ရခိုင်ပြည်နယ်(မြောက်ပိုင်း) အခြေအနေတိုးတက်မှုများရရှိလာရန် အစိုးရ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့အကြား တရားဝင်ပူးပေါင်းမှု သက်တမ်းတိုးလိုက်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေ ၂၈ ရက်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာအစိုးရနှင့် ကုလအဖွဲ့အစည်းများအကြား ရခိုင်အရေး တရားဝင် ပူးပေါင်းဆောင်ရွက်မှုမှာ လာမည့်ဇွန်လဆန်းတွင် သက်တမ်းကုန်မည်ဖြစ်၍ နားလည်မှုစာချွန်လွှာအား စာချုပ်ပါအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်နှင့် အတူ တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်ရန် မေ ၂၈ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာအား လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်ဇွန် ၆ ရက်က စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂ္လားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက်ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နေရပ်ပြန်သောအခြေအနေများဖြစ်ပေါ်လာစေရန်အတွက် အထောက်အကူပြုခြင်းနှင့်ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင်နေထိုင်သည့် လူမှုအသိုက်အဝန်းများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်၍ ခံနိုင်ရည်အားကောင်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖန်တီးပေးရာ၌ ကူညီပံ့ပိုးပေးခြင်းများအတွက်ရည်ရွယ်၍ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ် တည်ထောင်ရန်အတွက် လိုအပ်သည့်ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
အပြန်အလှန် သဘောတူညီချက်စာလွှာများတွင် စာချုပ်ပါအဖွဲ့ဝင်များအနေဖြင့် နားလည်မှုစာချွန်လွှာအား သဘောတူညီချက်ပါကာလအတွင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက်လည်း ထပ်လောင်းကတိပြုခဲ့ကြသည်။
နားလည်မှုစာချွန်လွှာ၏ အပိုဒ် ၁၁ အရ အရေးပေါ်ဦးစားပေးကိစ္စရပ်ဖြစ်သော မြန်မာနှင့် ဘင်္ဂ္လားဒေ့ရှ်အကြားရှိ နိုင်ငံတကာနယ်စပ်မျဉ်းနှင့် မြန်မာပိုင်နက်နယ်မြေရှိ နယ်စပ်ခြံစည်းရိုးတို့အကြားတရားမဝင် ဝင်ရောက်နေထိုင်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက်အမြန်ပြန်လာရေးနှင့် ゞင်းတို့၏ မူလနေရပ် (သို့မဟုတ်) ゞင်းတို့ရွေးချယ်သည့်နေရပ်နှင့် အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် UNDP နှင့် UNHCRတို့သည် မြန်မာအစိုးရအား အဆောတလျင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် သဘောတူထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြီးခဲ့သည့် ရက်ပိုင်းကသံတမန်များအား ရှင်းပြခဲ့သည်။
Credit - Myanmar Times
No comments:
Post a Comment