လူထုတွေ့ဆုံပွဲများကို သုံးလဆက်တိုက်မနားမနေ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်များ အရှိန်တက်နေချိန် မတ်လကုန်ပိုင်းတွင် အာဏာရပါတီမှထုတ်ဝေသော ဒီလှိုင်းစာစောင်က စိတ်ဝင်စားဖွယ်အယ်ဒီတာ့အာဘော်တစ်ခုကို ရေးသားခဲ့သည်။
လူထုနှင့်တွေ့ဆုံရန်၊ လူထုအခက်အခဲကို တတ်စွမ်းသမျှဖြေရှင်းရန်၊ ပြည်သူနှင့်ဒူးတိုက်ဆွေးနွေးပွဲများမကြာခဏလုပ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်ချက်များအပေါ် လူထုက နှစ်ထောင်းအားရရှိနေချိန်တွင် အတိုင်ပင်ခံ၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် အောက်ခြေပါတီဝင်များကြား အားနည်းမှုများ ရှိနေသည်ဟုယူဆနိုင်သည့်အာဘော်ကို ဒီလှိုင်းစာစောင်က ဖော်ပြခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကြီးက လုံ့လစိုက်၍ ကိုယ်တိုင် ရှေ့ဆောင်ရှေ့ရွက်ပြု၊ နမူနာပြဆောင်ရွက်နေသော်လည်း ပါတီ၊ လွှတ်တော်နှင့် အစိုးရဒေသန္တရအဖွဲ့အစည်းအချို့၊တာဝန်ရှိသူအချို့သည် အကြီးအကဲတို့၏ စေတနာနှင့်ဆန္ဒကို အလေးအနက်ထားမှု အားနည်းနေသေးသည်ကို တွေ့ရသည်။ လူကြီးလာတုန်းခဏသာ တကြွ်ကဟန်ပြခဲ့သော်လည်း လူကြီးပြန်သွားသောအခါတွင်မူ ပွဲပြီးမီးသေဖြစ်နေကြသည်။ ဒုံရင်း၊ ဒုံရင်း ဖြစ်နေကြသည်။ ပြည်သူနှင့် တွေ့ဆုံရာတွင်လည်း ပြည်သူ့အခက်အခဲနှင့် လိုအင်ဆန္ဒအပေါ်'ထမင်းရည်ပူလာလျှာလွှဲ' လုပ်နေကြဆဲဖြစ်သည်။ လေးနက်သော၊ စေတနာပါသော၊ ပြည်သူနှင့်တစ်သားတည်းကျသော တွေ့ဆုံပွဲများကား နည်းပါးနေဆဲဖြစ်သည်။
'ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေး' ကို ဝေးဝေးရှောင်ကြသည်ဟု မတ် ၂၅ ရက်နေ့ထုတ်စာစောင်၏အာဘော်တွင် ပါတီတွင်းဖြစ်ပျက်နေသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်းရေးသားထားသည်။
ယင်းအာဘော်၏ ဖော်ပြချက်သည် လူထုတွေ့ဆုံပွဲများ အလုပ်ဖြစ်၊ မဖြစ်ကိုလည်း ထင်ဟပ်နေသည့်သဘောဖြစ်သည်။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အစိုးရအာဏာပိုင်များအနေဖြင့်ခေါင်းဆောင်၏ညွှန်ကြားချက်ကို လေးလေးနက်နက်ဆောင်ရွက်ရန် ထပ်လောင်းသတိပေးမှုတစ်ခုအဖြစ်လည်း မှတ်ယူရမည်ဖြစ်သည်။
"အပြင်လူထက် ပါတီနဲ့ အစိုးရအဖွဲ့တွင်း အခြေအနေကို ဒီလှိုင်းတာဝန်ခံတွေက ထောက်ပြတာက ပိုတန်ဖိုးရှိတယ်။ များများဝေဖန်သင့်တယ်" ဟု မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲများကို ရွေးကောက်ပွဲကြိုမဲဆွယ်စည်းရုံးမှုများဟု ဝေဖန်မှုများရှိသည့်တိုင် တွေ့ဆုံမှုတိုင်းတွင် လူထု၏ ချစ်ခင်ကြိုဆိုမှုများနှင့် ယုံကြည်အားကိုးမှုကို လက်ခံရရှိနေမြဲဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်များနှင့် စီမံဘဏ္ဍဍာဝန်ကြီးများဖြင့်သာ နေပြည်တော်၌ လစဉ်တွေ့ဆုံလေ့ရှိသည်။ သို့ဖြစ်၍ တိုင်းနှင့် ပြည်နယ်များတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် အခြားအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရန်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးစီးပွားရေးလေ့လာသုံးသပ်သူ ဦးရဲမင်းဦးကပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းနှင့်ပြည်နယ်အားလုံး၏ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများပေါ်က ကိန်းဂဏန်းများထက် လက်တွေ့မြေပြင်အခြေအနေကို ကိုယ်တိုင်တွေ့မြင်လိုသည်ဟု အင်န်အယ်လ်ဒီပါတီနှင့် နီးစပ်သူ ゞင်းကဆိုသည်။
