The Voice Weekly ဂျာနယ်ပါ ဆောင်းပါး
.
"ဖြစ်တည်မှု အကျပ်အတည်း ခြေခြေမြစ်မြစ်လက်တွေ့ပဓာနဝါဒ နှင့် ဒွိစုံထင်ယောင်ထင်မှားမှု"
▪️=========================▪️
.
◼️ဖြစ်တည်မှု အကျပ်အတည်း
.
‘ယူတိုပီယာ’ (Utopia) နှင့် စိတ်ကူးမြင်ကွင်း (Vision) မတူပေ။ ယူတိုပီးယားကို ‘မရှိသောနေရာ’ ဟု ဘာသာပြန်နိုင်သည်။ မရှိသောနေရာကို စိတ်ကူးယဉ်၍ အိပ်မက်မက်ခြင်းဖြစ်သည်။ ဗစ်ရှင် (စိတ်ကူးမြင်ကွင်း) ကမူ ဖြစ်နိုင်ခြေကို အခြေခံရမည်။ အမှန်တကယ်လည်း ဖြစ်နိုင်ရမည်။ ‘အနာဂတ်အမြင်’ ဟုလည်း ဘာသာပြန်နိုင်သည်။ နိုင်ငံတစ်နိုင်ငံတွင် မတူသောအင်အားစုအသီးသီးရှိပြီး ၎င်းတို့၏ ‘စိတ်ကူးမြင်ကွင်းများ’ လည်း မတူကြလျှင် ‘ရှုပ်ထွေးမှုတွေ’ (Complexity) ရှိလာသည်။ ဤရှုပ်ထွေးမှုများကပင် သက်ဆိုင်ရာ နိုင်ငံ၏ ‘ဖြစ်တည်မှုအကျပ်အတည်း’ (Existential Crisis) ကို မွေးထုတ်သည်။
.
မြန်မာနိုင်ငံ၏ ‘ဖြစ်တည်မှုအကျပ်အတည်း’ မှာ ယခုလိုဖြစ်သည်။ (၁) စစ်ဘက်အာဏာပိုင်စနစ်ကို ရွေးလိုသူတွေရှိသည်။ (၂) အရပ်သား အစိုးရစစ်စစ်ကို ရွေးလိုသူတွေရှိသည်။ (၃) စစ်ဘက်အရပ်ဘက် ပူးတွဲသွားသည့်အုပ်ချုပ်ရေးပုံစံကို ရွေးလိုသူတွေရှိသည်။ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများကို ဖြတ်သန်းပြီးသောအခါ မတူသောအင်အားစုများညှိနှိုင်းပြီး (၁) နှင့် (၂) ကို ပယ်ကာ၊ (၃) ကို ရွေးလိုက်ကြသည်။ ဤတွင် နောက်ထပ် ‘ဖြစ်တည်မှုအကျပ်အတည်း’ သစ်တစ်ခု ပေါ်လာသည်။ (၁) စစ်ဘက်၊ အရပ်ဘက် ပူးတွဲအုပ်ချုပ်ရေးပုံစံကို ဆက်လက်ထိန်းသိမ်းလိုသူတွေ (၂) အရပ်သားအစိုးရစစ်စစ်ကို ရွေးလိုသူတွေနှင့် (၃) ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဖက်ဒရယ်နိုင်ငံရေးစနစ်ကို အသုံးပြုလိုသူတွေ ရှိလာသည်။ နံပါတ် (၃) တွင် ယခုလိုထပ်ကွဲသည်။ လက်ရှိအစိုးရနှင့် တပ်မတော်က ‘ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု’ ကို သွားလိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု’ ကို သွားလိုသည်။
.
