NLD အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးဝါးအမှုများနှင့် ပတ်သက်၍ ၃၃၃၉ ဦးအားအရေးယူခဲ့ပြီး လူကုန်ကူး တရားခံပေါင်း ၁၄၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းများကို ရေးဆွဲပြီး ဘိန်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းနှင့် သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ゞင်းကဆက်လက် ပြောကြားသည်။
“သုံးနှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ ရောင်းဝယ်ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီမံချက် ၁၁ ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ရာမှာ အမှုပေါင်း ၂၃၈၃ မှုနဲ့ တရားခံစုစုပေါင်း ၃၃၃၉ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ ပြည်တွင်း၊ ပြည်ပလူကုန်ကူးခံရမှုတွေကို ထိရောက်စွာ ကာကွယ်တားဆီးခဲ့ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူမှု ၅၁၀ ရှိပြီး တရားခံပေါင်း ၁၄၅၈ ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူပေါင်း ၈၈၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ဦးခိုင်ထွန်းဦးက ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူကုန်ကူးမှုများမှာ အလုပ်အကိုင်ကြောင့် အများဆုံးဖြစ်ပွားပြီး တရုတ်မယားအဖြစ် ရောင်းစားခံရခြင်းများမှာလည်း အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
အစိုးရ၏ သုံးနှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် လေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန စသည့်တပ်ဖွဲ့ဦးစီးဌာနဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောကြားသည်။
No comments:
Post a Comment