အင်အားကြီးတိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် NLD နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပါတီတာဝန်ရှိသူများက The Ladies News သို့ ပြောကြားသည်။
NLD ပါတီမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုကိုလည်း အဆိုပါ ပါတီနှစ်ခုက ထောက်ခံကြိုဆိုသည်ဟု ဆိုသည်။
SNLD မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ''ဖွဲ့စည်းပုံပြင်ဆင်ရေး။ ဒီဥစ္စာကို ဘယ်ပါတီကပဲလုပ်လုပ် ကျွန်တော်တို့ ကတော့ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်တယ်။ လိုအပ်သမျှပံ့ပိုးကူညီသွားမှာဖြစ်တယ်'' ဟုပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းမည့်ကော်မတီတွင် အာဏာရပါတီ NLDနှင့်အတူပူးပေါင်းဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင်ဖြစ်သည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောကြားသည်။
" ပူးပေါင်းရမှာပေါ့။ ဒါက ကော်မတီတစ်ရပ်ဖွဲ့မယ်ဆိုတာ ပါတီပေါင်းစုံပါတဲ့ ပါတီစုံဒီမိုကရေစီစနစ်လေ။ တပ်မတော်ကလည်း ရွေးကောက်ခံမဟုတ်ပေမယ့် အစုအဖွဲ့အဖြစ် ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းပါနေတယ်လေ။ အဲဒီအတွက်သူတို့လည်းပါရမှာပဲ။ လွှတ်တော်ထဲမှာရောက်နေတဲ့ပါတီအသီးသီးကိုကိုယ်စားပြုတဲ့ ပါတီအဖွဲ့အစည်းတွေလည်းပါရမယ်'' ဟု ၎င်းကပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အား သမ္မတမှ တိုက်ရိုက်ခန့်အပ်ရန် အခွင့်ပေးထားသည့် ပုဒ်မ ၂၆၁အား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ခန့်ရမည်ဟု ပြင်ဆင်လိုကြောင်းကိုလည်း ဒေါ်ခင်စောဝေက ပြောကြားသည်။
'' အန်တီတို့တိုင်းရင်းသားတွေ အရင်ဖွဲ့စည်းပုံပြင်ဆင်တုန်းကလည်း အမြဲတမ်းဆွေးနွေးခဲ့တဲ့ ပုဒ်မ ၂၆၁ ပေါ့။ ဒါ သမ္မတက တိုက်ရိုက်ခန့် တယ်။ အန်တီတို့က အဲဒီလိုမဟုတ်ဘဲနဲ့အနိုင်ရကိုယ့်ပါတီက မဲနဲ့ လွှတ်တော်မှာ ဝန်ကြီးချုပ်ဖြစ်အောင် တောင်းဆိုခဲ့ကြတယ်လေ။အဲဒီအတွက်ကြောင့် ဒါတွေကို ပြင်နိုင်မယ်ဆိုရင်တော့ အန်တီတို့အတွက်ပိုပြီးအားရှိတာပေါ့''ဟု ၎င်းကပြောကြားသည်။
NLD သည် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခြားသော ရည်ရွယ်ချက်တစ်ခုကြောင့် လုပ်ခြင်းမဟုတ်ဘဲ ဖွဲစည်းပုံကို အမှန်တကယ်ပြင်ဆင်ရန်ကြိုးစားခြင်း မှန်သည်ဆိုပါက လူထုအားလုံး၏ လေးစားယုံကြည်မှုကို ပြန်လည်ရရှိမည် ဖြစ်ကြောင်းနှင့် လူထု၏ကျေးဇူးကိုလည်းပြန်ဆပ် ရာရောက်သည်ဟု ဦးစိုင်းလိတ်က သုံးသပ်သည်။
SNLD သည် အမျိုးသားလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ် ၃ဦး ပြည်သူ့လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် ၁၄ဦးရှိပြီး ရခိုင်အမျိုးသားပါတီကမူ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၈ဦးနှင့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၁ဦးရှိသည်။
Credit - The Ladies News
No comments:
Post a Comment