အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ မူဆယ်မြို့၌ ဧပြီ ၃၀ ရက်တွင်တရားဝင် တွေ့ဆုံဆွေးနွေးမည်
အစိုးရ ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဧပြီ ၃၀ ရက်၌ တရားဝင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က အတည်ပြုပြောကြားသည်။
အစိုးရ၊ တပ်မတော်တို့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမည့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖြစ်သည်။
“အတည်ဖြစ်သွားပါပြီ။ NRPC ရော၊ တပ်မတော်ရော ပါဝင်ပါတယ်။ လောလောဆယ် ဦးစားပေးအနေနဲ့ကတော့ အပစ်ရပ်ရေးနဲ့ IDP ပြန်လည်နေရာချထားရေး ဒါပဲဖြစ်မယ်ထင်ပါတယ်။ပြီးမှ NCA ကိစ္စတွေကတော့ နောက်ဆက်လက်ဆွေးနွေးရမှာပေါ့” ဟု ဦးဆန်းအောင်က ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ စုပေါင်းဆွေးနွေးမည်ဖြစ်သော်လည်း လက်မှတ်ရေးထိုးရာတွင်မူ တစ်ဖွဲ့ချင်းစီလည်း ဖြစ်နိုင်သကဲ့သို့ စုပေါင်းလက်မှတ်ထိုးမှုလည်း ဖြစ်နိုင်ကြောင်း ဦးဆန်းအောင်က သုံးသပ်ပြောကြားသည်။
“အပစ်ရပ်ရေးမှာ Bilateral ပါလာမှာပေါ့။ တစ်ဖွဲ့ချင်းစီ ဖြစ်နိုင်ပါတယ်။ အနေအထားက မတူဘူးလေ။ ဆွေးနွေးတာကပေါင်းပြီး ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတာက တစ်ဖွဲ့ချင်းစီလည်း ဖြစ်နိုင်ပါတယ်။ ပေါင်းပြီးမှလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အနေအထား မတူတဲ့အခါကျတော့ တစ်ဖွဲ့ချင်းက ပိုဖြစ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ゞင်းက ပြောကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ်က ဧပြီလအတွင်း အစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်းမဟာ မိတ်တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ နှစ်ကြိမ်တွေ့ဆုံရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“ဧပြီလကုန်ပိုင်းရယ် ဧပြီလဆန်းရယ် နှစ်ကြိမ်တွေ့မယ်လို့ ဆုံးဖြတ်ထားကြတာ ရှိပါတယ်။ဒါပေမဲ့ ဧပြီလဆန်းမှာကျတော့ အစိုးရဘက်အခြမ်းက ဆွေးနွေးပွဲမှာ ပါဝင်မယ့် အရေးကြီးတဲ့ပုဂ္ဂိုလ် မအားမလပ်ဘဲ နိုင်ငံခြားခရီးစဉ်နဲ့ ခရီးလွန်နေတဲ့အခါကျတော့ အဲဒီ လဆန်းပိုင်းမှာ ရက်က မသတ်မှတ်နိုင်တော့ဘူး။ အခု နောက်ဆုံးကျမှာ ဖြစ်လာတာပေါ့။ အဆုံးဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေပါလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဆန်းအောင်က ပြောကြားသည်။
ပြည်တွင်းတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးရလဒ်များရရှိရန် မျှော်လင့်ထားကြောင်း ဦးဆန်းအောင်က ပြောကြားခဲ့သည်။
အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးမည့် အဆိုပါ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ လေးဖွဲ့အနက် AA အဖွဲ့သည့် တပ်မတော်နှင့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထွန်စွာ ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်က လေးလကြာ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ထုတ်ပြန်ပေးခဲ့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရခိုင်ပြည်နယ် မပါဝင်ခဲ့သည်မှ အစပြု၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလာခဲ့ကာ အဆိုပါ စစ်ရေးပဋိပက္ခသည် ယခုအခါ လေးလကျော်လွန်လာပြီဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက် အဖွဲ့က ဧပြီ ၂၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်သွေးများ စတေးခဲ့ရပြီး ကျေးရွာအတွင်း ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရခိုင်တိုင်းရင်းသားအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် အခြားသော လူမှုအသုံးအဆောင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာလူမှုအဖွဲ့ အစည်းများမိတ်ဖက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
မတ် ၁၅ ရက်မှ ယနေ့အချိန်အထိ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ် ကျေးရွာများရှိ အပြစ်မဲ့ဒေသခံများမှာ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စိုးရိမ်ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မြောက်ဦးမြို့နယ်သည် ရှေးဟောင်းမြို့တော်ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်မြို့တော်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုလက်ခံရန် ကြိုးပမ်းနေချိန်ဖြစ်ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ယခု မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နေသော ကာလဖြစ်ပြီး အဆိုပါ အချိန်တွင် ရခိုင်ဒေသ၌ ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများအား ကန့်ကွက်ရှုတ်ချကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ကြေညာခဲ့သည်။
စစ်ဘေးဒုက္ခသည်များ ရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ကြောက်ရွံ့ခြင်းကင်းကာ လုံခြုံစွာ နေထိုင်သွားလာနိုင်သော လူမှုဘဝကို အစိုးရက အမြန်ဆုံး ကူညီဖြေရှင်းပေးရန်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်နိမိတ်အတွင်း တိုက်ပွဲများ လုံးဝဖြစ်ပွားခြင်း မပြုရန်နှင့် ကျေးရွာများအနီးတွင် မိုင်းထောင်ခြင်းများနှင့် တိုက်ပွဲဖြစ်ပွားခြင်းများ မပြုကြရန် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ နှင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့သည်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြသည်။
Credit - Eleven
No comments:
Post a Comment