Thursday, January 31, 2019

ဖားကန့် တွင် ယန္တရားကြီးများ အသုံးပြု၍ ကျောက်မျက် ခိုးတူးနေသည့် လစ်လပ်လုပ်ကွက်ပေါင်း ရာချီရှိနေ


ဖားကန့်ဒေသတွင် လုံခြုံရေးယူနေသည့် တပ်မကြီးတစ်ခုနှင့် ရဲတပ်ရင်း သုံးရင်း ရှိသော်လည်း ယန္တရားကြီးများ အသုံးပြု၍ ကျောက်မျက် ခိုးတူးနေသည့် လစ်လပ်လုပ်ကွက်ပေါင်း ရာချီရှိနေကြောင်း ဖားကန့်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးတင်စိုးက ဇန်န၀ါရီ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ် ဦးတင်စိုးက အကြံပြုဆွေးနွေးစဉ် တာဝန်ရှိသူများအနေဖြင့် သိရှိနိုင်ရန် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဦးတင်စိုးက အကြံပြုဆွေးနွေးစဉ် တာဝန်ရှိသူများအနေဖြင့် သိရှိနိုင်ရန် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လစ်လပ်လုပ်ကွက်နဲ့ပတ်သက်ပြီး ဆွေးနွေးရခြင်းရဲ့ အဓိက အကြောင်း အချင်းအရာက ဖားကန့်ဒေသမှာ လက်ရှိမြေပြင်မှာ ဖြစ်တည်နေတဲ့ အကြောင်းအချင်း အရာတွေကို ကျွန်တော် တင်ပြချင်တဲ့အတွက် ဆွေးနွေးရခြင်း ဖြစ်ပါတယ်”ဟု ဦးတင်စိုးကပြောသည်။
ဖားကန့်ဒေသတွင် လစ်လပ်လုပ်ကွက်ပေါင်း ထောင်နှင့်ချီရှိနေပြီ လစဉ်လတိုင်း ကုမ္မဏီများက သက်တမ်းကုန်၍ လစ်လပ် လုပ်ကွက်များ ဖြစ်နေကြောင်း၊ ယင်းလစ်လပ်လုပ်ကွက်ပေါင်း ထောင်နှင့်ချီရှိရာတွင် ယန္တရာကြီးများ အသုံးပြု၍ တရားမ၀င် တူးဖော်နေသည့် လုပ်ကွက်ပေါင်းများစွာ ရှိနေသည်ဟု ၎င်းကဆိုသည်။
“ဒီလောက်လုံခြုံရေးတွေ အထပ်ထပ် တာဝန်ယူတဲ့ကြားက တရားမ၀င် တူးဖော်မှုလုပ်ငန်းတွေဟာ နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ ဒါတွေကို တကယ်တမ်းထိန်းကျောင်းရမှာ သက်ဆိုင်ရာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ကျောက်မျက်ရတနာ ကော်ပိုရေးရှင်းကနေ ဒီလုပ်ကွက်တွေမှာ ခိုးတူးတာတွေ ရှိမရှိ သူတို့က စစ်ဆေးကြည့်ရှုရမှာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ အနေအထားမှာ ဒီလုပ်ကွက်တွေမှာ ဒီဟာတွေကို လိုက်ပါစောင့်ကြည့်ရမယ့် အစားစားပဲ ထုတ်နေတယ်။ ဒီလစ်လပ်လုပ်ကွက်တွေ မှာ တရားမ၀င် တူးဖော်မှုတွေ မရှိဖို့ဆိုပြီး စာပဲထုတ်နေပြီး မြေပြင်အနေအထားမှာ ဒါတွေကို လိုက်ပါစစ်ဆေးခြင်း မရှိတဲ့အခါ လက်ရှိမှာလည်း တူးနေတာတွေ ခိုးတူးနေတာမှ အကြီးအကျယ်ခိုးတူးနေတာတွေ ရှိနေတာကို ဖော်ပြချင်လို့ ဆွေးနွေးရခြင်းဖြစ်ပါတယ်”ဟု ဦးတင်စိုးကပြောသည်။
လစ်လပ်လုပ်ကွက်များတွင် တူးယူနေမှုများသည် နိုင်ငံတော်ဘဏ္ဍာအဖြစ်သို့ ရောက်ရှိခြင်း မဟုတ်ဘဲ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းဖြစ်၍ ယင်းသို့လုပ်ဆောင် နေမှုများကို တာဝန်ရှိလူကြီးမင်းများ ပုဂ္ဂိုလ်များသိရှိနိုင်ရန် အတွက် တင်ပြခြင်းဖြစ်သည်။ လက်ရှိမြေပြင် အခြေအနေတွင်လည်း အကြီးအကျယ် ခိုးတူးနေသည့် လုပ်ကွက်ပေါင်း ရာနှင့်ချီရှိသည်ကို နိုင်ငံတော် တာဝန်ရှိသူများ သိရှိနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးတင်ပြခြင်း ဖြစ်ကြောင်း ဦးတင်စိုးက ပြောကြားခဲ့သည်။

Photo – ဖားကန့်FB

Credit - The Ladies News




No comments:

Post a Comment