အခန်းထဲကို ရောက်တော့ ထိုင်ခုံတွင် ထိုင်နေသော အရာရှိကြီးနှင့် သူ၏ နံဘေးမတ်တတ်ရပ်နေသူ နှစ်ဦးကို မြင်လိုက်ရသည်။ မတ်တတ်ရပ်နေသူနှစ်ဦးမှာ သူ့လက်အောက်ဝန်ထမ်းများ ဖြစ်ပုံရပြီး အရာရှိကြီးလက်မှတ်ထိုးရန် စာရွက်စာတမ်းဖိုင်များ လာပေးပုံရသည်။
အရာရှိကြီးက မျက်နှာထား တင်းတင်းဖြင့် ကျွန်တော်တို့ နှစ်ဦး ကို တစ်ချက်မော့ကြည့်သည်။ သူ့ စားပွဲခုံရှေ့တွင် ထိုင်ခုံနှစ်လုံးရှိ သော်လည်း ‘ထိုင်ကြပါ’ဟု တစ် ခွန်းမပြော၊ ‘ဘာကိစ္စရှိပါသလဲ’ ဟူ၍လည်း ဧည့်သည်ကို ခွန်း ထောက်စကားမဆို။ သူ့အခန်းထဲ ရောက်နေသော ကျွန်တော်တို့နှစ် ဦးမှာ သူနှင့် ဘာမှမဆိုင်သလိုမျိုး။ သူ့မျက်နှာပေးက ကျွန်တော်တို့ ရောက်နေခြင်းကိုလည်း ကြည်ပုံ မပေါ်။
ကျွန်တော်တို့က ကိုယ့် သဘောနဲ့ကိုယ် အရာရှိကြီး၏ အ ခန်းထဲ ဝင်ခဲ့တာတော့မဟုတ်။ သူ့ရုံးခန်းအပြင်ဘက်မှ စာရေးမ များကို လာရင်းကိစ္စအကျိုးအ ကြောင်းပြောပြတော့ စာရေးမ တစ်ဦးက ‘ဒုဌာနမှူးဆီ ဝင်စုံစမ်း ပါ’ဟုဆိုသဖြင့် ဝင်သွားခြင်းဖြစ် သည်။
တစ်မိနစ်ခန့်ကြာသည်အ ထိ အရာရှိကြီးက ခေါင်းပြန်မော့ မလာသဖြင့် ကျွန်တော်က လာ ရင်းအကြောင်းကို ပြောပြလိုက် သည်။ အရာရှိကြီးက အလုပ်အ ရမ်းရှုပ်နေသလို ခေါင်းတစ်ချက် မော့ပြီး လိုအပ်သလောက် ပြန် ဖြေကာ ခေါင်းပြန်ငုံ့သွားသည်။ ကျွန်တော်က သိလိုသမျှ မေးခွန်း သုံး၊ လေးခု ထပ်မေးတော့ မေး ခွန်းများသည်ကို သိပ်ကြိုက်ပုံ မပေါ်။ လိုအပ်တာထက် ပိုမဖြေ။ မိမိဌာနသို့ ရောက်ရှိလာသော ပြည်သူတစ်ဦး၏ သိလိုမှုကို နေ ရာထိုင်ခင်းပေး၍ အသေအချာ ဖြေကြားပေးခြင်း (သို့မဟုတ်) မိမိမအားပါက အခြားဝန်ထမ်းတစ် ဦးဦးအား လွှဲအပ်ဖြေကြားပေး ခြင်းမရှိမှုမှာ ထိုအရာရှိကြီးအ တွက် ဘာမှ မထူးဆန်းသည့်ပမာ။ ဧပြီ ၂၃ ရက်နေ့ ရန်ကုန်မြို့တော် စည်ပင်တွင် လူလိုသူလို အဆက် ဆံမခံရမှုဖြစ်သည်။ ယခင်အ တိုင်း စဉ်းစားမည်ဆိုပါက လက် ချည်းဗလာဖြင့် ရောက်လာခြင်း ကြောင့်လားမသိ။
