Thursday, December 27, 2018

တရုတ်သို့ သစ်သီးတင်ယာဉ် အဓိကဝင်ပေါက်ဖြစ်သည့် ကျင်စမ်းကျော့ဂိတ်ပေါက် ရုတ်တရက်ပိတ်လိုက်သဖြင့် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့လမ်းတွင် သစ်သီးတင်ယာဉ်စီးရေ ၁၀၀၀ ကျော် သောင်တင်နေ

၂၈ ဒီဇင်ဘာ ၂၀၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ ဝမ်တိန်သို့ သစ်သီးတင်ပို့သည့် ယာဉ်များသည် သစ်သီးတင်ယာဉ်များ အဓိကဝင်ပေါက်ဖြစ်သည့် ဝမ်တိန်သို့ဝင်သည့် ကျင်စမ်းကျော့ ဂိတ်ပေါက် ရုတ်တရက်ပိတ်လိုက်သဖြင့် သစ်သီးတင်ယာဉ်စီးရေ ထောင်ချီ ၁၀၅ မိုင်နှင့် ကျင်စန်းကျော့သို့ သွားရာလမ်းတစ်လျှောက်တွင် သောင်တင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝမ်တိန်သို့ ဝင်ပေါက်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ပေါက်အား ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းမှ ရုတ်တရက်ပိတ်လိုက်သဖြင့် သစ်သီးယာဉ်များ ကျင်စန်းကျော့ ဂိတ်သွားရာလမ်းတစ်လျှောက်နှင့် ၁၀၅ မိုင် ရှိ အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် သစ်သီးအရောင်းကွင်းတွင် သစ်သီးတင်ကားများ သစ်သီး ရောင်းချရမည့်အချိန်အား စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

“အခုက ဘာအခြေအနေကြောင့်မှန်းတော့ မသိဘူး။ မြန်မာပြည်ဘက်ကကျင်စမ်းကျော့ဂိတ်ကို ပိတ်လိုက်တယ်။ ဒီကျင်စန်းကျော့ကနေ ဝမ်တိန်ကို ထွက်ခွင့်မရတော့ဘူး။သစ်သီးကားတွေက ကျင်စန်းကျော့လမ်းဘက်မှာလည်းတန်းနေတယ်။ သစ်သီးရောင်းကွင်းမှာလည်း အပြည့်ပဲ။ ပိတ်မိနေပြီ။ လက်ရှိ သစ်သီးကားတွေကိုတော့ အဲဒီလမ်းပွင့်မှပဲ ရောင်းလို့ရတော့မယ်။ ဝင်စရာလမ်းမရှိဘူး။ ကျယ်ဂေါင်ဘက်ကဝင်လို့လည်း မရဘူး။ကြူ ကုတ်-ပန်ဆိုင်းဘက်ကလည်း တရုတ်က ဝင် ပေါက်မုခ်ဦးလုပ်နေတော့ ကားကြီးက ဝင်လို့ မရဘူး။ ဝင်စရာလမ်းက ဒီကျင်စန်းကျော့လမ်းပဲရှိတယ်။ ကျင်စန်းကျော့လမ်းက အခု ပိတ်ထားတယ်ဆိုတော့ ဘာမှ မကြံတတ်အောင်ဖြစ်နေပါပြီ။ လက်ရှိအခြေအနေအရ သစ်သီးကားတွေ လမ်းပေါ်ကနေ ကျင်စန်းကျော့ဂိတ်ပေါက်လောက်ထိ စီးရေ ၁၀၀၀ ဝန်းကျင်လောက်ကို သောင်တင်နေမယ်လို့ ခန့်မှန်းရတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဆိုသည်။

“ကျင်စန်းကျော့ဘက်မှာတော့ ကားaတွပိတ်တာ တစ်ပတ်လောက်တော့ရှိနေပြီ။နေ့တိုင်း ဒီမှာတော့ တစ်ရက်ကို အသီးရေ လေးငါးရာရောင်းတယ်။ မနှစ်ကဆိုလို့ရှိရင် ဒီကားတွေက နေ့ချင်းဝင်သွားတဲ့ကားတွေပါ။ အခုတော့ အကုန်မဝင်နိုင်တော့ပဲ တစ်ရက်ကို စီးရေ နှစ်ရာ သုံးရာလောက်ကျန်တာတွေကaန တဖြည်းဖြည်းချင်း စုစုပြီး မနေ့ကထိ ဒီဘက်မှာ စီးရေ ၆၀၀ လောက်ထိကျန်သွားတယ်။ ဒါပေမဲ့ မနေ့က ကျင်စမ်းကျော့ဘက်ကနေ ဝမ်တိန်ဝင်ပေါက်ကို ဒီဘက်က ပိတ်လိုက်တယ်။ ကျင်စမ်းကျော့ဘက်ကနေ ဝမ်တိန် ဝင်ပေါက်ဂိတ်ကို နဂိုကတည်းသူတို့ပိတ်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာ အလွတ်သဘောတွေ့တဲ့အချိန်ကျတော့ နှစ်နိုင်ငံကုန်သွယ်မှုရယ် နယ်စပ်အခြေအနေအရ ဒီဂိတ်က ပိတ်လို့အဆင်မပြေဘူးဆိုပြီးaတာ့ တပ်က မပိတ်ပဲနဲ့ထားထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုကျတော့ တခြား ဘာအကြောင်းတွေ ရှိလဲဆိုတာကတော့ ကျွန်တော်တို့လည်း မသိဘူး။ ကုန်ကားတွေအနေနဲ့ တရုတ်ထဲဝင်ဖို့ဆိုရင် မန်ဝိန်းပေါက်တစ်ပေါက်ပဲ ရှိတော့မယ်။ လူဝင်တာတော့ ဆင်ဖြူပေါက်နဲ့ နန်းတော်ပေါက်ရှိမယ်။ကျွန်တော်တို့ က တရုတ်ဘက်ကပစ္စည်းဝယ်ရင် သူတို့ဘက်ကိုသွားဝယ်ရတယ်။ ကျွန်တော်တို့ဘက်က ရောင်းရင်လည်း သူတို့ဘက်ကို အရောက်ပို့ ပေးရတယ်။ ရှားရှားပါးပါး သူတို့ဘက်က လာပြီးအရောင်းအဝယ်လုပ်တာ သစ်သီးဝလံတစ်ခုပဲ ရှိတယ်။ သရက်ဆိုရင် လာသယ်တယ်။ သွားပို့စရာ မလိုဘူး။ ဒီလိုပဲ ဖရဲ၊ သခွားကိုလည်း ဒီမှာပဲ အပြီးအစီးလာသယ်။ အဲဒါဆိုရင်တော့ တောင်သူ နစ်နာဆုံးရှုံးမှုတွေ ရှိမှာ မဟုတ်ဘူး။ အခုကျတော့ တောင်သူတွေ နစ်နာဆုံးရှုံးမှုတွေ အရမ်းကြီးတယ်။ဆိုလိုတာက အခုတော့ ဖရဲ၊ သခွားရောင်းတယ်။သွားပို့ရတယ်။ သူတို့ဘက်က စနစ်တစ်ခုခု ချိန်းလိုက်တိုင်း ချိန်းလိုက်တိုင်းမှာ အဲဒီ ရိုက် ခတ်မှုက အရမ်းကြီးတယ်။ တောင်သူကို တိုက်ရိုက်ထိခိုက်တယ်။ ကျွန်တော်တို့ ပစ္စည်းရောင်းတယ်။ ကျွန်တော်တို့နိုင်ငံမှာပဲ အပြီးအစီး ရောင်းမယ်။ သူတို့အစီအစဉ်နဲ့ လာသယ်နိုင်ဖို့အတွက် ဒီဘက်က အစိုးရက ညှိပြီး တော့ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနဲ့ အညီ ညီအောင် စီစဉ်ပြီးတော့ ခွင့်ပြုပေးနိုင်ရင် အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်” ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်၊ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီ လီမိတက်မှအမှုဆောင်အရာရှိချုပ်ဦး အောင်ကျော်မိုးက ဆိုသည်။

လက်ရှိအချိန်တွင် တရုတ်သို့တင်ပို့မည့် သစ်သီးတင်ယာဉ်အများအပြား မူဆယ် ၁၀၅ မိုင် သစ်သီးရောင်းကွင်းတွင် သစ်သီး အရောင်းအဝယ်ပြုလုပ်ရန်အတွက် စောင့်ဆိုင်းနေကြရဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဖရဲသီးကို ရွှေဘိုဘက်က နေတင်လာပါတယ်။ လမ်းမှာ နှစ်ရက်ကြာပါတယ်။ ဒီအရောင်းကွင်းထဲမှာ နေ့ချင်းရောက် နေ့ချင်းရောင်းရရင် ကုန်သည်ရောကားသမားတွေရော မနစ်နာဘူးပေါ့။ လမ်းမှာ ညအိပ်ရတာတွေများတော့ တရုတ်ပြည်ထဲအရောက် နှေးတယ်။ ဟိုထဲရောက်တော့လည်း တန်းမချိန်းဘူးဆိုရင် အသီးတွေပုပ်တယ်။ ဟိုထဲမှာ စွန့်ပစ်ရတယ်။ ဒါက တရုတ်ပြည်ထဲကို ဝင်ခွင့်နှေးနေတဲ့အတွက်ပေါ့။ မြန်မာအစိုးရအနေနဲ့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိ ပေးစေချင်တယ်။သစ်သီးတွေရဲ့အခြေအနေကတော့ လမ်းမှာကြာလေပုပ်လေပေါ့။ ဒီနေ့ဆိုရင် နှစ်ရက်ရှိပြီ။ မနက်ဖြန်ဆို အသီးတွေ ဘယ်ကားမှ မကောင်းနိုင်တော့ဘူး။အလုံး ၁၀၀၀ ပါရင် အလုံး ၅၀၀ လောက်ကတော့ လွှင့်ပစ်ရတော့မှာပဲ” ဟု သစ်သီးတင်ယာဉ် မောင်းတစ်ဦးက ပြောကြားသည်။

“ကျွန်တော်ကတော့ ဖရဲသီးကို မုံရွာက တင်လာပါတယ်။ ညဘက်ဆိုရင် သွားလာမှု မကောင်းတဲ့အတွက် လမ်းမှာ ကြန့်ကြာပါတယ်။ ဒီရောက်တော့ အရောင်းအဝယ်ပိတ်ထားတော့ အခက်အခဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာရက်ကြာတဲ့အတွက် ကားသမားရော ပိုင်ရှင်မှာရော အဆင်မပြေပါဘူး” ဟု သစ်သီးတင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမြင့်နိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ ဖရဲသီးဝယ်လက်များ မူဆယ် ၁၀၅မိုင် သစ်သီးဝလံဈေးကွက် အတွင်းသို့ လာရောက်ကြသော်လည်း ဈေးကွက်ပိတ်ထားခြင်းကြောင့် အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရသည်။
credit- eleven 
#YawMingyi #စီးပွားရေးကဏ္ဍ

No comments:

Post a Comment