Sunday, December 9, 2018

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီး တရားစခန်းဝင်ခဲ့တဲ့ အတွေ့အကြုံတွေကိုပြောကြားလိုက်တဲ့ Twitter CEO


တွစ်တာ(Twitter) လူမှုကွန်ရက်တည်ထောင်သူလဲဖြစ် စီအီးအို လဲဖြစ်တဲ့ အမေရိကန်ဘီလျံနာသူဌေး ဂျက်(Jack Dorsey)ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံ ရန်ကုန် မန်းတလေး ပုဂံနဲ့ အခြားမြို့တွေကို မထင်မရှားသာမာန်တိုးရစ်ပုံစံမျိုးနဲ့လာရောက်လည်ပတ်ခဲ့ပါတယ်။
ဂျက်ဟာ အာရှတိုက်ကို အလုပ်သဘောခရီးထွက်လာခဲ့တာဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီ နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ မြန်မာနိုင်ငံကိုဝင်ရောက်လည်ပတ်ရာမှာတော့ အစိုးရပိုင်းတာဝန်ရှိသူများနဲ့တွေ့ဆုံကြောင်း မကြားသိရသေးပါ။
ဂျက်ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြချက်များအရ သူဟာ ပြင်ဦးလွင်မြို့ရှိ ဓမ္မမဟိမ ဝိပဿနာ တရားရိပ်သာမှာ သူ့ရဲ့မွေးနေ့ ၁၉ရက်နေ့ကနေစပြီး ၁၀ရက်တရားစခန်းဝင်ခဲ့တာဖြစ်ပါတယ်။
သူက “ဝိပဿနာဆိုတာ ကိုယ့်ကိုကိုသိအောင်လုပ်တဲ့ကျင့်စဉ်တစ်ခုပါ။ ကိုယ်တွင်းသဘာဝတွေကိုနားလည်အောင်လုပ်ပြီး အရာရာကိုနားလည်စေတဲ့ နည်းပါ။ ဒုက္ခတွေရဲ့ချုပ်ငြိမ်းရာနည်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀က ဗုဒ္ဓက သိပံ္ပနည်းကျပြန်လည်တွေ့ရှိခဲ့တာပါ” လို့ ဂျက်ကဆိုထားပါတယ်။ သူကဆက်ပြီးတော့ “ဝိပဿနာရဲ့ ရည်မှန်းချက်တစ်ခုက စိတ်ရဲ့အတွင်းဆုံးအပိုင်းကိုဟက်ပီး ပရိုဂရမ်ပြန်ချတာပါပဲ”လို့ရေးသားထားပါတယ်။
သူက ကြမ်းပြင်ပေါ်မှာ မလှုပ်မရှားတရားထိုင်ရပုံ။ နေ့စဉ် လမ်းလျောက်တရားမှတ်ရပုံတွေ ကို သူ့ရဲ့ဖော်လိုဝါတွေကို ရှင်းပြထားပါသေးတယ်။ ဂျက်ဟာ သီလရှင်ကျောင်းတစ်ခုမှာ ဆွမ်းကပ်အလှူပေးခဲ့ပြီး မန်းတလေးကဂူတစ်ခုအပြင် မြန်မာနိုင်ငံထဲက ဘုန်းကြီးကျောင်းတော်တော်များများမှာလည်း သူ့မိတ်ဆွေတွေနဲ့အတူ လှည့်ပတ်ပြီးတရားထိုင်ခဲ့ပါသေးတယ်။ ထူးခြားသည်မှာ သူတရားထိုင်စဉ်မှာ သူ့ရဲ့နှလုံးခုန်နှုန်းကို နည်းပညာအကူအညီနဲ့မှတ်တမ်းတင်ထားပီး ထူးခြားမှုရှိကြောင်းကိုလည်းဆက်လက်ပြောပြထားပါတယ်။
ဂျက်က “မြန်မာပြည်ဟာအရမ်းကိုလှတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ လူတွေကလည်းပြုံးပျော်နေပြီး အစားအသောက်ကလည်း အံ့သြဖွယ်ကောင်းပါတယ်။ အခုတရားထိုင်ခြင်းကနေ ကျွန်တော့်အတွက်ရော အလုပ်အတွက်ပါ အကျိုးများစွာရပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလိုပဲ လုပ်သွားမှာပါ။ ခင်ဗျားတို့ကိုလည်း တရားထိုင်ကြည့်ဖို့တိုက်တွန်းပါတယ်” လို့ရေးသားထားပါတယ်။
ဂျက်ဟာ Twitter ကိုတည်ထောင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်းကဖော်လိုဝါပေါင်း ၄သန်းကျော်ရှိသူ့ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း၆၈၀၀ ကျော်ရှိပါတယ်။ သူဟာ အမေရိကန်နဲ့ ကမ္ဘာ့နည်းပညာစီးပွားရေးလောကမှာ သြဇာကြီးမားသူတစ်ဦးဖြစ်ပြီး Blockchain Consensus 2018 ကို ဦးဆောင်ဟောပြောသူလည်းဖြစ်ပါတယ်။
သူတရားစခန်းဝင်ခဲ့တဲ့ရိပ်သာကတော့ ပြင်ဦးလွင်မြို့က ကွယ်လွန်သူ ဆရာကြီး ဝဏ္ဏကျော်ထင် S.N ဂိုအင်ကာ တည်ထောင်ခဲ့တဲ့ တရားရိပ်သာဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။


Credit. Myanmar blockchain club မှကူးယူဖော်ပြသည်

No comments:

Post a Comment