Monday, September 16, 2019

မူဆယ်မှာ ပြည့်တန်ဆာအလုပ်ခေါ်စာကပ်တဲ့ကိစ္စ ဖမ်းဆီးစစ်ဆေးနေ




■ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည့်တန်ဆာ အလုပ်ခေါ်စာတွေ လမ်းဘေးဓာတ်တိုင်တွေမှာ ကပ်ထားတာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံသား လေးဦးကို မူဆယ်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး ထိထိရောက်ရောက် အရေးယူဖို့ ကြိုးစားနေတယ်လို့ မူဆယ်မြို့နယ် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ဦးကျော်ညွန့်က ပြောပါတယ်။
မနေ့က လူမှုကွန်ရက်စာမျက်နှာတွေမှာ အဲဒီလမ်းဘေးဓာတ်တိုင်မှာ အလုပ်ခေါ်စာတွေ ကပ်ထားတဲ့ပုံ ပျံ့နှံ့လာပြီးနောက် ရဲတပ်ဖွဲ့က အဲဒီအလုပ်ခေါ်စာတွေကို ဖယ်ရှားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မယ့် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား အရွယ် အမျိုးသမီး ၂၅ ဦးကို အလိုရှိကြောင်းနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ရေးသားဖော်ပြထားတဲ့ စာရွက်တွေကို မူဆယ်မြို့တွင်းက လမ်းဘေးဓာတ်တိုင်တွေမှာ ကပ်ထားခဲ့တာဆိုတဲ့ ယူဆချက်နဲ့ အဲဒီတရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတာလို့ မြို့ခံတွေက ပြောပါတယ်။
မူဆယ်မြို့ကနေတဆင့် တရုတ်ပြည်ထဲကို မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရတာတွေ အများစုဖြစ်နေပါတယ်။
လူကုန်ကူးခံရတဲ့အမှုတွေထဲမှာ အဓမ္မလက်ထပ်ထိမ်းမြားဖို့၊ ပြည့်တန်ဆာအဖြစ်ခိုင်းဖို့၊ အဓမ္မအလုပ်စေခိုင်းဖို့၊ အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့ စတာတွေ များပါတယ်။
Photo: Citizen Journalist
Credit - RFA


No comments:

Post a Comment