ကျန်းမာရေးမကောင်းသဖြင့် အောက်ဆီဂျင်ပေးထားရသော ကလေးငယ်နှင့် မိခင်တို့အား လေယာဉ် ပထမတန်းထိုင်ခုံနေရာတွင် ထိုင်ခွင့်ပေးခဲ့သော အမည်မသိခရီးသည်တစ်ဦးကို ကလေးမိခင်ဖြစ်သူက အထူးကျေးဇူးတင်ရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ ယင်းဖြစ်ရပ်သည် လူမှုကွန်ရက်တွင် များစွာပြန့်နှံ့သွားခဲ့သည်။
မစ္စကယ်လ်ဆီဇွစ် နှင့် နာတာရှည် အဆုပ်ရောဂါနှင့် အရိုးရောဂါတို့ကို ခံစားနေရသည့် ၁၁ လအရွယ် သမီးငယ် လူစီတို့သည် ကလေးငယ်အား ဆေးရုံသို့ ပြသရန်အတွက် အမေရိကန်လေကြောင်းပိုင် ခရီးစဉ်အမှတ် AA588 လေယာဉ်ဖြင့် အော်လန်ဒိုမြို့မှ ဖီလာဒဲလ်ဖီးယားမြို့သို့ စီးနင်းလိုက်ပါလာခဲ့ကြသည်။
လေယာဉ်လေထဲရောက်ပြီး မကြာမီတွင် လေယာဉ်အမှုထမ်းတစ်ဦး သူတို့ သားအမိဆီသို့ရောက်လာကာ ပထမတန်းထိုင်ခုံတစ်ခုံသို့ လာရောက်ထိုင်ရန် အကြောင်းကြားတော့သည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ ပထမတန်း ထိုင်ခုံအမှတ် 2D တွင် ထိုင်ခဲ့သူ အမျိုးသားတစ်ဦးက နေရာချင်းလဲထိုင်ရန် တောင်းဆိုသောကြောင့်ဖြစ်ကြောင်း လေယာဉ်အမှူထမ်းက ရှင်းပြသဖြင့် မစ္စကယ်လ်ဆီလည်း လက်ခံလိုက်ကာ ခရီးစဉ်တစ်လျောက်လုံး သားအမိနှစ်ဦး အထူးတန်းထိုင်ခုံဝယ် သက်တောင့်သက်သာ စီးနင်းလိုက်ပါခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ လေယာဉ် ပထမတန်း 2D ထိုင်ခုံနေရာမှ အမျိုသားအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မစ္စကယ်လ်ဆီက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သူတို့သားအမိနှစ်ဦး ထိုထိုင်ခုံတွင် စီးနင်းလိုက်ပါလာကြသည့် ဓာတ်ပုံတစ်ပုံနှင့်အတူ တွဲ၍ ပို့စ်တစ်ခုတင်ခဲ့ရာ မျှဝေသူပေါင်း ၄သိန်းနီးပါးခန့်ရှိခဲ့သည်။
“ကျွန်မမှာမျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ကျေးဇူးလဲ အထူးတင်ရှိပါတယ်။ အဆုပ်ရောဂါရောရော အရိုးဝေဒနာပါ ခံစားနေရတဲ့ ကျွန်မရဲ့ သမီးလေး ခရီးစဉ်တလျှောက်လုံး ပျော်ရွှင်နေတာကိုကြည့်ပြီး အရမ်းကို ပျော်ရွှင်မိပါတယ်” ဟုလည်း မစ္စကယ်လ်ဆီကပြောသည်။
မစ္စကယ်လ်ဆီသည် လေယာဉ်ပေါ်မှ ဆင်းသည်အထိ အဆိုပါ ခရီးသည် အမျိုးသားနှင့် မတွေ့ခဲ့ရသော်လည်း သူတင်ခဲ့သော ပို့စ်ကြောင့် နောက်ပိုင်းတွင် ဆက်သွယ်နိုင်ခဲ့သည်။ ထိုသို့ဆက်သွယ်မိရာတွင် “သူက ကျွန်မကိုတောင် ကျေးဇူးပြန်တင်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့ဟာ သူ့မွေးနေ့ဖြစ်တဲ့အတွက် တစ်သက်လုံး အမှတ်ရစရာ အဖြစ်အပျက်တစ်ခုကို ကျွန်မတို့သားအမိက မွေးနေ့လက်ဆောင်အဖြစ် သူ့ကို ပြန်ပေးခဲ့ကြလို့ပါတဲ့”ဟု အဆိုပါ အမျိုးသားက ပြန်လည်ပြောကြားကြောင်း မစ္စကယ်လ်ဆီက ယာဟူးသတင်းဌာနသို့ပြောသည်။
PN002
Ref: Generous stranger gives his first-class seat to mom flying to hospital with ailing baby
Ref: Generous stranger gives his first-class seat to mom flying to hospital with ailing baby
No comments:
Post a Comment