ရန်ကုန်မြို့တော်စည်ပင်သို့ ရောက်သွားရသည့်အကြောင်းမှာ ဝန်ထမ်းဘဝက အဖေရရှိထား သော ဒဂုံတောင်မြေကွက် ဂရန် ပျောက်နေသဖြင့် ပြန်လျှောက်ရန် ဖြစ်သည်။ မြေကွက်ဟုဆိုသော် လည်း တကယ့်တကယ်က ရေ မရှိ၊ မီးမရှိ၊ လမ်းမရှိသော လယ် ကွက်မျှသာ။ မြေကွက်ရရှိထား သည်မှာ ၃၅ နှစ်ဝန်းကျင်ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် လယ် ကွက်အဆင့်မှ တက်မလာခြင်းအ ပေါ် အဖေက စိတ်ပျက်ကြောင်း ပြောသော်လည်း အိုစာမင်းစာ လေး ရမလားမျှော်လင့်ချက်ဖြင့် ဂရန်ပျောက်၍ ပြန်လျှောက်နေ သည်မှာ ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ယခင်က လာဘ်ပေးလျှင် ကိစ္စ ပြတ်မည်ဆိုတာသိလျက် လမ်းရိုး အတိုင်းသာ ဖြောင့်စင်းချင်သဖြင့် နောက်ဆုံးအဆင့်တွင် တစ်ခဲ့ရ။ ယခုအခါမှာတော့ အကြောင်း ကြောင်းသော အကြောင်းကြောင်း များကြောင့် ဂရန်ပျောက်လျှောက်ထားမှုကို ပိတ်ထားခြင်း။ ၂၀၁၇ ခုနှစ် ဇူလိုင်ကတည်းက ပိတ်ထား ခဲ့သည်မှာ ယနေ့တိုင် ပိတ်ထား ဆဲမို့ ဒီအစိုးရသက်တမ်းမှာကော ပြန်ဖွင့်ဦးမလားဟူ၍ သွားရောက် မေးမြန်းခြင်းဖြစ်သည်။ ဖြစ်နိုင် လျှင် ကျွန်တော်သည်လည်း ဌာန ဆိုင်ရာများသို့ အဝင်၊ အထွက် လုပ်ချင်သူမဟုတ်။ ဘာကြောင့် အဝင်၊ အထွက်မလုပ်ချင်ရတာ လဲဆိုတော့ သာမန်ပြည်သူများအ တွက် ဌာနဆိုင်ရာဆိုသည်မှာ မထင်လျှင် မထင်သလို အထက် ပါ ကျွန်တော်ကြုံတွေ့ခဲ့သလို လူ လိုသူလို အဆက်ဆံမခံရသော ကြောင့်ဖြစ်သည်။
သို့သော် ယခင်အစိုးရလက် ထက် ရန်ကုန်မြို့တော် စည်ပင် တွင် အပြောအဆိုခံ၊ ချာလပတ် ယမ်းခဲ့ဖူးသူ ကျွန်တော့်ညီက မြေ ကိစ္စနှင့် ပတ်သက်ပြီး အခြားဘာ ခိုင်းခိုင်း ဌာနဆိုင်ရာတော့ မသွား ခိုင်းနဲ့ဟု ခပ်ပြတ်ပြတ်တောင်းပန် ထားသဖြင့် ကိုယ်မှမသွားလျှင် မဖြစ်၍ သွားရခြင်းဖြစ်သည်။
ဌာနဆိုင်ရာ ဝင်ထွက်ရသည်မှာ အမှန်တကယ်မလွယ်။ ယခင့် ယခင်တုန်းကဆိုလျှင် ပိုလို့တောင်မလွယ်။ ဗြောင်လာဘ်စားသည်။ ဘယ်လောက်ပေးမလဲ တည့် တည့်မေးသည်။ တစ်ပြားမှမပေး နိုင်လျှင် လှမ်းယူ၍ရသော ဟို ဘက်စားပွဲမှ ဒီဘက်စားပွဲသို့ ကိုယ့်စာရွက်စာတမ်းရောက်ရှိဖို့ပင် တစ်ပတ်၊ ၁၀ ရက်မကကြာသည်။ ကိုယ်မှန်တယ်ဆိုပြီး ထိပ်တိုက် တော့သွားမတွေ့လိုက်လေနဲ့။ ဌာနဆိုင်ရာရောက် မိုးကျရွှေ ကိုယ်များက သူ့အဆက်နဲ့သူ ပြည်သူကို လည်မျိုညှစ် ထောင်တွင်း တောက်ထည့်လို့ ရသူများနှင့် ကျွမ်းဝင်ပြီးသားမို့ အမှန်တရား သည် ဒုက္ခရောက်ရန်သာ အလား အလာများပေလိမ့်မည်။ ဒါက အားလုံးသိပြီးသားမို့ ထားတော့။
