Thursday, December 27, 2018

တပ်မတော်က စစ်တိုင်းများ အားလုံးတွင် စစ်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းပါက မြောက်ပိုင်း မဟာမိတ်အဖွဲ့ကလည်း ရပ်ဆိုင်းမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအား တရုတ်နိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ ထုတ်ပြန်


တပ်မတော်က စစ်တိုင်းများ အားလုံးတွင် စစ်ရေးလှုပ်ရှားမူများ ရပ်ဆိုင်းပါက မြောက်ပိုင်း မဟာမိတ်အဖွဲ့က စစ်ရေးရပ်ဆိုင်းမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုအား တရုတ်နိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း မြောက်ပိုင်း မဟာ မိတ်အဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဒီဇင်ဘာ ၂၁ ရက် တွင် ထုတ်ပြန်သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြောက်ပိုင်းမဟာ မိတ်အဖွဲ့ KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ ULA/AA ထိပ်သီး ခေါင်းဆောင်များသည် ဒီဇင်ဘာ ၂၇ ရက် တွင် အစည်းအဝေးကျင်းပခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်သည် တွေ့ဆုံဆွေးနွေးရေးလမ်း စဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း ဖော်ပြထားသည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ ULA/AA လေးဖွဲ့ အတူတကွဆွေးနွေးမည်ဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် ဆွေးနွေးပွဲတိုင်းတွင် FPNCC အဖွဲ့ဝင်များဖြစ်သည့် KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ ULA/AA အဖွဲ့များမှ အသိသက်သေများပါ ဝင်တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာနိုင်ငံတော်သမ္မတမှ မြန်မာ့တပ်မတော်၏ စစ်တိုင်းများအားလုံးတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ အားလုံးကို တစ်ပြိုင်နက်တည်း ရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း၊ ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ် သော ULA/AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်တန့်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရနှင့် မြန်မာတပ်မတော်က အထက်ပါအချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါက မိမိတို့မြောက်ပိုင်းမဟာမိတ်အဖွဲ့မှလည်း စစ်ဆင်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment