တုံဂပူရိဟိုတယ်ရဲ့ ခန်းမဆောင်ကြီးထဲကို ကျွန်တော်တို့ စာရေးဆရာအဖွဲ့တွေ ကြိုတင်ပြီးတော့ နေရာယူကြ ရတယ်။
“စာရေးဆရာများနှင့် မိတ်ဆုံညစာစားပွဲ” တဲ့ခေါင်းစဉ်က ရိုးရိုးလေးတပ်ထားတယ်။
ည ၇ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ခန်းမထဲကို ခြေလှမ်းသွက်သွက်နဲ့ ဝင်လာတယ်။ အစ်မကြီးကို ကြည့်လိုက်ရတာ သွက်လက်ဖြတ်လတ် ပေါ့ပါးနေတော့တာပဲ။
သဇင်ပန်းတွေကို ခေါင်းမှာ ဝေနေအောင်ပန်ထားတဲ့ အစ်မကြီးရဲ့ မျက်နှာက ပြုံးနေလိုက်တာ။ စာရေးဆရာ တွေနဲ့ တွေ့ဆုံရတာကို သူအလွန်ပျော်နေပုံပေါ်တယ်။
“အစ်မကြီးတော့ အမိအရာ” နေရာကနေပြီး တကယ့်ကို မမောနိုင် မပန်းနိုင် တက်ကြွနေလိုက်တာ အရမ်း အတုယူဖို့ ကောင်းတယ်။
အခမ်းအနားမစမီကတည်းက အစ်မကြီးနဲ့ အတူ ဓာတ်ပုံတွေ စုရိုက်ကြတယ်။ ဓာတ်ပုံရိုက်ပြီးတော့ အစ်မကြီးကို လက်ဆွဲနှုတ်ဆက်ကြရတယ်။ တစ်ယောက်ချင်းပေါ့
ကျွန်တော့်အလှည့်ရောက်လာတယ် အစ်မကြီးက ပြုံးနေတာပဲ
“တင်ညွန့်ပါ အစ်မကြီး ဝမ်းသာလိုက်တာ”
ကျွန်တော် ဒီလောက်ပဲပြောနိုင်တယ်။ အစ်မကြီးက
“ဝမ်းသာပါတယ်” တဲ့
ဒီလောက်ပါပဲ
ဝန်ကြီး ဦးဖေမြင့်က အဖွင့်အမှာ စကားပြောတယ်။ အစ်မကြီးက စကားမပြောဘူးတဲ့။ မောနေပုံရတယ်
ဆရာဖေမြင့်က ဒီပွဲလုပ်ရခြင်းအကြောင်းကို ပြောတယ်။ ဘာမှ မဟုတ်ပါဘူး။ စာရေးဆရာတွေကို ဂုဏ်ပြုချီးမြှင့် ရမယ့်သူဖြစ်လို့ကို ခေါ်ပြီး ဂုဏ်ပြုတာတဲ့။ ခေတ်ပြောင်းလာပြီဆိုတဲ့ သဘောပေါ့။ ပညာရှင်တွေကို ပညာရှင်လို့ အသိ အမှတ်ပြုရမယ့်ခေတ်ကိုရောက်လာပြီလို့ ဆိုရမယ်။
အစ်မကြီးရဲ့ ချစ်စရာကောင်းတဲ့ လေးစားစရာ အပြုအမူလေးကို ပြောမယ်
ကျွန်တော်တို့ စာရေးဆရာတွေအတွက် စုစုပေါင်း ၆ ဝိုင်း စီစဉ်ထားတယ်။ ကျွန်တော်က နံပါတ် ၂ ဝိုင်းမှာကျ တယ်။ အစ်မကြီးက ထမင်းစားပြီးတော့ စာရေးဆရာတွေရဲ့ ဝိုင်းတိုင်းမှာ လိုက်ထိုင်ပြီးတော့ စကားပြောတယ်။ သေသေချာချာ စိတ်ပါလက်ပါပြောတာနော်။ အပေါ်ယံ မဟုတ်ဘူး
တစ်ဝိုင်း ၁၅ မိနစ်ပဲထား။ ၁ နာရီခွဲလောက်ကို အနားတမ်း အားလုံးနဲ့ လိုက်ပြောတာ
ဘာပြောသလဲ
ကျွန်တော်တို့ ဝိုင်းကိုရောက်လာပြီ
အစ်မကြီးက မေးခွန်းထုတ်တတ်တယ်
“ဆရာတို့ ဘာကြောင့် စာရေးသလဲ” တဲ့
ကဲ … အလွယ်ဆုံးမေးခွန်းကို ကောက်ထုတ်လိုက်တယ်။
အမျိုးမျိုးပြောကြတယ်။ အစ်မကြီးက ပြုံးပြီးတော့ နားထောင်နေတယ်။ တစ်ယောက် ပြောလိုက်တိုင်း အဲဒါက လွှမ်းမိုးချင်လို့ … အဲဒါက မျှဝေချင်လို့ တစ်ချက်ချင်း ထောက်ပြတယ်။
အစ်မကြီးကောက်ချက်ချတာကြည့်
