Monday, September 16, 2019

ကြီးမားသော လွဲချော်မှု

မုဒိမ်းကျင့်သည့်သရုပ်ကို လူအများရှေ့တွင် ပင်လုပ်ပြပြီး ကြည့်ရှုသူများက သဘောကျစွာဖြင့် တဟားဟား ရယ်မောနိုင်ခြင်းက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကြီးမားသောလွဲချော်မှုကို လှစ်ဟပြလိုက်သည်။
စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့လယ်ရှိ မျှော်စင်ကျွန်းတွင် မြမြအမညရရုပ်ရှင်ဇာတ်ကားအတွက် မုဒိမ်းဇာတ်ကောင်ကိုရွေး ချယ်ရာတွင် အများရှေ့မှာပင် ထူးထူးဆန်းဆန်း သရုပ်ဆောင်ခိုင်းပြီး ရွေးချယ်ခဲ့လေသည်။ မြမြဆိုသည်မှာ ပြီးခဲ့သည့် မြန်မာနှစ်ဆန်း တစ်ရက်က တောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက်တွင် နှစ်သစ်ကူး တရားနာစဉ် မိန်းကလေးတစ်ဦးကို ဝိညာဉ်ဝင်ပူးသည်ဆိုကာ ၎င်းသည် ဒဂုံရှိအထည်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီးသင်္ကြန်အကြိုနေ့ညက အမျိုးသားသုံးဦးကအုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သတ်၍မြေမြှုပ်ခံထားရသူဖြစ်ကြောင်းဆို၏။ ထို့ကြောင့် သူမ၏အလောင်းဖော်ပေးရန်၊ သတ်သွားသူသုံးဦးကိုဖမ်းဆီးပေးရန်နှင့် နေရပ်သို့ပြန်၍ မိဘတွေဆီပြန်လိုသော်လည်း အတားအဆီးများကြောင့်ပြန်မရဆိုကာ တရားဟောနေသောဆရာတော်နှင့်တရားနာပရိသတ်ကို အကူအညီတောင်းလေသည်။ တုန်တုန်ရင်ရင်ဖြင့်ဝိညာဉ်ပူးသည်ဆိုသော ရုပ်သံဖိုင်မှာ ထိုကာလလူစိတ်အဝင်စားဆုံးအကြောင်းအရာဖြစ်ခဲ့သည်။ ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရော၊ရဲများရော၊ စက်ရုံပါ မြမြရှာပုံတော်ဖွင့်ရာ ထိုအမည်၊ ထိုဖြစ်ရပ် မရှိပေ။
မြမြကိုမြှုပ်ထားသည်ဟုပြောသောစက်မှုဇုန်အတွင်း အလောင်းရှိလေမလား နေရာအနှံ့ရှာသော်လည်း မတွေ့၊ စက်ရုံတစ်ခုလုံး၏ ဝန်ထမ်းအမည်နှင့်နေရပ်များ တိုက်စစ်သော်လည်း အမည်တူသူ မရှိဘဲ နာမည်ဆင်တူသူသာရှိသည်။ နာမည်ဆင်သူနှင့် မြို့တူသူများမှာ လည်း စက်ရုံတွင် ပုံမှန်အလုပ်လုပ်နေကြောင်း ၀န်ထမ်း ၁,၃၀၀ ကျော် စာရင်းကို အသေးစိတ်စစ်ဆေးပြီးနောက် အဖြေထွက်သည်။ ထိုသို့ဖြင့် ဒေသ အာဏာပိုင်အဖွဲ့များ၊ စက်ရုံများအလုပ်ရှုပ်ခဲ့သော်လည်း ဘာမှ မထူးဘဲ မြမြဇာတ်လမ်းတစ်ခန်းရပ်ခဲ့သည်။