"အစိုးရသက်တမ်းတစ်ဝက်ကျော်ချိန်မှာ သူတောက်လျှောက်ဖိလုပ်ခဲ့တာတွေ ထိရောက်မှုရှိ၊ မရှိကို သိချင်တယ်။ ဒီနှစ်ထဲသွားတဲ့အတွက် မဲဆွယ်စည်းရုံးတယ်လို့လည်း ပြောလို့မရဘူး။ မူဝါဒအမှားတွေရှိရင်လည်း ပြုပြင်ဖို့ အချိန်ရတယ်။ နောက်နှစ်မှသွားမယ်ဆို နောက်ကျနေပြီ။ နောက်ပြီး လူထုတွေ့ဆုံပွဲတွေမှာ ပြည်သူတွေက တိုက်ရိုက်မေးရင် သက်ဆိုင်ရာဝန်ကြီးကို ဖြေခိုင်းတာက အလုပ်လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ တန်းပေါ်တာပဲ။ အဲဒါလက်တွေ့စာမေးပွဲစစ်တာပဲ" ဟု ဦးရဲမင်းဦးက ပြောသည်။
လူထုတွေ့ဆုံပွဲများ၏ အကျိုးသက်ရောက်မှုသည် လူထုထက် ဒေါ်အောင်ဆန်းစုကြည်အတွက် ပို၍ထိရောက်မှုရှိမည်ဟု ဦးအေးမောင်ကျော်က ယုံကြည်သည်။
"အစိုးရအဖွဲ့ သက်တမ်းက သုံးနှစ်ရှိလာပြီ။ သူအခုသွားနေတဲ့လမ်းကြောင်းက အောင်မြင်လား၊ မအောင်မြင်ဘူးလား။ ဘာတွေက အဟန့်အတားဖြစ်နေလဲ။ အနှောင့်အယှက်ဖြစ်နေလဲဆိုတာ ပြန်သုံးသပ်ဖို့လိုလာတယ်။ သူ့အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေနဲ့ နိုင်ငံရေးရေချိန်ကွာတော့ တတ်နိုင်သမျှ သူပဲသွားရတာတော့ ဝန်နည်းနည်းပိုပိတယ်။ အခြေအနေမှန်ကို သူသိမှ အစိုးရအဖွဲ့လည်းသိမယ်" ဟု လူထုတွေ့ဆုံပွဲများ၏ သက်ရောက်မှုအပေါ်ゞင်းက သုံးသပ်သည်။
လူထုတွေ့ဆုံပွဲအချို့သည် ပြည်နယ်အစိုးရအဖွဲ့၏ အပြောင်းအလဲများကို ယူဆောင်လာတတ်သည်။ ကချင်ခရီးစဉ်အပြီးတွင် ပြည်နယ်ဝန်ကြီးသုံးဦးကို အနားပေးခဲ့သည်။ တနင်္သာရီတိုင်းခရီးစဉ်အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို အဂတိမှုဖြင့် ဖမ်းဆီးအရေးယူခြင်းနှင့် ဝန်ကြီးနှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။
ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အရေးယူမှုနောက်ကျခဲ့သည်ဟု ဝေဖန်မှုများရှိခဲ့သည့်တိုင် ထိရောက်သည့် အရေးယူမှုကြောင့် ဒေသခံလူထုကို ကျေနပ်စေခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံမှုက တိုင်းအစိုးရအဖွဲ့ပေါ်မှာ မကျေမနပ်ဖြစ်နေတဲ့ တနင်္သာရီတိုင်းက ဒေသခံတွေအတွက် ကျေနပ်မှုတစ်စုံတစ်ရာဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မလာခင်ကဆိုရင် ဗဟိုအစိုးရနဲ့ ပါတီက တနင်္သာရီတိုင်းကို ပစ်ထားတယ်ဆိုတဲ့ခံစားမှုမျိုးအထိ ရှိခဲ့တယ်" ဟု ဒေသတွင်း သတင်းအေဂျင်စီတစ်ခုဖြစ်သော Dawei Watch မှ အယ်ဒီတာ ကိုရဲထွဋ်ဝင်းက ပြောသည်။
လူထုတွေ့ဆုံပွဲများအပြီးတွင် ထူးခြားသော ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်းရှိ၊ မရှိမှာမူ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေအရေးယူကိုင်တွယ်နိုင်ရမည်ဟု ရန်ကုန်အခြေစိုက်အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ Triangle Women Support Group အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးက အကြံပြုသည်။
