ်ဆို မခုန်နိုင်အောင်ကြိုးချည်ထားပြီးမှ အဲ့လိုပြောရင်တော့ ရက်စက်ရာကျပါတယ်
ပြောင်းလဲနေရမယ့် အချိန်မှာ ပြောင်းသင့်တဲ့ ခေတ်နောက်ပြန်ဆွဲ မူဝါဒတွေ မပြောင်းဘဲကျန်ခဲ့မှာစိုးလို့ အသံလေးပြုလိုက်ရပါတယ် သိစေကြားစေလိုသူတွေ သိကြားနိုင်ပါစေ
credit - Hay Mar


No comments:

Post a Comment