ဆရာတို့ ကြိုက်တာပြောပေါ့နော်တဲ့ ကျွန်မမြင်တာကတော့ စာရေးတယ်ဆိုတာ ကိုယ်သိတာကို သူတစ်ပါး အပေါ်မှာ လွှမ်းမိုးချင်တာနဲ့၊ ကိုယ်သိချင်တာကို သူတစ်ပါးကို သိပါစေဆိုပြီး မျှဝေချင်တာ နှစ်ချက်ပဲရှိတယ်။
“ကဲ … အဲဒီနှစ်ချက်ထက် အခြားအချက်ရှိသေးလား” တဲ့
ဘယ်သူမှ ဘာမှ မပြောနိုင်ဘူး
အားလုံးတိတ်ပြီးတော့ နှုတ်ဆိတ်နေချိန်မှာမှ အစ်မကြီးက ကောက်ချက်တစ်ခုပဲ ဆွဲပြလိုက်တယ်
“အားလုံးကို မျှဝေပေးချင်တဲ့ စိတ်တွေနဲ့ စာတွေ ရေးနေကြတဲ့ ဆရာတို့မှာ (တာဝန်) ဘယ်လောက်ကြီးတယ် ဆိုတာ သဘောပေါက်ကြရဲ့လား” တဲ့
တစ်ချက်တည်း မလှုပ်နိုင်အောင် ပစ်သွင်းသွားတာနော်
အဲဒါ အစ်မကြီးရဲ့ ဗျူဟာပဲ။ အစ်မကြီးရဲ့ ပညာပဲ
စာရေးဆရာတွေ အားလုံးကို ယဉ်ယဉ်လေး စဉ်းစားစရာပေးသွားတာ။
အစ်မကြီးနဲ့ တစ်ဝိုင်းတည်းထိုင်ပြီး စကားပြောခွင့်ရလိုက်တာ ပညာအရမ်းရတယ်
အင်္ဂလိပ်စာ ဒီလောက်တတ်တယ်နော်။ စကားထဲမှာ အင်္ဂလိပ်လို တစ်ခွန်းမှ ညှပ်မပြောဘူး။ မဖြစ်မနေ ပြောရမယ့် အင်္ဂလိပ် စာလုံးလေးနှစ်လုံးကိုပဲ ရွတ်သွားတယ်။
နောက်ဆုံး ပြောသွားတာ ပိုပြီး စိတ်မကောင်းဖြစ်တယ်။
“ကျွန်မတို့က ဆင်းရဲတယ်လေ။ ဆင်းရဲတော့ မျက်နှာငယ်ရတာပေါ့။ ဆင်းဆင်းရဲရဲနဲ့ လှုပ်ရှားနေရတာပဲ။ အပင်ပန်းခံပြီး လုပ်ကြရတော့မှာပဲ။ အားလုံးကောင်းဖို့ပေါ့” တဲ့
နောက်ဆုံးတစ်ခွန်း
“ကျွန်မတို့က အားနည်းတော့ အိမ်နီးချင်းတွေကလည်း အနိုင်ကျင့်ချင် ကြတယ်။ အားကြီးသူက အားနည်း သူတွေ အနိုင်ကျင့်တာ သဘာဝပဲ။ ဒါပေမဲ့ ကျွန်မက အဲသည်လို အနိုင်ကျင့်တာ ဘယ်တော့မှ ငုံ့မခံဘူး”
ပြောသွားတဲ့ စကားလုံးတိုင်း စကားလုံးတိုင်း စဉ်စားစရာ တွေးစရာတွေအများကြီးပဲ
ဘာပြောပြော ကျွန်တော့်ဘဝမှာ လုံးဝမထင်ထားတဲ့ အစ်မကြီးနဲ့ တွေ့ဆုံခဲ့ရတဲ့ညကတော့ ကျွန်တော့်ကို အများကြီး တွေးဆစရာတွေ ပေးသွားတယ်။
အစ်မကြီးက ကျွန်တော့်ကို တွေးဆစရာ သုံးချက်ပေးသွားတယ်
၁။ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘာလဲ
၂။ အားလုံး ဝိုင်းဝန်းနိုင်မှ ဆင်းရဲတွင်းက လွတ်မယ် (အစ်မကြီး ထောက်ပြသွားတဲ့ ဆင်းရဲတွင်းဆိုတာ အများကြီးတွေးလို့ရတယ်)
၃။ အားကြီးသူတွေက အားနည်းသူတွေကို အမြဲ အနိုင်ကျင့်ချင်တယ်။ ကျွန်မ ဘယ်တော့မှာ ခေါင်းငုံ့မခံဘူး။ ရှင်တို့ရော
ကျွန်တော် ဒီည အိပ်နိုင်ပါ့မလားတောင် မသိဘူး
ခုပဲ စပြီ ရေးနေမိပြီ
တင်ညွန့်
၁၉.၁၂.၂၀၁၈
(ဓာတ်ပုံက ဆရာ ဦး Hla Moe ထံက ယူထားတာပါ။ ဆရာခွင့်ပြုပါ။ ကျွန်တော် ပွဲထဲမှာ ဓာတ်ပုံ တစ်ပုံမှ မရိုက်ခဲ့လို့ပါ)
Credit..Tin Nyunt
No comments:
Post a Comment