"အမှား အကြီးကြီးဖြစ်တဲ့အထိ စောင့်နေရတာမျိုးမလုပ်ဘဲ လူကြီးတွေအနေနဲ့ တိုင်ကြားမှုတွေရှိလာရင် မှန်ကန်တဲ့အချက်အလက်တွေရအောင် သေချာစိစစ်ပြီး ကြိုတင်သတိပေးမှု၊ အရေးယူမှုလုပ်သင့်တယ်။ မနာလိုလို့ တိုင်တာဆိုရင်တော့ စိစစ်ပေါ့။ ဒါဆို လူထုတွေ့ဆုံပွဲတွေလည်း အကျိုးရှိလာမယ်" ဟု ゞင်းက ဆိုသည်။
အတိုင်ပင်ခံ၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ပြည်သူနှင့် ဆွေးနွေးရန်ညွှန်ကြားအပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးအများစုသည် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ဒေါ်လဲ့လဲ့မော်အဖမ်းခံရချိန်တွင် လူထုတွေ့ဆုံပွဲတစ်ခုနှင့်တစ်ခုကြား အကူးအသန်းပြုလုပ်ချိန် လမ်းခုလတ်တွင် ဖမ်းခံရခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မတ်လဆန်းစစ်ကိုင်းတိုင်းခရီးစဉ်အပြီးတွင် တိုင်းအစိုးရအဖွဲ့ဝင်များသည် လူထုနှင့်တွေ့ဆုံမှုများ ယခင်ထက် ပိုမိုပြုလုပ်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌဌ ဦးဇော်သူရိန်ထွန်းက ပြောသည်။
"လူထုတွေ့ဆုံပွဲတွေရဲ့ အဓိကအားသာချက်က အစိုးရကို တိုက်ရိုက်ပြောခွင့်ရတော့ ပြဿနာတွေကို ဝန်ကြီးချုပ်နားနဲ့ဆတ်ဆတ်ကြားရတယ်။ စာတင်တာကမှ ရောက်၊ မရောက်ရှိဦးမယ်။ စစ်ကိုင်းမှာဆို မူးယစ်ဆေးကိစ္စအဆိုးဆုံးပဲ။ နောက်တရားမဝင်သစ်ခိုးထုတ်မှု၊ ရွှေမှော်တွေမှာ ရွှေခိုးတူးတာ။ ဒါတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်။ လက်လုပ်လက်စားတွေရော၊ လုပ်ငန်းရှင်တွေပါ စီးပွားရေးအဆင်မပြေတာတော်တော်လေး စိန်ခေါ်မှုဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းပေးသင့်တယ်" ဟု ဦးဇော်သူရိန်ထွန်းက ပြောသည်။
သို့သော် လူထုထောက်ခံမှုရရှိထားသည့် အင်န်အယ်လ်ဒီအစိုးရတက်လာသည့်တိုင် မပြီးပြတ်သေးသည့် စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာအငြင်းပွားမှုပြဿနာများကိုမူ ယနေ့ထိ အစိုးရအဖွဲ့က ဖြေရှင်းပေးရန် ပျက်ကွက်နေဆဲဟု ကြေးစင်တောင်ဒေသခံ ဦးတင်အောင်စိုးက ပြောသည်။
"အမေစုစကားကိုသူတို့ (တိုင်းဒေသကြီးအစိုးရအဖွဲ့) နားမထောင်ပါဘူးဗျာ။ သူတို့ ဒီထက်ပိုအလုပ်လုပ်စေချင်ပါတယ်။ လုပ်သင့်တာမလုပ်ဘဲ မကြာသင့်ဘဲ ကြာနေတာတွေကို သူတို့မဖြတ်နိုင်ပါဘူး။ တကယ်ဆို ကွင်းဆင်းပြီး ပြည်သူ့အသံနားထောင်ပြီး ပြည်သူ့အမြင်ကို ဖွင့်ပေးသင့်ပါတယ်။ ဒီကြေးနီစီမံကိန်းနေရာဆို တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နေတဲ့နေရာနဲ့ လှမ်းကြည့်ရင်တောင်မြင်နေရတာပါ။ တစ်ခါမှ ခုထိကို မလာသေးပါဘူးဗျာ" ဦးတင်အောင်စိုးက ပြောသည်။
လူထုအခြေပြု ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ ပေါက်ဖွားလာသော အင်န်အယ်လ်ဒီသည် အာဏာမရမီကတည်းက ပြည်သူနှင့်တစ်သားတည်းနေထိုင်ခဲ့သည်။ လက်ရှိအာဏာရလာချိန်တွင် ပြည်သူနှင့်ကင်းကွာမသွားရန် လိုအပ်နေသည်ဟု နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။