သို့သော် လူအများစိတ်ဝင်စားခဲ့သော ထိုဖြစ်ရပ်ကို ဒါရိုက်တာညိုမင်းလွင်က ရုပ်ရှင်ဇာတ်ကားအဖြစ်ဖန်တီးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တကယ်မရှိသော စက်ရုံအလုပ်သမမြမြအဖြစ် ယခုနောက်ပိုင်း အဖော်အချွတ်ပုံများဖြင့် ပုရိသများကို အာရုံကျစေသည့် သင်ဇာဝင့်ကျော်ကို သရုပ်ဆောင်ရန်ရွေးချယ်လိုက်သည်။ မုဒိမ်းသမားသုံးဦးအဖြစ် သရုပ်ဆောင်လိုသူများကို ကြော်ငြာ၍ ဖိတ်ခေါ်ပြီး လျှောက်ထားသူ ၁၀၀ ကျော်ထဲမှ မုဒိမ်းခန်းသရုပ်ဆောင်မည့်ပုံစံကို မျှော်စင်ကျွန်းပေါ်ရှိ စင်ပေါ်တွင် ပြိုင်ခိုင်း၍ ရွေးချယ်ခဲ့လေသည်။
ဖေ့စ်ဘွတ်ခ်က ပြဋ္ဌာန်းနေသောခေတ်တွင် လူအများအာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှုရအောင် လုပ်ငန်းမျိုးစုံက ပုံစံမျိုးစုံဖြင့် ကြိုးပမ်းလာကြ ခြင်းကိုတွေ့လာရသည်။ သို့သော် လူအများ စိတ်အာရုံဖမ်းစားနိုင်ရေးတစ်ခုတည်းအတွက် လူ့ကျင့်ဝတ်များကိုမဖျောက်ဖျက်ရန်မှာလည်း အရေးကြီးလှပါသည်။ ယခုနောက်ပိုင်း မုဒိမ်းမှုများ၊ အထူးသဖြင့် သက် ငယ်မုဒိမ်းများ များပြားလာ၍ ပြည်သူအများစု မိမိတို့ရင်သွေးငယ်များ အတွက် ပူပန်နေရချိန်တွင် မုဒိမ်းကျင့်သောပုံစံ မည်မျှပီပြင်အောင် လုပ် နိုင်သလဲဟု လူအများရှေ့ သရုပ်ဆောင်းခိုင်းကာ ဟာသပြကွက်ကဲ့သို့ သရုပ်ဆောင်သူနှင့် လာကြည့်သူများက သဘောကျကာ ရယ်မောနိုင် ခြင်းက မုဒိမ်းမှုများလျော့နည်းပပျောက်စေရန် ဆန္ဒပြင်းပြနေသည့် ပြည် သူများကို အစိုးရိမ်ကြီးစိုးရိမ်စေခဲ့သည်။ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် မြမြရုပ်ရှင်ထုတ်လုပ်ရေး ပြန်လည်ရှင်းလင်းတောင်းပန်ခဲ့သည်ကိုတွေ့ရသည်။
ရုပ်ရှင်အနုပညာမှာ ကြည့်ရှုသူပရိသတ်အပေါ်လွှမ်းမိုးနိုင်စွမ်းရှိသဖြင့် သဏ္ဌာန်လုပ်သရုပ်တူအောင် သရုပ်ဆောင်သည်ဆိုသော်လည်း ဖန်တီးသူများက ပရိသတ်အတွက် အဆိပ်အတောက်မပါရန် အထူးသတိပြုရန်လိုပါသည်။ အထူးသဖြင့် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုများနေသော ယနေ့ကာလတွင် မုဒိမ်းကျင့်သည့်ပုံစံကို လုပ်ပြခြင်းမှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသောပြစ်မှုကိုလူငယ်များယဉ်ပါးသွားစေနိုင်ပြီး မုဒိမ်းကျင့်ခြင်းမှာ မဆန်းဆိုသောသတင်းစကားအမှားရရှိသွား ပါက အလွန်အန္တရာယ်ကြီးမားလှပါသည်။ ထိုသို့သရုပ်ဆောင်ပြနေ သည်ကို ပေါ့ပေါ့ပါးပါးဟာသလုပ်ရယ်နိုင်သူများရှိနေခြင်းကြောင့် မုဒိမ်း မှုနှင့်သက်ငယ်မုဒိမ်းမှုများ လျော့ပါးရေးအတွက် ပညာပေးမှုများစွာပြု လုပ်ရန် လိုနေကြောင်းလည်း ထင်ရှားစေခဲ့ပါသည်။
Credit - 7 Day Daily

No comments:

Post a Comment