ကလေးကိုပြုစုပျိုးထောင်တဲ့ နေရာမှာ လွန်ကဲခြင်းသုံးပါးရှိပါတယ်။ အချစ်လွန်ကဲခြင်း၊ အကာအကွယ် လွန်ကဲခြင်းနဲ့ ကလေးအပေါ် မျော်လင့်ချက် လွန်ကဲခြင်းတို့ဖြစ်ပါတယ်။
၁။ အချစ်လွန်ကဲခြင်း၊
ချမ်းသာတဲ့ မိသားစု၊ မိမိကိုယ်မိမိ အထက်တန်းလို့ ယူဆထားတဲ့မိသားစုတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ကလေးကို မိသားစုအတွင်းမှာ ဖူးဖူးမူတ်ထားတယ်၊ ကလေးလိုအပ်တာရော၊ သူလိုအပ်မယ်လို့ ထင်မိတာတွေရော၊ သူများဆီမှာ ရှိနေတာတွေ့လို့ ကိုယ်မရှိသေးတာတွေရော၊ အားလုံးဝယ်ပေးထားတယ်။ အစားအသောက်၊ အ၀တ်အစား၊ ရေချိုးတာ၊ ဆော့တာက အစ အနည်းဆုံး အိမ်ဖေါ်ရဲ့ စောင့်ရှောက်မှု အောက်မှာထားမယ်။
ကလေးက ” ရေ” အော်လိုက်ရင် ရေခွက်နဲ့ ရေက ရှေ့မှာ ရောက်ပြီးသား၊
မုန့်တစ်ခုခု ကျွေးထားတာမှ ဘာမှ မကြာသေးဘူး၊ ဆာပြီလား၊ ဘာစားချင်လဲလို့ လူကြီးတွေက ဆက်တိုက်မေးနေတတ်တယ် ။ ကလေးပိုက်ဆာမှာ စိုးလို့၊ ကလေး မစားတတ်မှာ စိုးလို့၊ ကလေးစိတ် ဆိုးမှာစိုးလို့ ၊ ကလေးငိုမှာစိုးလို့ ၊ စသည်ဖြင့် ကလေးကို ပြုစု အလိုလိုက်လာခဲ့ရာ ကလေးတ ဖြည်းဖြည်း ကြီးလာတော့ တစ်အိမ်သားလုံးရဲ့ ဗဟို ဖြစ်သွားပါတယ်။ အချစ်လွန်တော့ အနှစ်လွန်တော့တာပေါ့၊ ကလေးက ကိုယ်ကိုကိုပဲ သိတော့တယ်။ အတ္တကြီးတယ်။ စိတ်ဆိုးလွယ်တယ်။ တစ်ခုခုလိုချင်ရင် ရကိုရမှ၊ အဲဒါဆို အဲဒါမှ၊ ဗူးဆိုဖရုံးမသီးတော့ပါ။ မိဘများက ထမင်းကို တလုပ်ချင်း ဇွန်းနဲ့ ခွန့်ကျွေးနေတဲ့ ဆေးကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ကို တွေ့ဖူးပါတယ်။ ဒီလို အချစ်လွန်ကဲခြင်း ခံရတဲ့ကလေးမျိုး နောင်အခါမှာ ဘယ်လိုဆရာဝန်လုပ်မလဲဆိုတာ စဉ်းစားမရနိုင်ပါ။
ဖြစ်သင့်တာက ကလေးကို အလွန် အလိုမလိုက်သင့်ပါ။ သုတေသန အဆိုအရ ကလေးက ၀ယ်ပေးပါလို့ တောင်းဆိုတဲ့ တောင်းဆိုမူ အားလုံးရဲ့ ၃၀% အလိုလိုက်ရင်တောင် လုံလောက်နေပါပြီ။ ၅၀% ခန့် အလိုလိုက်ရင် တောင် တော်တော် များနေပြီလို့ ဆိုပါတယ်။ လိုချင်တဲ့ အရာ မရစေတာလည်း ကလေးအတွက် အလွန်လိုအပ်သော အတွေ့ အကြုံ ဖြစ်ပါတယ်။

