Thursday, May 2, 2019

Blacklist စာရင်းသွင်းခံရသည့် ကုမ္ပဏီများမှ ပြန်လည် သုံးသပ်ပေးရန် စာဖြင့်တင်ပြလာပါက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြန်လည် သုံးသပ်ပေးမည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသခံကုမ္ပဏီ ၆ ခုအား အမည်ပျက်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ Blacklist စာရင်းသွင်းခံရသည့် ကုမ္ပဏီများမှ ပြန်လည်သုံးသပ်ပေးရန် စာဖြင့်တင်ပြလာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည် သုံးသပ်ပေးမည်ဖြစ်ကြောင်း စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းက ဧပြီ ၂၉ ရက်တွင်ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အဖြေကိုမစောင့်ဘဲ ရခိုင်ပြည်အစိုးရအဖွဲ့က မြောက်ဦးဒေသခံကုမ္ပဏီ ၆ ခုအား အမည်ပျက်စာရင်းသွင်းခြင်းနှင့် ပတ်သက်ပြီး ဥပဒေနည်းဥပဒေ များနှင့် ညီညွတ်မှုရှိ/မရှိအား မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ဦးထွန်းသာစိန်က ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြား ရာတွင် ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးဒေသခံကုမ္ပဏီ ၆ ခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်တိုင်ကြားသက်သေ ထွက်ဆိုခြင်းကြောင့် Blacklist သွင်းရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်သည် ဥပဒေနဲ့ညီ/မညီ သိလိုခြင်းကြောင့် မေးမြန်းခြင်းဖြစ်ကြောင်း ဦးထွန်းသာစိန်က ပြောသည်။
“စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းကို အဲဒီကုမ္ပဏီ ၆ ခုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ ကော်မရှင်ကလည်း စစ်တွေသို့လာရောက်ပြီး ဒါရိုက်တာအဖွဲ့ဝင် တွေကို ခေါ်ယူစိစစ်မှုတွေကိုလည်း ပြုလုပ်ပြီးပါပြီ။ အချိန်ကာလ ၅ လခန့်ကြာလာပေမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ထက်ထိ ဦးကျော်အေးသိန်းကို အရေးယူသင့်/မယူသင့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။ ဒီလိုကာလအတွင်းမှာ ကော်မရှင်၏အဖြေကိုမစောင့်ဘဲ အဲဒီကုမ္ပဏီ ၆ ခုကို အမည်ပျက်စာရင်းသွင်းတာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု ဦးထွန်းသာစိန်က မေးခွန်းမေးမြန်းရာ တွင်ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါကုမ္မဏီ ၆ ခုအား Blacklist စာရင်းသွင်းခဲ့ခြင်းမှာ မြန်မာနိုင်ငံ သားများဥပဒေ ၂၀၁၇ အရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော်စီမံကိန်းများ အချိန်မီပြီးစီးစေရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးတို့ အတွက် ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံခန့်ခွဲရေးနည်းလမ်း ဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမေးခွန်းနဲ့စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးကျော်အေးသိန်း (ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး)က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား အဂတိလိုက်စားမှုကော်မရှင်ထံသို့ မမှန်မကန် တိုင်ကြားသက်သေထွက်ဆိုသည့်အကြောင်းပြချက်ဖြင့် Blacklist အသွင်းခံရသည့် ကုမ္ပဏီများမှာ မြောက်ဦးမြို့နယ်မှ မြောက်ဦးရွှေနန်းမြေကုမ္ပဏီ၊ အဉ္ဇနအားမာန်ကုမ္ပဏီ၊ ဝတီရွှေမြေ ကုမ္ပဏီ၊ ဘဝသစ် အောင်နိုင်ဦးကုမ္ပဏီ၊ သီဟရာဇာထွန်းကုမ္ပဏီနှင့် ကျော်လွှားသဇင်ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
Credit - The Ladies News


No comments:

Post a Comment