မည်သို့ပင်ဆိုစေ ယခုအစိုးရ သစ်လက်ထက်တွင် ဌာနဆိုင်ရာ တို့၏ အဂတိလိုက်စားမှုမှာ ဗြောင်မကျတော့သလို ပြည်သူအပေါ် ဝန်ဆောင်မှုပေးရမည်ဆိုသည့် အသိမှာလည်း အင်းမလုပ်အဲ မလုပ်အဆင့်မှ မပြောချင်ဘဲ ပြောနေရသလိုအဆင့်သို့ ရောက်ရှိ လာပြီဟု ထင်၏။ စိတ်မပါသော် လည်း ပါးစပ်က လှုပ်ရကောင်း မှန်းသိလာသည်ဆိုတော့ မဆိုး သည့်သဘော။
ဌာနဆိုင်ရာတို့က အဂတိ လိုက်စားမှုတွင် ပြည်သူ့ဘဏ္ဍာ ဖြတ်စား၊ ခွာစားအပိုင်း၌ မည်သို့ မည်ပုံ ဆောင်ရွက်နေသေးပြီး ရာခိုင်နှုန်း မည်မျှကျဆင်းသွား သလဲမသိသော်လည်း ပြည်သူဆီ မှ အဂတိလိုက်စားမှုအပိုင်းတွင်မူ ဗြောင်မကျတော့တာက သေချာ သည်။ ဗြောင်ကျလျှင် တစ်ကွေ့ မဟုတ်တစ်ကွေ့ သူတို့ခံရမည်ကို သိကြပုံရသည်။
ထို့ကြောင့် ယခုနှစ် သင်္ကြန် ကျွန်တော် ဇာတိပြန်တော့ ဝန် ထမ်းလောကကြား ခေတ်စားနေ သော ဝေါဟာရတစ်ခုကို ကြား လိုက်ရသည်။ ကြွေသီးဟုဆို သည်။ ဘယ်လိုကြွေသီးတုံးဆို တော့ သူ့ဘာသာအလိုအလျောက် သစ်ပင်ပေါ်မှ ကြွေကျလာသော အသီးဟုသိရသည်။
နောက်ထပ် ထပ်သိလိုက်ရ တာက ကြွေသီးတွင် နှစ်မျိုးရှိ သည်တဲ့။ ပထမတစ်မျိုးမှာ မိမိ၏ ပယောဂ လုံးဝမပါဘဲ သူ့ဘာသာ ကြွေကျလာသော ကြွေသီးအမျိုး အစားဖြစ်သည်။ ဆိုလိုတာက မိမိတာဝန်ယူလုပ်ဆောင်ပေးရမည့် အပိုင်းကို မညည်းမညူ၊ မခို မကပ်၊ စိတ်ပါလက်ပါဖြင့် တာဝန်ကျေပေးပြီး ပြည်သူက သဒ္ဓါသ ဖြင့် သူ့သဘောနှင့်သူ ကြည်ဖြူ စွာပေးသောငွေကို ယူခြင်းဖြစ် သည်။
ဝန်ထမ်းများမှာ မိမိတာဝန် ကျရာကို ဝန်ဆောင်မှုပေးရန်နှင့် ယင်းသို့သော ဝန်ဆောင်မှုအ တွက် လစာပေးအပ်ပြီးဖြစ်၍ မည်သူကမျှ ၎င်း၏ ဝန်ဆောင်မှု ပေးခြင်းအတွက် အခကြေးငွေ ထပ်မံပေးရန် မလိုအပ်တော့ သော်လည်း နှစ်ပေါင်းများစွာ အဂတိနွံနစ်နေဆဲ တိုင်းပြည်၌ ယခုလို အပေါင်းလက္ခဏာဆောင် သောအရွေ့တွင် ဝန်ဆောင်မှု ကောင်းပေးကာ ကြည်ဖြူစွာပေး သော ငွေယူခြင်းမှာ လက်ခံလို့ရ သောအဆင့် ဖြစ်သည်။ တစ်ခု တော့ ရှိသည်။ ဝန်ဆောင်မှုအ တွက် ငွေပေးကိုပေးရမည်၊ မည် မျှတော့ ပေးသင့်သည်ဆိုတာမျိုး မဟုတ်ဘဲ ကြိုက်သလောက်ပေး လည်း ကြည်ဖြူ၊ မပေးလျှင် ပြဿနာမရှိဆိုသည့် ပုံစံမျိုးဖြစ် ရန်တော့လိုပေမည်။
ဒုတိယအမျိုးအစားကြွေသီး မှာမူ သစ်ပင်ပေါ်မှအသီးကို မကြွေကြွေအောင်လှုပ်ချ၊ လူလစ်လျှင် တုတ်ဖြင့် ထိုးချဖြင့် မိမိ ပယောဂမျိုးစုံပါသော ကြွေသီး ဖြစ်သည်။ ယင်းသို့သော ကြွေသီး စားသူတို့မှာ သူ၏ လုပ်ပိုင်ခွင့်အာ ဏာမှနေ၍ ပြည်သူကို စိတ်ညစ် ရလေအောင် မျိုးစုံရစ်ကြသူများ ဖြစ်သည်။ ပြောရလျှင် ငွေပေးမှ ဖြစ်မည်ဆိုသည့် အသိမျိုးဝင် အောင် မျက်နှာထားမာမာ၊ လေ သံမာမာတင်မက ဝန်ဆောင်မှုမှာ လည်း ချောမွေ့ခြင်းမရှိသော ယန္တရားဖြစ်သည်။ ယင်းမှာ ယခင် အစိုးရများလက်ထက်က ဝန်ထမ်းအချို့ပြုမူကြသော ပညာပါသည့် လုပ်ကွက်ဖြစ်သလို ယခုအခါတွင် လည်း ပို၍ပညာသားပါစွာဖြင့် ခြွေချနေသော ကြွေသီးဖြစ်သည်။
လူတကာရွံကြောက်ဖြစ်နေ သေးသော ရဲစခန်းနှင့် တရားရေး ဆိုင်ရာတို့မှာမူ ကျေးလက်နေ ပြည်သူတို့၏ ဥပဒေပိုင်းဆိုင်ရာ မသိနားမလည်မှုနှင့် အကြောက် တရားအပေါ် အခြေခံကာ ခြွေချ နေသော ကြွေသီးထက်ပင် ပိုဆိုး စွာ အဂတိလိုက်စားနေသေး ကြောင်း ကျွန်တော့် ဇာတိမြေမှ သိခဲ့ရသည်။ သို့သော် ထိုသူတို့မှာ သက်သေ အထောက်အထား မပေါ်ဘဲ လာဘ်စားကြခြင်းဖြစ် သည်။
ဥပမာ ပြီးခဲ့သည့် ၂ နှစ်ခန့် က ကျွန်တော့်ဇာတိမြေမှ ညီဝမ်း ကွဲတစ်ယောက် အမှုတစ်ခုဖြစ်ပြီး အချုပ်ထဲရောက်သည်။ တရားရုံး မှ အာမခံပေးပြီး နောက်တစ်ရက် တွင် မြို့နယ်ဥပဒေရုံးမှ စာရေးမ တစ်ဦးက သူ့ဆရာလွှတ်လိုက်၍ ဟုဆိုကာ ညီဝမ်းကွဲဆီ ရောက် လာပြီး ငွေရှစ်သိန်းတောင်းသည်။ ဈေးဆစ်ကြည့်တော့ နောက်ဆုံး ဈေးမှာ ငါးသိန်း။ ညီဝမ်းကွဲက ကျွန်တော့်သဘောထား လှမ်းမေး ကြည့်။
ကျွန်တော်က မပေးရန် (သို့မဟုတ်) ပေးပါကလည်း သက်သေ အထောက်အထားယူထား ရန် ပြောသဖြင့် စာရေးမ တစ်ပြား မှမယူဘဲ လစ်သွားတော့သည်။
