ရန်ကုန်မှာ တက္ကစီ စီးတယ်။ အသက်ကြီးကြီး ကားမောင်းသမားနဲ့ တွေ့တယ်။ သူဝတ်တာ စားတာက တက္ကစီ ဒရိုင်ဘာပုံစံမျိုး မဟုတ်ဘဲ ရုံးအုပ်ကြီး ရုံးစာရေးကြီး ပုံစံမျိုး။ သန့်သန့်ပြန့်ပြန့် ရှိတယ်။
တက္ကစီအတူစီးတဲ့ ကျနော့်အသိက ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်။ ကားပေါ်မှာ သူ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖုန်းဆက်နေ ဖုန်းပြောနေတာက မနောရဲ့ ဗိုလ်အောင်ဒင် သီချင်းလို အဆက်မပြတ်။
အိမ်ခြံမြေ အရောင်းအဝယ် မကောင်းတာတွေ။ ရောင်း ဝယ် အခွန်ဆောင်ရတာတွေ။ ရန်ကုန်တိုင်းအစိုးရရဲ့ တန်ဘိုးသင့်/နည်း အိမ်ယာအကြောင်း၊ ရန်ကုန်တိုင်းအစိုးရက ကျူးကျော်တွေကို Smart Card တွေ ထုတ်ပေးတဲ့ အကြောင်းတွေပါတယ်။
ခဏ စကားပြောရပ်တဲ့ အချိန်မှာ တက္ကစီဒရိုင်ဘာကြီးက ပြောတယ်။
"ကျူးကျော်တွေကို smart card ထုတ်ပေးတာလား”
”ဟုတ်တယ်” (ကျနော့် မိတ်ဆွေက ဖြေတယ်။)
”ဦးက .... ဌာနက ရုံးအုပ်ကြီးပင်စင်စားပါ။ ခုပင်စင်ယူပြီး စား ဝတ် နေရေး အတွက် တက္ကစီ မောင်းနေတာ”
"ဦးမှာ သား သမီးတွေ မရှိဘူးလား”
"ရှိပါတယ်။ သူတို့လည်း သူ့တို့မိသားစုနဲ့ မပြည့်စုံတော့ ဦးတို့ကို ဘယ်ထောက်ပံ့နိုင်မလဲ”
"ဦးတို့ လင်မယား ၂ ယောက်ထဲ ပင်စင်ရယ်၊ တက္ကစီမောင်းတာနဲ့ စားရ၊ အိမ်ဌားခ ပေးရတာ”
"ဟင်...ဦးလေးက ပင်စင်စားပြီးတာတောင် အိမ်ပိုင် မရှိဘူးလား”
"မရှိပါဘူး။ မဝယ်နိုင်ပါဘူးကွာ”
"အစိုးရက ရောင်းပေးတဲ့ တန်ဖိုးနည်းဆိုလား တန်ဘိုးသင့်ဆိုလား တိုက်ခန်း မလျှောက်ဘူးလား။ မဝယ်ဘူးလား”
"မလျှောက်ပါဘူး။ မဝယ်နိုင်ပါဘူး။ လက်ငင်းပေးရမယ့် ၃၀% ငွေလည်းမရှိပါဘူး။ လစဉ်ပေးရမယ့် ၃သိန်းကလည်း ဘယ်သွားရှာရမလဲ။ မဝယ်နိုင်ပါဘူးကွာ”
ကျနော်ဘာပြန်ပြောရမယ်မသိ။ စိတ်သက်သာရာ သက်သာငြား ပြောလိုက်တယ်။
"ရန်ကုန်အစိုးရက ကျူးကျော်တွေ နေဘို့ smart card ထုတ်ပေးတယ်ဆို။ ဦးလေးတို့ ကျူးကျော် သွားလုပ်ပစ်ဗျာ”
"ဦး...အဲတာပြောချင်နေတာ။ ကျူးကျော်လုပ်ရဲဘို့က ကျူးကျော်လုပ်သူတွေက မိုက်ရဲ မရှက်မှ ကျူးကျော်လုပ်ကြတာများတယ်။ ဦးတို့လို ရုံးဝန်ထမ်း ရှက်တတ်၊ ကြောက်တတ်တဲ့ သူတွေ ဘယ်ကျူးကျော် လုပ်ရဲမှာလဲ။ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ဦးတို့လို လူတန်းစားတွေရှိတယ်ဆိုတာ သိစေချင်တယ်”
"ဦးက ဦးတို့အတွက် ဘယ်လို ဖြစ်စေချင်လဲ”
"အစိုးရ အနေနဲ့ ဦးတို့လို တိုက်ခန်း အိမ်မဝယ်နိုင်တဲ့သူတွေ အတွက် ဈေးအသင့်အတင့်နဲ့ တိုက်ခန်းတွေ ငှါးပေးနိုင်ရင် ကောင်းမယ်။ အဆင်ပြေမယ်”
ကျနော့် အသိ အိမ်ခြံမြေအကျိုးဆောင်ကို ဘယ်လိုလဲလို့ မေးကြည့်တော့ "အစိုးရလည်း သူ့အခက်အခဲ နဲ့ သူရှိနေလို့ဖြစ်မှာပေါ့” ဆိုတဲ့ ကြားနေကျ စကား ပြန်ပြောတယ်။
တက္ကစီဒရိုင်ဘာ ဦးလေးကြီးက စကားဆက်တယ်။
"ဦးတို့ လင်မယား အိမ်ဌားနေတဲ့ အိမ်ရှင် အကြောင်းပြောရင် မင်းတို့ အံ့သြမယ်”
"ပြောပါ ဦးလေး။ ဘာလို့တုန်း”
"ဦးတို့ လင်မယားက အိမ်ရှင်ရဲ့ အပိုင်းကန့်ထားထားတဲ့ အခန်းလေးငှါးနေတာ။
အိမ်ရှင်က သူတောင်းစားတွေ”
အိမ်ရှင်က သူတောင်းစားတွေ”
"ဗျာ”
"ဟုတ်တယ် ငါ့တူ။ သူတို့မိသားစုတစ်စုလုံး မနက်ဆို အားလုံးထွက်ပြီး ရန်ကုန်အနှံ့ထွက်ပြီးတောင်းကြတယ်။ ညဘက်ပြန်ရောက်ရင် တောင်းရတဲ့ငွေတွေ စုပြီး ရေကြ တွက်ကြတယ်။ ခု ဦးတို့ကို အခန်းကန့် ငှါးထားတဲ့ အိမ်က သူတို့ပိုင်တဲ့အိမ်။ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့”
ကျနော့်ရင်ထဲ မကောင်း။ သူကဆက်ပြောတယ်
"အဲလို တောင်းရဲဘို့ သူတောင်းစားလုပ်ရဲဘို့ကလည်း မလွယ်ဘူးလေ။ မရှက်မှရတာ။ ဦးတို့လို ရှက်တတ်တဲ့ စီးပွားရေးအဆင်မပြေတဲ့ ပင်စင်စားတွေရှိတယ်ဆိုတာ အစိုးရ သိစေချင်တယ်”
ကျနော့် ရင်ထဲဝင်လာတဲ့စကားက
'ရှက်တတ်တဲ့ ပင်စင်စား'။
'ရှက်တတ်တဲ့ ပင်စင်စား'။
Credit - Aye Lin(နတ်မောက်သား)
No comments:
Post a Comment