Sunday, August 18, 2019

စနိုက်ပါဖြင့်ပစ်ခတ်ခံရမှုကြောင့် လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ ဥက္ကဌ သေဆုံး၊ အဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ သိန်းနီဘက်သို့အထွက် ၁၂ မိုင်အကွာရှိ နမ့်တွန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ရာရပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရန်သွားရောက်သည့် လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ကားကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဖွဲ့ဥက္ကဌ ကိုထွန်းမြင့် သေဆုံးသွားပြီး အဖွဲ့ဝင် ၃ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ဥက္ကဌကတော့ ကျဆုံးသွားပါပြီ။ ထပ်ပြီးတော့ လူငယ် ၃ ယောက်ပါတယ်။ လူငယ် ၃ ယောက်ကလည်း ဒဏ်ရာအတော်ရထားပါတယ်”ဟု ယင်းအဖွဲ့မှ ကိုအောင်ကျော်ဦးက ယနေ့(သြဂုတ် ၁၇)မွန်းလွဲ ၁ နာရီဝန်းကျင်တွင် News Watchသို့ ပြောကြားသည်။

တိုက်ပွဲမှာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား ဖြစ်ပွားနေခြင်းဖြစ်သည်။ လူနာတင်ကား အပစ်ခတ်ခံရမှုမှာ ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်။

ဒဏ်ရာရသူများကို လားရှိုးပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားပြီး အနီးကပ်ပြုစုနေကြောင်း၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသည့် အရပ်သားများကို သွားရောက်ကယ်ဆယ်၍ မရသေးကြောင်းလည်း ကိုအောင်ကျော်ဦးက ပြောသည်။

“သူတို့(မြောက်ပိုင်း ၃ ဖွဲ့)က လက်နက်ကြီးက သုံးလုံးပစ်တာဗျ။ ကျွန်တော်တို့ကားကို။ ကားကို လှမ်းပစ်တယ်။ နောက်ပြီး စနိုက်ဘာနဲ့လည်း ပစ်တယ်ဗျာ။ ဥက္ကဌက စနိုက်ပါထိတယ်။ လက်နက်ကြီးကျတော့ ကားက လန်ထွက်သွားပြီး လမ်းဘေးကျသွားတယ်”ဟုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

မြောက်ပိုင်း ၃ ဖွဲ့သည် သြဂုတ် ၁၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သည်။

ပြင်ဦးလွင်၊ နောင်ချိုတိုက်ခိုက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သြဂုတ် ၁၇ ရက်နေ့တွင် ပြုလုပ်သည့် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မင်းထင်
Photo Credit - မိုင်းကောင်းဆိုင် (ရွှေဖီမြေသတင်းဂျာနယ်)

Credit - News Watch






No comments:

Post a Comment