"မန္တလေး၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း(ဝန်ကြီးချုပ်များ) တို့ဆိုရင် အရင်ပုံစံအတိုင်းပဲ။ လက်ဖက်ရည်ဆိုင်လည်း သွားထိုင်တာပဲ။ ဘာမှမပြောင်းလဲဘူး။ ဟန်ကြီးပန်ကြီးမရှိဘူး။ လူထုနဲ့ပိုနီးစပ်တော့ လူထုကလည်း ငါတို့နဲ့အတူတူပဲလို့ ခံစားရစေတယ်။ ဒေါ်အောင်ဆန်းစုကြည်သတိပေးတာလည်း ဒါပါပဲ။ လူထုနဲ့ထိတွေ့ပါ။ တစ်သားတည်းနေပါ ဆိုတာပေါ့။ ရှေ့အစိုးရအဆက်ဆက်ကိုကြည့်လိုက်ပါ။ ခေါင်းဆောင်အစဉ်အဆက် ဘယ်တုန်းကမှ ပြည်သူကို ခုလိုမျက်နှာချင်းဆိုင်ပြီး စကားမပြောဖူးဘူး" ဟု ဦးရဲမင်းဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲများမတိုင်မီ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရသက်တမ်းသုံးနှစ်အတွင်း ခေါင်းစဉ်အလိုက် လူထုတွေ့ဆုံပွဲများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်ကို 'ငြိမ်းချမ်းရေးနှစ်' ဟု ကြွေးကြော်ကာ လူငယ်များအပါအဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံများ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးစကားဝိုင်းဟု ခေါင်းစဉ်တပ်ထားသော်လည်း ကဏ္ဍဍအစုံကို အတိုင်ပင်ခံထံ တိုက်ရိုက်တင်ပြ တောင်းဆိုဆွေးနွေးနိုင်ခဲ့သည်။ ကျေးလက်များအထိ ကွင်းဆင်းကာ လူထုနှင့် ထိတွေ့ခဲ့မှုကြောင့် ယင်းစကားဝိုင်းများမှာ လူထုကို ဆွဲဆောင်နိုင်သည့် နည်းလမ်းတစ်ခုဟု ထင်မြင်ယူဆမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုတွေ့ဆုံပွဲများခေါင်းစဉ်တပ်၍ ယခုနှစ် ဇန်နဝါရီအတွင်း ကချင်နှင့် ချင်းပြည်နယ်၊ ဖေဖော်ဝါရီတွင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မတ်လတွင် စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်၊ ဧပြီလဆန်းတွင် မြောင်းမြတံတားသစ် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် ဧရာဝတီတိုင်းအတွင်း မြို့လေးမြို့သို့ တစ်ရက်တည်းအရောက်သွားကာ ဒေသခံများနှင့်တွေ့ဆုံထားပြီးဖြစ်သည်။
စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိကအရေးပါသည့် ရန်ကုန်မြို့နေလူထုကလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရမည့် အခွင့်ကို မျှော်လင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်လူထုနှင့် တွေ့ဆုံပွဲလုပ်ဖြစ်မည်ဆိုပါက မြို့ခံလူထုကြားဝေဖန်မှုမြင့်တက်နေပြီး အတိုင်ပင်ခံကိုယ်တိုင် ဝေဖန်ထားသော ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့ ပြဿနာများကို ဆွေးနွေးလိုသည်ဟု ရန်ကုန်မြို့ခံတစ်ဦးဖြစ်သည့် ကိုထက်အောင်က ဆိုသည်။
"ရန်ကုန်မြို့သစ်လိုစီမံကိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီ ဝကွက်အပ်ထားတဲ့ပုံစံမျိုး ဘာလို့လုပ်ထားလဲဆိုတာမျိုး၊ မြို့သစ်တွေပဲစွတ်လုပ်နေပြီး ရန်ကုန်က လူနေသိပ်ထူထပ်တဲ့နေရာတွေ ဥပမာလှိုင်သာယာမှာ အခြေခံလူထုလိုအင်တွေ၊ တရား ဥပဒေစိုးမိုးမှုရအောင် ဘာတွေလုပ်ဖို့ရှိလဲ ဆိုတာမျိုး၊ ဟိုတလောက ဟော့သွားတဲ့ YBS အရှုပ်တော်ပုံလိုကိစ္စမျိုးတွေ မေးစေချင်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်ဖက်လှည့်မဲဆွယ်တာမျိုးဆိုရင်တော့ မေးလည်း သိပ်ထူးမယ်မထင်ပါဘူး" ဟု ゞင်းကပြောသည်။
Credit - Myanmar Times
No comments:
Post a Comment