Sunday, December 9, 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒပြင်းပြစွာရှိပြီး ဇွဲလုံ့လဝီရိယဖြင့် လုပ်ဆောင်ရန်လည်း သန္နိဋ္ဌာန်ချမှတ်ထားကြောင်း သမ္မတဦးဝင်းမြင့် ပြောကြား



အဂတိလိုက်စားမှုတိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လဝီရိယဖြင့် လုပ်ဆောင်ရန်လည်း သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဒီဇင်ဘာ ၇ ရက်စွဲဖြင့် ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အဓိကကျသည့် ခလုတ်တံသင်းဖြစ်နေသည်ကို နားလည်သဘောပေါက်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးတို့ကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လဝီရိယဖြင့် လုပ်ဆောင်ရန်လည်း သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတို့ကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် ပြည်သူလူထုတရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် နိုင်ငံတော်အစိုးရအနေဖြင့် နှိုးဆော်ထားပြီးဖြစ်ကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel ၌ ကျင်းပသည်။

မင်းထင်

No comments:

Post a Comment