ဒါက ကျွန်တော့်ကိုယ်တွေ့ ဟု ပြောနိုင်သော အဖြစ်အပျက်။ ငှားမိသည့်ရှေ့နေပင် အကြောင်း အချက်စုံလင်စွာ၊ ခြောက်လုံး မြှောက်လုံး စုံလင်စွာဖြင့် သိန်းရာ ချီပေးရသည့်အဖြစ်။ ကိုယ်တွေ့မဟုတ်ဘဲ တစ်ဆင့်ခံကြားရသည့် အဖြစ်များမှာမူ အမှုအခင်းဖြစ်ပြီဟေ့ဆို သူဌေးကြီးတစ်ယောက် ပိုက်ဆံကြဲဒါနပြုသလို ပေးရသည်မှာသောက်သောက်လဲ။
သို့သော် အထောက်အထား ပြစရာမရှိသဖြင့် တိုင်ရမှာ ခက် သည်။ တစ်မှုကမပြီးသေး နောက်ထပ်တစ်မှု ရောက်လာမှာ ကြောက်သဖြင့် မတိုင်ရဲသူများရှိ သည်။ ပြည်သူနှင့် လက်တစ် ကမ်းတွင် တိုင်စရာနေရာမရှိ သဖြင့် တကူးတကန့်ကြီး မတိုင် ချင်သူများလည်း ရှိသည်။ ပေး လိုက်ရသည့်ငွေက သိပ်အများကြီးမဟုတ်သဖြင့် မတိုင်သူများ လည်း ရှိသည်။ မယုံသဖြင့် မတိုင်ခြင်းလည်း ရှိသည်။ ထိုသို့အ ကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် မြို့နယ်အ ဆင့် ပြည်သူများထံမှ လာဘ်စားသူများမှာ ယနေ့ထိတိုင် မောက်မာနေသေးခြင်းဖြစ်သည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ နိုင်ငံရေးရည်ရွယ်ချက် မပါဘဲ အဂတိကို အဂတိအမြင်ဖြင့် သူ့လူကိုယ့်လူမခွဲဘဲ ပြတ် သားစွာ တိုက်ဖျက်နေသည်မှာ မှန်သော်လည်း နေပြည်တော်ပြင်ပ ရန်ကုန်မြို့တွင်သာ ရုံးခွဲဖွင့်နိုင်သည့်အဆင့်သာရှိသေးသည်။ ယင်းသို့သော အနေအထားတွင် အဂတိတိုက်ဖျက်ရေး ကော်မရှင် ၏ လက်တံတောရောမြို့ပါ လွှမ်း ခြုံနိုင်ရေးဆိုသည်မှာ ယခုအစိုးရ သက်တမ်းအတွင်း ပြီးမြောက်ရန် မလွယ်ပေ။
ဆိုတော့ အဂတိတိုက်ဖျက် ရေးကော်မရှင် လက်လှမ်းမမီ သေးသော နယ်မြို့များရှိ အဂတိ သမားများကို မည်သို့ရှင်းလင်းကြ မည်နည်း။ အဂတိတိုက်ဖျက်ရေး ကော်မရှင်အနေနှင့် တိုင်း၊ ပြည် နယ်အစိုးရအဖွဲ့၏ အကူအညီ ရယူရန်လိုပေမည်။ မိမိ၏ လက် တံကို တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ နှင့် ပေါင်းစပ်ခြင်းနည်းဖြင့် ဆန့် ထုတ်ရန် လိုပေမည်။ အဂတိ တိုက်ဖျက်ရေးကော်မရှင်၏ ဦးဆောင်မှုနှင့် တိုင်း၊ ပြည်နယ် အစိုးရတို့ ထည့်ဝင်ရမည့်အခြေအ နေကို အသေအချာပေါင်းစပ်နိုင် မည်ဆိုပါက အဂတိအသေးအဖွဲ လေးများ ပေါင်းစုကာ အုပ်ဆိုင်း နေမှုမှသည် တဖြည်းဖြည်းကြည် လင်လာမည်မှာ ဧကန်ပင်ဖြစ် သည်။။
No comments:
Post a Comment