Thursday, January 31, 2019

ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ ဗီလိန်ဇာတ်ကောင် လော့ဒ် ဗော်လ်ဒီမော့ အမည်ဖြင့် စာများပို့ကာ ခြိမ်းချောက်ခဲ့သော မြန်မာတစ်ဦးကို စင်ကာပူတရားရုံးမှ ထောင်ချ


စင်ကာပူ၊ ဇန်န၀ါရီ ၃၀
သူ၏ အာမခံလုပ်ငန်းကို ငြင်းပယ်သူများဆီသို့ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ ဗီလိန်ဇာတ်ကောင် လော့ဒ် ဗော်လ်ဒီမော့ အမည်ဖြင့် စာများပို့ကာ ခြိမ်းချောက်သော မြန်မာတစ်ဦးကို စင်ကာပူတရားရုံးမှ ထောင်ဒဏ်အပြစ်ပေးလိုက်ကြောင်း Channel New Asia သတင်းတစ်ပုဒ်ဝယ် ရေးသားထားသည်။
ထိုသူမှာ စင်ကာပူနိုင်ငံတွင် အမြဲတန်းနေထိုင်ခွင့်ရရှိပြီးဖြစ်သည့် မြန်မာအမျိုးသား ရဲလင်းမြင့်(အသက် ၃၆နှစ်)ဖြစ်ပြီး တရားရုံးမှ ထောင်ဒဏ် ၂နှစ်နှင့် ၅လ အပြစ်ဒဏ်ကို ယမန်နေ့က အပြစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံမှ အာမခံလုပ်ငန်းတစ်ခုတွင် အာမခံကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ သို့ရာတွင် ယင်းအာမခံလုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခြင်းမရှိတော့သူဖြစ်ကြောင်း သိရသည်။
ရဲလင်းမြင့်သည် သူ၏ အာမခံလုပ်ငန်းနှင့် လက်တွဲရန်ငြင်းပယ်ခဲ့သည့် မြန်မာအချို့အပါအ၀င် စုစုပေါင်း လူ၃၃ ဦးထံသို့ စာများပေးပို့ခဲ့ကာ သူ့ဆီသို့ Bitcoin တစ်ခုစီပို့ရန် မှာကြားခဲ့ခြင်းဖြစ်သည်။ Bitcoin တစ်ခုသည် စင်ကာပူဒေါ်လာ ၆၅၀၀ နှင့် ၉၉၀၀ အကြားတန်ဖိုးရှိသည်။
သူသည် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ သူ့ဇနီးဖြစ်သူ၏ လက်ပတော့ကိုအသုံးပြုကာ ဆွစ်ဇာလန်အခြေစိုက် အီးမေးလ်ဝန်ဆောင်မှုတစ်ခုတွင် အီးမေးလ်အကောင့်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အီးမေးလ်ဝန်ဆောင်မှုမှာ အသုံးပြုသူထံမှ မည်သည့် ကိုယ်ရေးအချက်အလက်မျှ တောင်းခံခြင်းမရှိသော အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ထို့အပြင် ရဲလင်းမြင့်သည် Bitcoin Wallet တစ်ခုကိုပါ Lord Voldermort ဆိုသည့် အမည်ဖြင့်ဖွင့်ခဲ့သည်။ ယင်းမှာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများမှ ဗီလိန်ဇာတ်ကောင် လော့ဒ် ဗော်လ်ဒီမော့(Lord. Voldemort)အမည်ကိုယူထားခြင်းဖြစ်ပြီး စာလုံးပေါင်းမှာမူ မှားနေသေးသည်။
သူပို့သော စာများတွင် “ခင်ဗျားရဲ့ ဘ၀ပျက်သွားအောင်နဲ့ မြန်မာအသိုင်းအ၀ိုင်းမှာ အရှက်ကွဲသွားအောင် ကျုပ်လုပ်နိုင်တယ်။ အလုပ်ပါပြုတ်သွားအောင်လဲ ကျုပ်လုပ်နိုင်တယ်။ တကယ်လို့ ကျုပ်အနေနဲ့ လုပ်ချင်သပဆိုရင် ခင်ဗျားမိဘတွေရော ခင်ဗျားမိန်းမရော ခင်ဗျားကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုင်အောင် လုပ်နိုင်တယ်”ဟူ၍လည်းကောင်း၊ “လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက ခင်ဗျားရော ခင်ဗျားမိန်းကိုပါ ကျုပ်က စောင့်ကြည့်ခဲ့ပြီးပြီ။ ခင်ဗျားမိသားစုအကြောင်း ကျုပ်အကုန်သိပြီးသား။ ခင်ဗျားဘယ်မှာနေတယ် ဘာလုပ်တယ်ဆိုတာကိုလဲ ကျုပ်သိတယ်”အစရှိသည့် ခြိမ်းချောက်သည့် စာသားများပါဝင်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
သိုရာတွင် သူ၏ စာများကို လက်ခံရရှိသူတစ်ဦးကမျှ Bitcoinများပြန်ပို့ကြခြင်းမရှိပဲ ရဲဆီသို့သာ တိုင်တန်းကြသဖြင့် ယခုကဲ့သို့ အရေးယူအပြစ်ပေးခံရခြင်းဖြစ်သည်။
PN
ref: Insurance agent who posed as 'Lord Voldermort' jailed after demanding Bitcoin from clients

Credit - Popular News Journal



No comments:

Post a Comment