ဤမူကွဲနှစ်ခုမှာ စကားလုံးသက်သက်မဟုတ်။ အခြေခံကျကျ ကွဲလွဲခြင်းဖြစ်သည်။ ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု’ ဆိုသည်က ‘တစ်ဦးချင်းအခွင့်အရေး’ (Individual Right) ကို ဦးစားပေးလိုသည်။ ‘လူတစ်ကိုယ် မဲတစ်မဲ’ စနစ်နှင့် ရွေးချယ်သော ‘ပြည်သူ့လွှတ်တော်’ ကို အဓိကထားလိုသည်။ ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု’ ဆိုသည်ကမူ ‘အုပ်စုအခွင့်အရေး’ (Group Right) ကို ဦးစားပေးလိုသည်။ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်အရေအတွက်နှင့် ရွေးချယ်သော ‘အမျိုးသားလွှတ်တော်’ (ယခင် – လူမျိုးစုလွှတ်တော်) ကို အဓိကထားလိုသည်။ ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိက ‘ဖြစ်တည်မှုအကျပ်အတည်း’ မှာ ‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု’ နှင့် ‘ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု’ ကြားဖြစ်သည်။ ဤနှစ်ခုကြား ညှိနှိုင်းဖို့လိုသည်။ တည်ဆဲအစိုးရ (NLD) အစိုးရ) ၏ ပေါ်လစီမှာ ဤနှစ်ခုကို အရင်ညှိပြီးမှ အရပ်သားအစိုးရစစ်စစ် ဖော်ထုတ်ဖို့ဖြစ်ဟန်တူသည်။
.
◼️ခြေခြေမြစ်မြစ် လက်တွေ့ပဓာနဝါဒ
.
တည်ဆဲ NLD အစိုးရ၏ပေါ်လစီမှာ အရပ်သားအစိုးရစစ်စစ် ထူထောင်ဖို့ ဖြစ်ပါလိမ့်မည်။ ဤတွင် စစ်ဘက်အာဏာပိုင်စနစ်နှင့် သွားလိုသူများနှင့် ညှိကြနှိုင်းကြရမည်ဖြစ်ရာ ‘အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး’ ဟုဆိုနိုင်သည်။ သို့တိုင် NLD ပါတီအနေနှင့် ဤပြဿနာကို အလျင်စလို ကိုင်တွယ်ဖို့ မကြိုးစား။ မြန်မာ့စစ်ဘက်အာဏာပိုင်စနစ်၏ ရေခံမြေခံ၊ ပြည်တွင်းစစ်ကို အရင်ရှင်းဖို့ကြိုးစားသည်။ ဤအထိ NLD ပါတီ၏ ပေါ်လစီမှာ ယေဘုယျအားဖြင့် မှန်သည်ဟု ယူဆရပါသည်။ သို့တစေ ယခုကျင်းပပြီးစီးသော ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် NLD ကိုင်ဆွဲခဲ့သော ပုံသဏ္ဌာန်မှာ ဖက်ဒရယ်မူပိုင်းဆိုင်ရာများကို ညှိနှိုင်းအရယူရေးဖြစ်နေရာ လက်တွေ့အလုပ်ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြဖို့လိုမည်ထင်သည်။
.
‘ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု’ နှင့် ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု’ ဆိုသော ‘ဖြစ်တည်မှုအကျပ်အတည်း’ ကရှိနေရာ တစ်ချိန်မဟုတ် တစ်ချိန်တွင် အထစ်အငေါ့ရှိလာနိုင်ပါသည်။ အခြေခံမူအားလုံး ညှိနှိုင်းလို့ရပြီထား။ ထိုအခြေခံမူများနှင့် ဆက်စပ်နေသော ပုဒ်မများကို ဖော်ထုတ်ရန်မှာ နောက်တစ်ကြိမ်အချိန်ယူဆွေးနွေးရမည့်သဘောရှိသည်။ သို့အတွက် အခြေခံမူများမှ မစတင်ဘဲ လွယ်သောပုဒ်မများကို အရင်ပြင်ကာ ခက်သောပုဒ်မများကို အချိန်ယူညှိနှိုင်းသည်က ပို၍အဆင်ပြေလေမည်လား။ စဉ်းစားဖို့လိုပါလိမ့်မည်။ ဤသို့ဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အခြေခံဥပဒေပြင်ဆင်ရေးကြားတွင် ချောက်ကမ်းပါးကြီးခြားတော့မည်မဟုတ်ပါ။ NCA စာချုပ်မှတစ်ဆင့်လည်း အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်ကြောင်း လူထုကြားတွင် အသိတစ်ခုရသွားပြီး NLD ၏ နိုင်ငံရေးဩဇာလည်း တက်လာနိုင်ပါသည်။
.
ဤသို့သောနည်းနာမျိုးကို နယူးယော့ခ်တိုင်းမ်ဂျာနယ်လစ် တောမတ်ဖရီးမင်း (ကမ္ဘာပြားပြီရေးသူ) က ‘ခြေခြေမြစ်မြစ် လက်တွေ့ပဓာနဝါဒ’ (Radical Pragmatisim) ဟု အမည်ပေးသည်။ (ကွယ်လွန်သူ ဆရာကြီး မောင်စူးစမ်းကမူ ‘အမြစ်မြေလှန် လက်တွေ့ပဓာနဝါဒ’ ဟု ဘာသာပြန်ပေးသည်။ မြန်မာ့နိုင်ငံရေးတွင် ခေတ်စားနေသော ‘ရယ်ဒီကယ်’ သမားများနှင့် ကွဲလွဲစေရန် ‘ခြေခြေမြစ်မြစ် လက်တွေ့ပဓာနဝါဒ’ ဟု ဘာသာပြန်လိုက်ပါသည်။) ‘ခြေခြေမြစ်မြစ်’ လည်း ဖြစ်ရမည်။ လက်တွေ့လည်း ကျရမည်ဆိုသော သဘောကိုညွှန်းပါသည်။ ဆိုလိုသည်မှာ ညှိနှိုင်းဖို့ခက်ခဲနိုင်သော ပုဒ်မများနှင့် DDR, SSR တို့ကို အချိန်ယူညှိနှိုင်းပြီး လွယ်ကူသောပုဒ်မများမှ စတင်ဖို့ဖြစ်ပါသည်။
.
◼️ဒွိစုံထင်ယောင်ထင်မှားမှု
.
ဤနေရာတွင် ‘ဒွိစုံထင်ယောင်ထင်မှားမှု’ (Binary Illusion) ၏ အန္တရာယ်ကိုတော့ သတိပြုဖို့လိုပါလိမ့်မည်။ ‘ဒွိစုံထင်ယောင်ထင်မှားမှု’ ဆိုသည်မှာ မည်သည့်ကိစ္စမဆို ‘အဖြူမဟုတ်ရင် အမည်း’၊ ‘အမှန်မဟုတ်ရင် အမှား’၊ Either – or စသည့် မျက်နှာစာနှစ်ဖက် ဆန့်ကျင်ထားပြီး ကောက်ချက်ဆွဲခြင်းကို ညွှန်းသည်။၂၁ ရာစုတွင် မည်သည့်အရာမှ အနက်အဓိပ္ပာယ်တစ်ခုတည်းမရှိတော့ရာ ‘လူထု’ ဆိုသည်မှာပင် အဓိပ္ပာယ်တွေ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်ကုန်သည်။
.
ဤသို့သော ‘ဒွိစုံထင်ယောင်ထင်မှားမှု’ စွဲကပ်နေသူသည် ကြားအရောင်းတွေကို မမြင်၊ မသိ။ အဖြူနှင့် အမည်းပဲ စဉ်းစားတတ်ပုံ ရှိသည်။ ‘စစ်အစိုးရကို ထောက်ခံမှာလား၊ စစ်အစိုးရဆန့်ကျင်ရေးကို ထောက်ခံမှာလား။ နှစ်မျိုးပဲတွေးတတ်သည်။ ကြားထဲတွင် အမြင်အမျိုးမျိုးရှိနိုင်သည်ကို ခွင့်ပြုလိုဟန်မရှိပေ။ မြန်မာနိုင်ငံလို ဘက်ပေါင်းစုံ အဆက်ပြတ်နေသော နိုင်ငံမျိုးတွင် အဆိုပါရောဂါ စွဲကပ်နေသူတွေ အတော်များသည်။
.
သူတို့က လက်တွေ့ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ အပထား၊ စိတ်ကြိုက်နှုန်းစံတွေကို ကိုင်ဆွဲသည်။ (ဥပမာ – အရပ်သားစစ်စစ် အစိုးရ အဆိုပါနှုန်းစံအတွက် တိုက်ပွဲဝင်ဖို့ဆော်ဩသည်။ လက်တွေ့မဖြစ်နိုင်သေး၍ ‘ချို’ ထားရသည်များကို ‘သစ္စာပေါက်’ ဟု စွဲချက်တင်သည်။ ပရိသတ်ကလည်း လက်ခုပ်တဖြောင်းဖြောင်းတီး၍ အားပေးသည်။ လက်ခုပ်သံရသော်လည်း အဖြေတော့ ရမည်မထင်ပေ။
.
.
ကျော်ဝင်း
၁၆ ဇန်နဝါရီ ၂၀၁၈

Credit - Kyaw Win
No comments:
Post a Comment