Wednesday, May 29, 2019

တရားမမှုများအားစေ့စပ်ဖြေရှင်းပေးမည့်စနစ် တရားရုံးလေးခုတွင် စမ်းသပ်


တရားမမှုကိုအမှုသည်နှစ်ဖက်အကြားစေ့စပ်ဖြေရှင်းရေးအရာရှိက ညှိနှိုင်းဖြေရှင်းပေးသည့်စနစ်သစ်ကို တရားရုံးလေးခုတွင် စတင်စမ်းသပ်နေပြီဖြစ်သည်။

“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”ဟုအမည်ပေးထားသည့်စနစ်သစ်ကိုနေပြည်တော်ရှိဒက္ခိဏခရိုင်တရားရုံး၊တပ်ကုန်းမြို့နယ်တရားရုံး၊တောင်ငူခရိုင်တရားရုံးနှင့်တောင်ငူမြို့ နယ်တရားရုံးတို့တွင် မတ်လမှစ၍ ရှေ့ပြေးအစီအစဉ်ဖြင့်စတင်နေပြီဖြစ်သည်။

စနစ်၏အလုပ်လုပ်ပုံမှာတရားရုံးရှိအခန်းတစ်ခုအတွင်းစေ့စပ်ဖြေရှင်းရေးအရာရှိကအမှုသည်နှစ်ဦးအကြား ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် နှစ်ဖက်ကျေနပ်လက်ခံလာစေမည့်သုံးပွင့်ဆိုင်နည်းလမ်းဖြစ်သည်။

စေ့စပ်ဖြေရှင်းမှုမအောင်မြင်ပါကလက်ရှိစနစ်ဖြစ်သည့်တရားမကျင့်ထုံးဥပဒေအရစစ်ဆေးကြားနာခြင်းကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။

အဆိုပါစနစ်ကိုအသုံးပြုရာ၌ အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ခြင်းမဟုတ်၍အမှုသည် များ၏အချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထားနိုင်ခြင်း၊ကုန်ကျစရိတ်သက်သာခြင်းနှင့်အချိန်တိုအတွင်းဖြေရှင်းနိုင်ခြင်းတို့ကြောင့်အမှုသည်များစိတ်ကျေနပ်မှုမြင့်မားစေမည်ဟုပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

ငွေကြေးလိမ်လည်မှု၊ကွာရှင်းမှုနှင့်အမွေဆက်ခံမှုစသည့်တရားမမှုများကိုအဆိုပါစနစ်ဖြင့်နိုင်ငံတကာတွင်ကျင့်သုံးအောင်မြင်လျက်ရှိသည်။ဂျပန်နိုင်ငံသည်အဆိုပါစနစ်ကိုလွန်ခဲ့သည့်အနှစ်တစ်ရာ ကျော်ကစတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”စနစ်စတင်နိုင်ရန်ဂျပန်-အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏တရားရေးရာနှင့်ဥပဒေရေးရာစီမံကိန်းကအကူအညီပေးနေသည်။

“မြန်မာနိုင်ငံနဲ့ဒီစနစ်ကကိုက်ညီမယ်လို့ယုံကြည်ပါတယ်။သုံးပွင့်ဆိုင်တွေ့ဆုံမှုဖြစ်လို့အဂတိမှုကင်းရှင်းဖို့အထောက်အကူပြုပါလိမ့်မယ်။”ဟု(JICA)၏ဥပဒေအကြံပေးပုဂ္ဂိုလ်Ms.Tomoko Nakashimaကပြောသည်။ゞင်းသည်ဂျပန်နိုင်ငံတွင်ပုဂ္ဂလိကရှေ့နေအဖြစ်အဆိုပါအမှုပေါင်းတစ်ရာကျော်ခန့်ကိုင်တွယ်ခဲ့သည့်အတွေ့အကြုံရှိသည်။

“မြန်မာနိုင်ငံမှာဒီစနစ်အောင်မြင်ဖို့အဓိကစိန်ခေါ်ချက်ကစေ့စပ်ဖြေရှင်းရေးအရာရှိတွေမွေးထုတ်နိုင်ဖို့ပါပဲ”ဟု ၄င်းကပြောသည်။

နိုင်ငံတကာတွင်စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ်ရှေ့နေများကိုအသုံးပြုလျက်ရှိသည်။မြန်မာနိုင်ငံတွင်လက်ရှိအချိန်၌စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ်တရားသူကြီးများကိုသာမကအနာဂတ်တွင်တရားရေး ဝန်ထမ်းများကိုပါ တာဝန်ပေးလာနိုင်ကြောင်း ၄င်းကပြောသည်။

“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”စနစ်သည်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းတွင်ထည့်သွင်းသတ်မှတ်ထားပြီးတရားရုံး၏မှုခင်းစီမံခန့်ခွဲမှုများပိုမိုထိရောက်ရန်နှင့်တရားရုံးအသုံးပြုသူများပိုမိုအဆင်ပြေစေရန်ရည်ရွယ်သည်။

Credit - Myanmar Times



No comments:

Post a Comment