Thursday, December 27, 2018

ဈေးကွက်ရှိ အမိန့်စာနှင့်မညီသော နို့စို့ကလေးနှင့် ကလေးငယ်ဖော်စပ်စာများကို အမြန်ဆုံး ပြန်လည်စိစစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ဆုံးထား၍ ပြောင်းလဲဖော်ပြရန် FDA အသိပေး


ဈေးကွက်အတွင်းရှိ အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့်မညီသော နို့စို့ကလေး နှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ တွေ့ရှိနေခြင်းကြောင့် ယင်းအစားအသောက်များကို အမြန်ဆုံးပြန်လည်စိစစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ဆုံးထား ၍ ပြောင်းလဲဖော်ပြရန် မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က အသိပေးနှိုးဆော်ထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထားသည် ဖြစ်စေ၊ မရရှိထားသည်ဖြစ်စေ အမိန့်နှင့်လျော်ညီစေရန် အမြန်ဆုံးပြန်လည်စိစစ်ပြုပြင်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ပြန်လည်တင်ပြအတည်ပြု ချက်ရယူကာ လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ဆုံးထား၍ ပြောင်းလဲဖော်ပြရန် အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် နို့စို့ကလေးအတွက် ဖော်စပ်စာ၊ ကလေးငယ်အတွက် ဖော်စပ်စာများနှင့် အသွင်သဏ္ဌာန်အားဖြင့် လည်းကောင်း၊ အသုံးပြုပုံ အားဖြင့်လည်းကောင်း ဆင်တူသော်လည်း နို့စို့ကလေးနှင့် ကလေးငယ်အတွက် ရည်ရွယ်ထားခြင်း မဟုတ်သည့် (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ရှိသူက နို့စို့ကလေးနှင့် ကလေးငယ်အတွက် မသင့်လျော်ဟု ဆုံးဖြတ်သည့် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ဖော်ပြရမည့် အချက်များ ဖော်ပြထားခြင်းရှိ မရှိ ပြန်လည် စိစစ်ပါရန်နှင့် ဖော်ပြမထားပါက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ဆုံးထား၍ ထည့်သွင်း ဖော်ပြပေးရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေ ပုဒ်မ ၃၁ အရ အရေးယူအပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူများအနေဖြင့်လည်း အမိန့် ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသည့် နို့စို့ ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် တွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သတင်းပေးတိုင်ကြားနိုင်ကြောင်း နှိုးဆော်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က အမိန့်ကြော်ငြာစာအမှတ် ၂၂/ ၂၀၁၄ 'နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်' ကို ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော် စပ်ထုတ်လုပ်ထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဖော်ပြချက်များ စစ်တမ်းကောက်ယူရာ၌ အမိန့် ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု မရှိသော စိစစ်တွေ့ရှိချက်များ တွေ့ရှိခဲ့ ကြောင်းသိရသည်။

ယင်းတွေ့ရှိချက်များမှာ နို့သီးခေါင်းပုံ၊ မိခင်နှင့် ကလေးပုံများ၊ နို့ဘူး၊ နို့သီးခေါင်း စသည့်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနေသည့်ပုံများ ထည့်သွင်းထားခြင်းနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက်များ ဖော်ပြထားခြင်း၊ အထူးသတိပြုရန် အချက်ဖော်ပြရန် ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ နောက်ခံဖော်ပြရမည့် အရောင်လွဲမှားခြင်း၊ အထူးသတိပြုရန်အချက် ဖော်ပြမထားခြင်း၊ အနီရောင်ဖြင့် ရေးသားထားသော်လည်း ပြည့်စုံစွာ ဖော်ပြထားမှုမရှိခြင်း၊ အပြာရောင် အောက်ခံတွင် အပြာရင့်ရောင်ဖြင့် ရေးသားထားခြင်း၊ အစိမ်းရောင်အောက်ခံတွင် အနီရောင်ဖြင့် ရေးသားထားခြင်း၊ အလွယ်တကူ ကွာမထွက်နိုင်သော အောက်ခံပေါ်တွင် ရေးသားထားမှု မရှိခြင်း၊ ထုတ်လုပ်သည့် လုပ်ငန်း အမည်၊ တင်ပို့သူ/ဖြန့်ဖြူးသူအမည်နှင့် လိပ် စာများ ဖော်ပြမထားခြင်း၊ ထုတ်လုပ်သည့် ရက်စွဲဖော်ပြမထားခြင်း၊ မြန်မာဘာသာဖြင့် ဖော်ပြမထားခြင်းနှင့် စွန့်ပစ်နည်း ဖော်ပြမထားခြင်း၊ ကျန်းမာရေးအားသာချက်များ၊ အကျိုးထူးစာသားများ၊ အာဟာရတန်ဖိုးများ (စာသား၊ ရုပ်ပုံ၊ ကာတွန်း) နှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက်များ ဖော်ပြထားခြင်း (သင့်ကလေးအတွက် အကောင်းဆုံး အစာဖြစ်သည်။ အကျိုးပြုအာဟာရဓာတ်များ ပါဝင်ခြင်းတို့ကြောင့် လေထိုး လေအောင့်ခြင်းတို့မှသက်သာပြီး ကလေးငယ်၏ နာကျင်စွာငိုကြွေးရသောအချိန်ကို သိသာစွာလျော့ကျစေပါသည်။ ကလေးငယ်အတွက် ကျန်းမာဖွံ့ဖြိုးမှုကို အထောက်အကူ ပြုသည့်အပြင် ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးမှု အတွက် DHA ထပ်မံပါဝင်ပါသည်။ ကလေး အာဟာရမှုန့်သည် အစာချေဖျက်မှု အထူး ကောင်းမွန်စေပြီး ရင်သွေးငယ်များအတွက် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ် ၁၆ မျိုး ပါဝင်ပါသည်) စသည့်ဖော်ပြချက်များ စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment