ဆွေးနွေးပွဲ အလားအလာကောင်းပါက ထပ်မံရက်တိုးနိုင်ဟုဆို
ယနေ့ပြုလုပ်မည့် အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အဆင့်မြင့်အရာရှိ သုံးဦး အပါအ၀င် အစိုးရ၊တပ်မတော်ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်မည် ဖြစ် သည်။
တပ်မတော်ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့အပါအ၀င် အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့မှ တာဝန်ရှိသူများသည် ယမန်နေ့တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ကချင်အဖွဲ့(KIO/KIA)၊ တအာင်းအဖွဲ့(TNLA)၊ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့မှ ခေါင်းဆောင် ကိုယ်စားလှယ်များလည်း မိုင်းလားမြို့သို့ ရောက်ရှိပြီဖြစ်သည်။ မြောက်ပိုင်းလေးဖွဲ့ ကိုယ်စားလှယ်စာရင်းကို အသေးစိတ် မသိရသေးသော်လည်း ထိပ်ပိုင်းတာဝန်ရှိသူများ တက်ရောက်မည်ဟု နီးစပ်သူများက ဆိုသည်။
ဆွေးနွေးပွဲကို မူလက ၁၇ ရက် တစ်ရက်တည်း ကျင်းပရန် သတ်မှတ်ထားသော်လည်း ဆွေးနွေးမှု ရလဒ်အလားအလာ ကောင်းပါက ရက်ထပ်တိုးနိုင်မည့် အခြေအနေရှိကြောင်း ဆွေနွေးပွဲ ဖြစ်မြောက်ရေး ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင် ဂွန်ဂျာက ပြောသည်။
‘‘ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်။ ရက်သတ်မှတ်ထား တာက ၁၇ ရက် တစ်ရက်ပါပဲ။ ဒါပေမဲ့ ဆွေးနွေးမှုအပေါ်၊ ရလဒ်အပေါ် မှာ အဆင်ပြေလာရင်တော့ ထပ်တိုးသင့်လည်း ထပ်တိုးမယ်ဆိုတဲ့အကြောင်း NRPC က လူကြီးတွေက အဲဒီလို ပြောပါတယ်’’ ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။
မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ ကိုယ်စားလှယ်များသည် ကျိုင်းတုံမှ ကားဖြင့်သွားပါက နာရီအနည်းငယ်ကြာသည့် မိုင်းလား လက်နက်ကိုင်အဖွဲ့ နယ်မြေသို့ စက်တင်ဘာ ၁၅ ရက်ကတည်းက ရောက်ရှိနေသည်။ ၎င်းတို့သည် ဆွေးနွေးပွဲကျင်းပမည့် စက်တင်ဘာ ၁၇ ရက် နံနက်အစောတွင် မိုင်းလားမှ ကျိုင်းတုံသို့လာရောက်မည်ဖြစ်ရာ လမ်းကြောင်းလုံခြုံရေးကို တပ်မတော်က ဆောင်ရွက်ပေးမည် ဖြစ်သည်။ထို့အပြင် ဆွေးနွေးပွဲပြုလုပ်မည့် ကျိုင်းတုံမြို့၌လည်း လုံခြုံရေးတင်းကျပ်ထားသည်ကို ယမန်နေ့တွင် တွေ့ရသည်။
‘‘အဓိကတော့ Bilateralလက်မှတ်ထိုးနိုင်ဖို့ အတွက်ကတပ်ပိုင်းဆိုင်ရာ အရေးကြီးတယ် လေ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ် သက်ပြီး နေရာချထားရေးတို့၊ ဘာတို့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းစရာက အများကြီးရှိတယ်။ ဒါကြောင့်ဒီတစ်ခေါက် တပ်ပိုင်းက လူကြီးတွေလည်း၊ အကြီးအကဲတွေလည်း ပါလာပြီဆိုတော့ တပ်ပိုင်းဆိုင်ရာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်’’ ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
ကျိုင်းတုံဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများ မျှော်လင့်ထား ကြောင်း၊ ဖြစ်နိုင်ပါက ပဏာမသဘောတူညီချက်ကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့စလုံးနှင့် လက်မှတ်ရေးထိုးနိုင်သည့် အနေအထားရရှိရေး ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း အစိုးရကိုယ် စားလှယ် ဦးဇော်ဌေးက ပြောကြားထားသည်။
တစ်ဖက်တွင် စက်တင်ဘာ ၂၁ ရက်၌ သက်တမ်းကုန်မည့် တပ်မတော်၏ အပစ်ရပ်ကြေညာ မှု သက်တမ်းတိုး၊ မတိုး ကျိုင်းတုံဆွေးနွေးပွဲ ရလဒ်အပေါ်မူ တည်၍ ရလဒ်မကောင်းပါက စိုးရိမ်စရာ အလားအလာများစွာ ရှိ သည်ဟု ဦးဇော်ဌေးက ပြောကြားထားသည်။
အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင် လေးဖွဲ့သည် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက Bilateralအပစ်ရပ်စဲရေး နှစ်ဖက်သဘော တူညီချက် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းနေသည်။ လက်ရှိတွင် မြောက်ပိုင်းလေး ဖွဲ့အနက် TNLA၊AA၊ MNDAA အဖွဲ့တို့ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည်။
Credit - 7 Day Daily
No comments:
Post a Comment