၂။ အကာအကွယ်လွန်ကဲခြင်း
အထိမခံ ရွှေပန်းကန်၊ ကလေးကို မူကြိုထားတယ်၊ မျက်စိတောက်ထောက်ကြည့်တယ်၊ ကလေးအိမ်ပြန်လာလို့ မျက်နာ မကောင်းဘူးလို့ ထင်လိုက်ရင် ဆရာမကို ပြသနာရှာပြီ၊ ငါတို့က လူကုံထံ၊ ပိုက်ဆံရှိတယ်၊ ထိရဲရင် ထိကြည့်ဆိုတဲ့သဘော၊ ပြသနာက ကလေးဆိုတာ အဆော့မက်တယ်၊ အချင်းချင်းလည်း ရန်လိုတတ်တယ်၊ အတန်းဖေါ်တွေနဲ့ ဆော့နေရင်းနဲ့လည်း တစ်ခါတစ်လေ ထိမိခြစ်မိတတ်တယ်။ လူ့ဘောင်လောက ကို ဒီလိုပဲ စတိုးရတာပဲ၊ အကာအကွယ်လွန်သွားရင်တော့ ပန်းအိမ်ထဲက ပန်းလေးလိုဖြစ်သွားနိုင်တယ်။ အရမ်းလှပါတယ်။ ဘာသဘာဝ ဒဏ်မှ ခံလို့ မရတော့ပါဘူး။
ကလေးကို ချစ်လွန်းတာ အပြစ်မရှိပါဘူး၊ အကာအကွယ်လွန်သွားရင်တော့ ကလေးကြီးလာရင် ကိုယ့်ကိုကို ဘာမှ မကာကွယ်တတ်တော့ဘူး။ ဘယ်သွားသွား မိဘတွေ အဒေါ်တွေ ကိုယ်တိုင်ပို့တယ်။ ဘာလိုလို လူကြီးတွေပို့ပြီး လိုက်ဝယ်ပေးတယ်။ ကလေးကြီးလာရင် လမ်းတောင်မမှတ်တတ်တော့ဘူး ။ ငယ်ငယ်တုန်းက မိဘနဲ့ ခွဲအိပ်ခိုင်းတာ စိတ်မချလို့ ဆိုတဲ့ ကလေးများဟာ ဆယ်ကျော်သက် ရောက်လာတဲ့ အခါကျရင်လည်း ကိုယ့်ကိုကို တစ်ယောက်တည်း မအိပ်ရဲဘူး။ ကလေးနဲနဲ ဖျားရင် တအိမ်သားလုံး ပျာယာခတ်ပြီး အကြီးကြီး ကုသပစ်တယ်။ နေကောင်းလာရင် အားဆေးတွေ အများကြီး တိုက်ပစ်တယ်။ ပိုးမွေးသလို မွေးတယ်လို့ မိဘတွေက ဂုဏ်ယူတတ်သေးတယ်။ မိဘများစဉ်းစားကြည့်ပါ။ ကလေးက တစ်ချိန်ချိန်မှာ လူကြီးဖြစ်လာမှာပဲ၊ ပိုးမွေးသလိုမွေးတော့ ပိုးကလေးတုန်းက ကိစ္စမရှိပါ။ ပိုးကြီးဖြစ်လာတဲ့ အခါကျရင် မိဘကမွေးနိုင်ပါသေးလား။
ဖြစ်သင့်တာက ကလေးကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့၊ လုပ်ကိုင်တတ်တဲ့ အရာ အားလုံးကို ကလေးကိုယ်တိုင် ပေးလုပ်သင့်ပါတယ်။ ကလေး ကိုယ့်ကိုကို အားကိုးတတ်ပါမှ ယုံကြည်ချက်တွေ တိုးပွားပြီး ဘ၀ ရင်ဆိုင်ဖို့ အရည်အချင်း ပြည့်စုံ နိုင်မှာ ဖြစ်ပါတယ်။

၃။ ကလေးအပေါ် မျော်လင့်ချက် လွန်ကဲခြင်း
ကလေးကို လုံးဝဖြစ်မြောင်စေချင်လွန်းတော့ ပန်းချီသင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ စန္ဒာယား သင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ တက်လိုက်တဲ့ ကျူရှင်တွေ၊ သွားလိုက်တဲ့ သင်တန်းတွေ၊ မိဘများစဉ်စားကြည့် ပါ။ ကလေးတွေ ဘယ်မှာ လာပြီး ပျော်ရွှင်တဲ့ ကလေး ဘ၀ ခံစားနိုင်တော့မလဲ၊ ကလေးဖြစ် ရူံးတာပေါ့၊ နောင်တစ်မျိုး ရှိသေးတယ်။ ကိုယ်က မအောင်မြင်ခဲ့တဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို မိမိ ကလေးတွေကို ပြောင်းလဲပြီး အကောင်အထည် ဖေါ်ခိုင်းတာမျိုး၊ မျက်နာပွင့်တယ်။ ဂုဏ်ရှိတယ်ဆိုပြီး ၀ါသနာမပါပဲ ဆေးတက္ကသိုလ်တို့၊ အင်ဂျင်နီယာ တို့ အတင်းတက်ခိုင်းတာမျိုး၊ ကလေးကြီးလာရင် ဟိုဟာဖြစ်ရမယ်။ ဒီဟာ ဖြစ်ရမယ် နဲ့ မျော်လင်ချက်ကြီးလွန်းရင် ကလေးအပေါ် ၀န်ပိပြီး မိမိကိုယ်ကို မိမိ ပျောက်ဆုံးသွားစေနိုင်ပါတယ်။
ဖြစ်သင့်တာက ကလေးကို ပျိုးထောင်တယ်ဆိုတာ ကလေးဘာဖြစ်ရမယ်ဆိုတာမျိုး မဟုတ်ပဲ ကလေး ဖြစ်သင့်တာကို အကောင်းဆုံးဖြစ်ဖို့ ပါဝင်ကူညီ ပံ့ပိုးခြင်းဖြစ်ပါတယ်။ ပါရမီကို ဖြည့်ဆီးပေးတဲ့ သဘောပါ။
ကျနော်ကဲ့သို့သော မိဘများ မမှားသင့်တဲ့ အမှားများ ကို မမှားမိဖို့ ဆင်ခြင် နိုင်အောင် တင်ပြလိုက်တာပါ။ တိုက်ဆိုင်သူတို့ အသုံးဝင်နိုင်ကြပါစေ။

ref: we chat
Credit: Sayar Aung Ko Latt
No comments:
Post a Comment