Wednesday, December 19, 2018

( ဒီဇင်ဘာ - ၂၀၊ ၂၀၁၈ ) ကမ္ဘာအားရိုက်ခတ်သွားသည့် ကုလသဂ္ဂနိုင်ငံတကာရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သဘောတူညီချက်၊ အမေရိကန်ငြင်းပယ်၍ ၁၅၂-နိုင်ငံ ထောက်ခံခြင်းဖြင့် အတည်ပြု။ ထောက်ခံ လက်မှတ်ထိုးမိ၍ ဘယ်လဂျီယန်အစိုးရ အယုံအကြည်မရှိအဆိုဖြင့် ပြုတ်ကျ။
=========

အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံအချို့က ပျက်ကွက်-ဆန့်ကျင်လျှက်ရှိသော်လည်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၆၄ နိုင်ငံတို့က လက်ခံကြကြောင်း Al Jazeera က ဒီဇင်ဘာ ၁၀-ရက်နေ့တွင်ရေးသားသည်။
သဘောတူညီချက်ကို လွန်ခဲ့သည့်နှစ် ဇူလိုင်လ၌ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံတို့က အမေရိကန်မှ လွဲ၍ ကနဦး လက်ခံခဲ့ကြခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် လုံခြုံ-စံနစ်ကျ- မူမှန်သော ရွှေ့ပြောင်းသွားလာမှု့ ( GCM ) ဖြစ်ထွန်းစေရေး ဦးတည်လျှက် မော်ရိုကိုနိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်က ထိုသို့ သဘောတူညီခြင်းဖြစ်သည်ဆို၏။ ယခုကဲ့သို့ သဘောတူညီခြင်းဖြင့် ဒေသတွင်း၊ နိုင်ငံနှင့် ကမ္ဘာအရပ်ရပ်ရှိ ဒုက္ခသယ်များနှင့် ရွှေ့ပြောင်းလာကြရာ၌ ကြုံတွေ့ရသည့် အန္တရာယ်-အခက်အခဲများလျှော့နည်းစေမည်ဖြစ်သည်။
ရွှေ့ပြောင်း သွားလာခြင်းဆိုသည်မှာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ စဉ်ဆက်မပြတ် ရွှေ့ပြောင်းသွားလာနေကြမည်ဖြစ်၍ ယခုကဲ့သို့ တရားဝင်ဖြစ်လာခြင်းမှာ ကောင်းမွန်သော လက္ခဏာဖြစ်သည်ဟု ဂျာမာန်ဝန်ကြီးချုပ် အင်ဂျီလာမာကယ်က ပြောဆိုသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကွန်ဖရင့် အဖွင့်မိန့်ခွန်းပြေကြားရာတွင် ပင်ပန်းခံအားထုတ်ခဲ့ကြမှု့၏ ရလာဒ်ဖြစ်ပြီး၊ ကျွန်ုပ်တို့ အမြဲကြုံတွေ့နေရသည့် မလုံခြုံ- အန္တရာယ်များ- ပုံမမှန်ဖြစ်ရခြင်းတို့မှ နိုင်ငံတ ကာ ပူးပေါင်းဆောင်ရွက်၍ ပေါ်လစီများချမှတ်ခြင်းဖြင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု ပြောကြားသည်။
လွန်ခဲ့သည့်နှစ်တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ရွှေ့ပြောင်းသွားလာသူ သန်းပေါင်း ၂၅၈ သန်းရှိခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ထိုအရေအတွက်သည် စီးပွားရေးမညီမျှမှု့၊ ရာသီဥတုပြောင်းလဲခြင်း၊ အကြမ်းဖက်မှု့၊ ပဋိပက္ခများဖြစ်ပွားနေသော ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၃.၄ ရာခိုင် နှုန်းရှိပြီး နှစ်စဉ် ကမ္ဘာ့လူဦးရေတိုးနှုန်းထက် ပိုမိုများပြားသည်။
နိုင်ငံအချင်းချင်းကြား ရွှေ့ပြောင်းသွားလာသူ ၈၀ ရာခိုင်နှုန်း ဘေးကင်းလုံခြုံစွာရှိကြသော်လည်း၊ ရွှေ့ပြောင်းသွားလာစဉ် အသက်ဆုံးရှုံးကြသူဦးရေမှာ ၂၀၀၀-ခုနှစ်မှ ယခုထိ လူပေါင်း ၆၀,၀၀၀ ရှိနေသည်။ ၂၀၁၈-ခုနှစ် ၁-နှစ်တည်းမှာပင် ရွှေ့ပြောင်းသွားလာသူ ၃,၃၀၀ - ဦးတို့မှာ ရည်မှန်းချက်မရောက်မီ လမ်းခုလတ်တွင် သေဆုံး-ပျောက်ဆုံးခဲ့သည်။ ရွှေ့ပြောင်းသွားလာသူတို့သည် ၄င်းတို့ဖြတ်သန်းရာ၊ သို့မဟုတ် ဦးတည်ရာနိုင်ငံတို့တွင် လူမျိုးကြီးဝါဒ၊ လူမျိုးခွဲခြားဆက်ဆံခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့နှင့် ရင်ဆိုင်နေရလျှက်ရှိသည်။
လတ်တစ်လောတွင် အမေရိကန်မှ ဥရောပအထိနှင့် အခြားသော လက်ယာယိမ်းနိုင်ငံခေါင်ဆောင်တို့သည် ရွှေ့ပြောင်းသွားလာခြင်းအပေါ် ပြင်းထန်စွာ တင်းကြပ်လိုမှု့ တိုးပွားလျှက်ရှိသည်။
အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနှင့် နယ်စပ်တစ်လျှောက် တံတိုင်းကာရံခြင်းနှင့် ဗဟိုအမေရိကနိုင်ငံများမှ ရွှေ့ပြောင်းသွားလာသူများလိုက်ပါလာသည့် ယာဉ်တန်းအပေါ်ဒေါသတစ်ကြီး ရှ့မြင်လျှက်ရှိသည်။ အလားတူပင် အီတလီနိုင်ငံ၏ အများကြိုက် ညွန့်ပေါင်းအစိုးရသည် ပင်လယ်ပြင်ကိုဖြတ်သန်းလာသူ ဒုက္ခသယ်များ၊ ကယ်ဆယ်ခံ လှေစီးပြေးများအား ငြင်းပယ် ပိတ်ဆို့လျှက်ရှိသည်။
ယခုသဘောတူညီချက်တွင် နိုင်ငံအချို့ ပူးပေါင်းပါဝင်မှု့ မရှိသော်လည်း အကျိုးတူပေါင်းခြင်းဖြင့် မိမိတို့ လူ့အဖွဲ့အစည်း၏အကျိုးစီးပွားနှင့် လုံခြုံ-စံနစ်ကျ- မူမှန်သော ရွှေ့ပြောင်းသွားလာမှု့ ( GCM ) ၏တန်ဖိုးကို မကြာမီနားလည်လက်ခံလာကြမည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မျှော်လင့်သည်။
ဤတွင် ကုလသမဂ္ဂသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခြင်းနှင့် အခွင့်အရေးရပိုင်ခွင့်ကို ချဲ့ထွင်ကာ နိုင်ငံတကာအထိ အစဆွဲထုတ်နေသည်ဟု အမေရိကန်သမ္မတက စွပ်စွဲချေပသည်။
ယခုသဘောတူညီချက်အား ဂျာမနီကဲ့သို့ နိုင်ငံမျိုးက လိုလားကြောင်း ပြသသည်။ နိုင်ငံအချို့ပါဝင်ခြင်း မရှိသော်လည်း စီးပွားရေးအင်အားကြီးနိုင်ငံများ ပါဝင်သည်လည်းရှိနေသည်ဟု နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီ ဖောင်ဒေးရှင်း ( IFRC ) က သုံးသပ်သည်။ လုံခြုံ-စံနစ်ကျ- မူမှန်သော ရွှေ့ပြောင်းသွားလာမှု့ ( GCM ) ဆိုသည်မှာလည်း လူတစ်ဦးတစ်ယောက်၏ လူ့အခွင့်အရေးကို တန်ဖိုးထားခြင်းသာဖြစ်ပြီး နိုင်ငံတို့၏ ပြည်တွင်းရေး၊ တည်ဆဲတရားဥပဒေ၊ အမျိုးသားပေါ်လစီတို့ကို ထိပါးခြင်းမရှိဟု( IFRC ) က ပြောဆိုသည်။
ယခုသဘောတူညီချက်ကို ဒီဇင်ဘာ ၁၉- ရက် အမေရိကန် နယူယောက်မြို့ ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။
သို့သော် ယခုနောက်ဆုံးသတင်းများအရ ဒီဇင်ဘာ ၁၉-ရက်၊ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထောက်ခံ ၁၅၂-နိုင်ငံ၊ ကြားနေ ၁၂-မဲ၊ မဲမပေး ၂၄-နိုင်ငံတို့ဖြင့် အတည်ပြုခဲ့ကြောင်းတွေ့ရသည်။
အမေရိကန်၊ အစ္စရေး၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်တို့က ကန့်ကွက် မဲပေးသည်။
ဇူလိုင်လ ရွှေ့ပြောင်းသွားလာသူများအရေး ဆွေးနွေးကြစဉ် ရွှေ့ပြောင်းသွားလာသူများကိုအကာအကွယ်ပေးရန်၊ ဘ၀အဆင့်မြှင့်တင်ပေးရန်နှင့်၊ မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးတို့ပါဝင်ပြီး လက်ယာယိမ်း အမျိုးသားရေးဝါဒီ တို့လွှမ်းမိုးသော ဥရောပနိုင်ငံရေးသမားတို့ကမူ ၄င်းတို့နိုင်ငံအတွင်း အာရပ်နှင့် အာဖရိကမြောက်ပိုင်းနိုင်ငံသားများ ၀င်ရောက်အခြေချခြင်းကို ခွင့်ပြု- တိုးပွားရာရောက်စေလိမ့်မည်ဟု အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်။
ဘယ်လဂျီယန်နိုင်ငံသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ၄င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်အတွက် ပါလီမန်တွင် ၀န်ကြီးချုပ် ချာလီမိုက်ကယ်အစိုးရအပေါ်အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ရသည်။
((( ယခု ဤစာကိုရေးနေစဉ် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သဘောတူညီချက်ကို ဆုံးဖြတ်သည်မှာ ၂၄ နာရီကျော်မျှသာရှိပါသေးသည်။ နောက်ဆုံးသတင်းတွင် မြန်မာနိုင်ငံသည် အချက်အလက် မသိရ စာရင်းတွင် တွေ့ရပြီး၊ ကန့်ကွက်- လက်ခံကို အတိအကျမသိရှိရသေးပါ။ ။ သတင်းဘာသာပြန်သူ )))
credit- Htay Oung

No comments:

Post a Comment