Thursday, December 27, 2018

စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် တပ်မတော်စစ်ကြောင်းအား SSA (ရွက်ဆစ်) အဖွဲ့မှ လာရောက် ပစ်ခတ်မှုကြောင့် စစ်သည်အချို့ ကျဆုံး

စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် တပ်မတော်စစ်ကြောင်းအား SSA (ရွက်ဆစ်) အဖွဲ့မှ လာရောက် ပစ်ခတ်မှုကြောင့် စစ်သည်အချို့ ကျဆုံးခဲ့ပြီး စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးထားခြင်းဖြစ်ပြီး ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားစဉ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားသော လမ်းကြောင်းအနီး အခြေပြုလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား SSA (ရွက်ဆစ်) အဖွဲ့မှ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ကားလမ်းမြောက်ဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
အဆိုပါ လာရောက်ပစ်ခတ်မှုကြောင့် မိမိတပ်မတော်မှ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့သဖြင့် မိုင်းပန်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်။
SSA (ရွက်ဆစ်) အဖွဲ့များအနေဖြင့် ၎င်းဒေသသို့ နယ်မြေကျော်လွန် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ပန်ပိကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ဟိုပုန်းကိုရင်လေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများမှ လှူဒါန်းသော ပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းအား ၎င်းအဖွဲ့က တားမြစ်၍ လမ်းကြောင်းပိတ်ဆို့ ဟန့်တားမှုများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ကူညီဆောင်ရွက်ပေးရန် သွားရောက်ရာ၌လည်း နှောင့်ယှက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ရက်စွဲပါ ထုတ်ပြန် ကြေညာချက်တွင်လည်း တပ်မတော်နှင့် PNLO/PNLA အဖွဲ့တို့ ပူးပေါင်း၍ ၎င်းတို့အား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆောင်ရွက်နေသည့် အသွင်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားသည်ကို တွေ့ရှိရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်ဆိုင်းထားရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်အတိုင်း သန္နိဌာန်စိတ်ဖြင့် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည် သွားမည်ဖြစ်ကြောင်းနှင့် SSA (ရွက်ဆစ်) အဖွဲ့က ယခုကဲ့သို့ဆောင်ရွက်လာခြင်းအား တရားဥပဒေဘောင်အတွင်းမှ ပြန်လည် တုန့်ပြန်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
credit- eleven

No comments:

Post a Comment